စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းကျင်းပသည့် ဆန်စပါး၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းများတည်ငြိမ်မှန်ကန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို (၁၁-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်များအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဆန်ကုန်စည်ဒိုင်များအသင်း၊ ဆန်ပွဲရုံလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် စီးပွားရေးရာဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးဆိုင်ရာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အလတ်စား၊ အငယ်စားများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးဝယ်ယူမှုချေးငွေများရရှိရေး၊ ဆန်စက်များအဆင့်မြှင့်တင်နိုင်ရေးနှင့် ချေးငွေရရှိရေးတို့ပါ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည့်အပြင် ယခုကဲ့သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မန္တလေးတိုင်းဒေသကြီး၏ ဆန်စပါးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆန်လောကသားများနှင့်အတူ ဆွေးနွေးပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် များစွာကြိုဆိုပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆန်စပါးညီလာခံ (၂၀၂၂) တွင် ဖော်ထုတ်ခဲ့သောအချက်များအရ ဆန်အိတ်ရေ (၁၀၀၀)အိတ်၊ ဆန်တန်ချိန် (၅၀) တန်အထက် သိုလှောင်ထားသောသိုလှောင်ရုံများ မဖြစ်မနေမှတ်ပုံတင်ရန်နှင့် ဆန်စပါးဥပဒေလည်း မကြာခင်ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ပြည်တွင်းတွင် ထုတ်လုပ်မှုများရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုများမှ လူသုံးကုန်များနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုများဖို့အတွက် အဓိကဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တောင်သူကြီးများအနေဖြင့် အထွက်နှုန်းမြင့်မားသောမျိုးစိတ် (high yield variety) နှင့် (high brid variety) (၂) မျိုးကို အဓိကကိုင်တွယ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်မှုမှတ်ပုံတင်ရာ၌ လုပ်ဆောင်ရမည့်အဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဦးသောင်းထိုက်စိုးက နိုင်ငံတကာဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းအခြေအနေများကိုဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းနောက် လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်ယမင်းနိုင်က သိုလှောင်ရုံနှင့်ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်အကြောင်းများကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ ဆန်စပါးလုပ်ငန်းရှင်များမှ ဆန်စပါးကြိတ်ခွဲ၊ ထုတ်လုပ်သယ်ယူပို့ဆောင်ရသည့် လုပ်ငန်းစဉ်တလျှောက် ကြုံတွေ့ရသည့်အခက်ခဲများကိုမေးမြန်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)