Main menu

တိုးချဲ့စိုက်ပျိုးသင့်သည့် ဆီထွက်သီးနှံ

Powered by Drupal

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းထွန်းကားရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထွက်ရှိသော စိုက်ပျိုးသီးနှံများသည် ပြည်တွင်းစားသုံးရန် သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်လုပ်နိုင်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေများ နှစ်စဉ်ရယူပေးနေသော လုပ်ငန်းတစ်ရပ်ဖြစ်ပေရာ နိုင်ငံ၏ ၆‌၀ရာခိုင်နှုန်းသောGDPသည် လယ်ယာစိုက်ပျိုးရေး အပေါ်မှီတည်နေသကဲ့သို့ ၆၅ ရာခိုင်နှုန်းသော လုပ်သားအင်အားမှာ လည်းလယ်ယာစိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်း ဆန်စပါးကို စိုက်ပျိုးဧက အများဆုံးစိုက်ပျိုးကြသော်လည်း ပဲအမျိုးမျိုး၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဂျုံ၊ ပြောင်း၊ ဝါ၊ ကြံ၊ ငှက်ပျော နှင့်ဆီထွက်သီးနှံများဖြစ်ကြသော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ်၊ ဆီအုန်း စသည်တို့ကို စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရေးကဏ္ဍဖြင့် ပို့ကုန်ဝင်ငွေများ ရှာဖွေနိုင်‌သော်လည်း အခြားသော လူသုံးကုန် ပစ္စည်းများအတွက် ပြည်ပမှတင်သွင်းရသည်များလည်းရှိရာ နေ့စဉ်ချက်ပြုတ်စားသောက် ရန် အသုံးပြုသောစားသုံးဆီသည်လည်း ပြည်ပမှတင်သွင်း၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနေရပေသည်။
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာကို “မြန်မာ့ဆီအိုးကြီး”ဟု တင်စားခေါ်ဝေါ်ကြသော မကွေးတိုင်းဒေသကြီးတွင် အများဆုံးနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိသည်။ ရှမ်းပြည်နယ်တွင်လည်း မြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုတ်၊ ပန်းနှမ်း စသည့်တို့ကို တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်ပြီး ဆီအုန်းကိုမူ တနင်္သာရီတိုင်းတွင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုအတွက် အဓိကဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
သို့သော် ဆီထွက်သီးနှံများသည် အခြားသောလယ်ယာထွက်ကုန်သီးနှံများထက် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်မှုနည်းခြင်းနှင့် ထွက်နှုန်းကောင်းသည့် မျိုးစေ့မထုတ်နိုင်၍ အထွက်နှုန်းလျော့နည်းသဖြင့် တောင်သူများဝင်ငွေနည်းခြင်း၊ ပိုးမွှားနှိမ်နင်းမှု၊ ရိတ်သိမ်းချိန် လွန်ဆိုင်ရာနည်းပညာနည်းပါးခြင်း၊ ထွက်ရှိသောသီးနှံ၏အရည်အသွေး၊ အလေအလွင့် မရှိ စေရန် ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာများ အားနည်းခြင်းတို့ကြောင့် ဆီထွက်သီးနှံ အစား အခြားသောကောက်ပဲသီးနှံများကို အစားထိုးစိုက်ပျိုးခြင်း၊ လူဦးရေတိုးပွားလာခြင်းနှင့် ဆီစားသုံးမှု မြင့်မားလာခြင်းတို့ကြောင့် ပြည်တွင်းသုံးစွဲမှုကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း၊ ပြည်ပမှစားအုန်းဆီကို တင်သွင်းရကြောင်း လေ့လာသိရှိရပါသည်။
ပြည်တွင်းစားသုံးရန်လိုအပ်သော စားသုံးဆီကို ၁၉၉၀ ပြည့်နှစ်မှ တန်ချိန် ၇၀၀၀ခန့် မှစတင်၍ တင်သွင်းခဲ့ရာ ၂၀၂၀ပြည့်နှစ်တွင် တန်ချိန် ၇၅၀၀၀၀ခန့်ထိ တဖြည်းဖြည်း တိုးမြင့်ရကြောင်း လေ့လာသိရှိရပါသည်။ စိုက်ပျိုးမြေဧက စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်သာ ဆီထွက်သီးနှံစိုက်ပျိုးနိုင်ခြင်း၊ ပြည်တွင်းဆီကြိတ်ခွဲထုတ်လုပ်သည့်စက် ၃၀၀၀ ကျော် ရှိသော်လည်း ထုတ်လုပ်နိုင်မှုမရှိခြင်းတို့ကြောင့် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကိုသာ အားထားစားသုံးနေရပြီး စားအုန်းဆီ တင်သွင်းမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက် လာရခြင်းဖြစ်သည်။ ပြည်ပမှတင်သွင်းလာသောစားအုန်းဆီများသည် သယ်ယူပို့ဆောင်ရေး ခရီးရှည်လျားခြင်းနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် လုပ်ကိုင်ဆောင်ရွက်မှု အခက်အခဲများကြောင့် အရည်အသွေးများ ကျဆင်းလာပြီး စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေသော်လည်း ဈေးနှုန်းသက်သာမှုကြောင့် စားသုံးဆီဈေးကွက်တွင် စားအုန်းဆီများ ၉၀ ရာခိုင်နှုန်း ခန့် နေရာရနေပြီး ပြည်တွင်းထုတ်လုပ်မှုများ ရပ်နားခဲ့သည်အထိ ကြုံတွေ့ခဲ့ရသည်။
ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၅ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ITC, STDF အကူအညီဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပူးပေါင်း၍ Oilseed Value Chain တစ်လျှောက် ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော (Value Added) စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ Good Agricultural Practice(GAP)နှင့်အညီ စိုက်ပျိုးထုတ်လုပ်ပြီး၊ ဆီကြိတ်ခွဲ ထုတ်လုပ်သည့် ဆီစက်များကိုလည်း ထုတ်လုပ်မှုကျင့်စဉ်ကောင်းများ Good Manufacturing Practice (GMP)စနစ်များ၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ဘေးအန္တရာယ် ခွဲခြမ်းစိစစ်ထိန်းချုပ်ရေးစနစ် HACCP ( Hazard Analysis Critical Control Point) System များစသည့် နည်းပညာများကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နည်းပညာများပံ့ပိုးခဲ့ပြီး ပြည်တွင်းစားသုံးရန်တွက်သာမက ပြည်ပထိပါ တင်ပို့နိုင်သည့် အရည်အသွေးပြည့် သီးနှံများစိုက်ပျိုး ထုတ်လုပ် တင်ပို့နိုင်သည် အထိ အကူအညီပေးခဲ့သဖြင့် မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံ စိုက်ပျိုးရေးကဏ္ဍနှင့် ဆီကြိတ်ခွဲထုတ်လုပ်မှုနယ်ပယ်သည် ခေတ်မီစိုက်ပျိုးရေးလမ်းစဉ်နှင့် ထုတ်လုပ်ရေး လမ်းစဉ်များကို အထိုက်အလျောက် သိရှိနားလည်ပြီး လိုက်နာကျင့်သုံးနေပြီဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် စားသုံးဆီများ၏ အရည်အသွေးပိုင်းသည်လည်း နိုင်ငံတကာမှ သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ပြီး ပြည်ပမှတင်သွင်းသည့်ဆီများနှင့် ရင်ဘောင် တန်းနိုင်သည့် အဆင့်တစ်ခုသို့ တက်လှမ်းလာနိုင်ပြီဖြစ်ပါသည်။
၂၀၁၉ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု မြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်ရေးအခက်အခဲများဖြစ်ပေါ်လာပြီး ကုန်စ္စည်းများဈေးနှုန်း မြင့်မားလာခြင်း၊ သီးနှံများအချိန်မီ စိုက်ပျိုးရိတ်သိမ်းနိုင်မှုမရှိခြင်းတို့ ကြောင့် မြန်မာ့စီးပွားရေး လုပ်ငန်းများ ယိုင်နဲ့လာခြင်း၊ ငွေကြေးမတည်ငြိမ်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထို့အတူ ပြည်တွင်းသို့ တင်သွင်းလျက်ရှိသော စားအုန်းဆီများသည် ယခင်ကထက် ဈေးနှုန်း၂ဆခန့်မြင့်တက်လာရာ ပြည်သူများအတွက် ဝင်ငွေလျော့ကျမှုနှင့်အတူ ကုန်ဈေးနှုန်း မြင့်မားမှုများကြောင့် စားဝတ်နေရေးအခက်အခဲများကို ယနေ့တိုင် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ပြည်တွင်းထုတ်လုပ် ရောင်းချသူများအနေဖြင့်လည်း ကုန်ကြမ်းများ ဝယ်ယူရာ တွင် သယ်ယူစရိတ်ဈေးနှုန်းမြင့်မားခြင်းများနှင့် သွင်းအားစု ကုန်ကျစရိတ်များ မြင့်တက်လာ သဖြင့် ပြည်တွင်းထုတ် စားသုံးဆီ (မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ) တို့မှာ ယခင်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရှိရသည်။ ပြည်တွင်း၌ လက်ရှိ လက်လီအရောင်းဈေးနှုန်းများမှာ မြေပဲဆီတစ်ပိဿာလျှင် (၇၂၀၀ မှ ၈၀၀၀)ကျပ် ၊ နှမ်းဆီ တစ်ပိဿာလျှင်(၇၀၀၀-၇၅၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ဝန်းကျင်သာရှိပြီး ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီ တစ်ပိဿာလျှင် ဈေးမှာ (၄၅၀၀)ကျပ် ဝန်းကျင်မှ (၅၀၀၀)ကျပ်ဝန်းကျင်ထိ မြင့်တက်လာသဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ပြည်တွင်းဖြစ် စားသုံးဆီများမှာ ယခင်ကထက် ပိုမိုအရောင်းသွက်လာကြောင်း ဆီကုန်သည် တစ်ဦး ထံမှ သိရှိရသည်။
ထို့အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးအရ စားအုန်းဆီသုံးစွဲမှုလျော့ချရေး၊ ပြည်တွင်း၌ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာစသည့် ဆီထွက်သီးနှံများပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေး၊ ကိုဗစ်ကာလအတွင်း ယိုင်နဲ့ခဲ့သော စီးပွားရေး လုပ်ငန်းများ ပြန်လည်ကုစားရေး၊ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေးကူညီ ဆောင်ရွက်ရေးနှင့် နိုင်ငံခြားကုန်သွယ်မှုလိုငွေ လျော့ချနိုင်ရေးတို့အတွက် မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးပြည့်ဆီများ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် အကျိုး ကျေးဇူးများ ပိုမိုရရှိနိုင်မည့် အလားအလာကောင်းများရှိလာပြီ ဖြစ်သည်။
ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးခြင်းသည် လူတို့စားသုံးရန်ဆီသာမက ဆီကြိတ်ရာမှရရှိသော ပဲဖတ်၊ နှမ်းဖတ်များကို တိရိစ္ဆာန်အစာအဖြစ်သုံးစွဲနိုင်သည့်အတွက် တိရစ္ဆာန်အစာ တင်သွင်းမှုလည်း လျော့ကျနိုင်မည်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းရှိ SMEs လုပ်ငန်းများ ဖွံ့ဖြိုးလာကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာနိုင်ကြောင်း၊ ဆီထွက်သီးနှံ ဖြစ်သော မြေပဲ၊ နှမ်း စသည်တို့ကို နှစ်စဉ်ဝယ်ယူသည့် ပြည်ပဈေးကွက်လည်း ရှိသည်ဖြစ်ရာ နိုင်ငံခြားဝင်ငွေပါတိုးပွားလာမည့်အပြင် ပြည်တွင်း၌လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် ပြည်တွင်းထုတ်စားသုံးဆီများ သုံးစွဲလာနိုင်၍ စားသုံးမှုဖူလုံပြီး ပြည်သူများ ကျန်းမာရေးထိခိုက်မှုလည်းလျော့နည်းလာမည်ဖြစ်သဖြင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် အလားအလာကောင်းသည့် ဆီထွက်သီးနှံများကို ယခင်နှစ်များထက် ပိုမိုစိုက်ပျိုး ထုတ်လုပ်သင့်ပါကြောင်း တိုက်တွန်းရေးသားဖော်ပြလိုက်ရပါသည်။
Sources: ပြည်တွင်းသတင်း(စီးပွားရေး)၊ လယ်ယာစီးပွားသတင်းဂျာနယ်
https://my.m.wikipedia.org
စားသုံးသူရေးရာဦးစီးဌာန
မန္တလေးတိုင်းဒေသကြီး