Main menu

ဆိပ်ဖြူမြို့နယ်၌ ဆောင်းသီးနှံ ကန်စွန်းဥစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကိုးထောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံး၊ ရေလယ်တောင်၊ ကျစ်ပြင်၊ ချင်တောင်၊ အောက်ဆိပ်၊ ဇီးကပ်ကျေးရွာတို့တွင် နှစ်စဉ်ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ ရာသီစာကန်စွန်းဥစိုက်ခင်းများကိုလည်း ကိုင်းကျွန်း၊ သဲ၊ နုန်းမြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ကန်စွန်းဥစိုက်ခင်းများကို ဒေသစီးပွားဖြစ် နှစ်စဉ် အမြောက်အများစိုက်ပျိုးကြပြီး ဘဏ္ဍာနှစ် (၂၀၂၂-၂၀၂၃) တွင် စိုက်ဧက (၂၀၀၀) ခန့်စိုက်ပျိုးရာ ကန်စွန်းဥအထွက်ကောင်းပြီး ဈေးကွက်ကောင်းမွန်ခြင်းကြောင့် ယခုဘဏ္ဍာနှစ် (၂၀၂၃-၂၀၂၄) တွင် စိုက်ဧက (၂၅၀၀)ခန့်ထိတိုးချဲ့စိုက်ပျိုးထားကြောင်းသိရှိရသည်။

      စိုက်တောင်သူများသည် ကန်စွန်းဥမျိုးအနေဖြင့် ရွှေဝါနှင့် ငချိတ်မျိုးကို အများဆုံးစိုက်ပျိုးပြီး ကန်စွန်းတစ်ညွန့်လျှင် ရှစ်ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ကန်စွန်းညွန့် သုံးသောင်းခွဲခန့်ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ ဥစားကန်စွန်းညွန့်များကို မြစ်ရေကျချိန် အောက်တိုဘာလကုန်မှ နိုဝင်ဘာလအတွင်း စတင်စိုက်ပျိုးကြပြီး ဖေဖာ်ဝါရီလမှ မတ်လအတွင်း တူးဖော်ရကြောင်း၊ ကန်စွန်းဥများ အချိုလေး၍ အရသာရှိစေရန်အတွက် စိုက်ခင်းများကို တောင်သူများအနေဖြင့် ရေသွင်းစိုက်ပျိုးခြင်းမရှိဘဲ မြေအောက်ရေဖြင့်သာစိုက်ပျိုးပြီး သုံးလအကြာတွင် ကန်စွန်းဥများတူးဖော်ကြောင်းသိရှိရပါသည်။

      အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ယခုနှစ်ပိဿာချိန် (၃၀၀၀-၃၅၀၀)ခန့်ထွက်ရှိပြီး သီးနှံပေါ်စ၌ ဒေသပေါက်ဈေးမှာ ကန်စွန်းဥအကြီးအသေးနှင့် အရည်အသွေးလိုက်၍ လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ်(၈၀၀-၁၅၀၀)ဖြင့်ရောင်းချရကြောင်း၊ ယခင်နှစ်အထွက်နှုန်းမှာ စိုက်ခင်းအတွင်း မြစ်ရေဝင်ချိန်မရှိခဲ့၍ ပျမ်းမျှပိဿာ(၃၀၀၀)ခန့်သာထွက်ရှိခဲ့ပြီး   ဒေသပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ် (၈၀၀-၈၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကန်စွန်းဥစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် ကျပ်(၅၀၀၀၀၀)ခန့်ကုန်ကျခဲ့ကြောင်း၊ ယခုနှစ်တွင် ကျပ်(၉၀၀၀၀၀)ခန့်ကုန်ကျခဲ့ကြောင်း၊ ဝင်ငွေအနေဖြင့် တောင်သူတစ်ဦးလျှင် တစ်ဧကပျမ်းမျှပိဿာ (၃၀၀၀)ထွက်ရှိပြီး တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၁၂၀၀)ဖြင့်ရောင်းချရ၍ ကျပ်(၃၆၀၀၀၀၀)ခန့်ဝင်ငွေရရှိပြီး ကျပ်(၂၇၀၀၀၀၀)ခန့်အကျိုးအမြတ်ရရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှသိရှိရပါသည်။

      ယခုနှစ် ကန်စွန်းဥစိုက်တောင်သူများမှာ စိုက်ပျိုးမြေများ၌ မြစ်ရေတက်ချိန်တွင် စိုက်ခင်းများအတွင်း မြစ်ရေဝင်ခြင်းကြောင့် မြေအောက်ရေရရှိခြင်းအပြင် ရာသီဥတုကောင်းမွန်၍ ယခင်နှစ်ထက် ကန်စွန်းဥအထွက်နှုန်းကောင်းပြီး သီးနှံပေါ်ချိန်၌ စိုက်ခင်းထွက်ကန်စွန်းဥများမှာ ဈေးကောင်းရရှိ၍ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရာသီစာကန်စွန်းဥစိုက်တောင်သူများအနေဖြင့် အကျိူးအမြတ်များစွာရရှိလျက်ရှိကြောင်းသိရှိရပါသည်။

      ရာသီစာ ကန်စွန်းဥသီးနှံသည် နူးညံ့ချိုလေး၍ အရသာရှိပြီး အမျှင်ဓာတ်ကြွယ်ဝစွာရရှိခြင်းကြောင့်  ကျန်းမာရေးနှင့်ညီညွတ်၍ ကလေးလူကြီးမရွေး နှစ်ခြိုက်စွာဝယ်ယူစားသုံးကြသည်။ ဈေးနှုန်းသက်သာပြီး အလွယ်တကူဝယ်ယူစားသုံးရခြင်းကြောင့် စားသုံးမှုများခြင်းအပြင် စီးပွားရေးလုပ်ငန်းရှင်များကလည်း ကုန်ကြမ်းကန်စွန်းဥမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် ကန်စွန်းဥကြော်လုပ်ငန်းများကို တွင်ကျယ်စွာထုတ်လုပ်မှုရှိခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် (MSMEs) အသေးစားကုန်ထုတ်လုပ်ငန်းများမှာလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဒေသတွင်းကန်စွန်းဥစိုက်တောင်သူများအနေဖြင့်လည်း ဈေးနှုန်းဈေးကွက်ကောင်းခြင်းကြောင့် အကျိုးအမြတ်များစွာရရှိလျက်ရှိပြီး စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်လျက်ရှိသော ကန်စွန်းဥစိုက်ခင်းများကို နှစ်စဉ်မပြတ်စိုက်ပျိုးရာသီချိန်တွင် ဒေသစီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)