Main menu

ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသောကြက်သွန်ဖြူ

Powered by Drupal

       မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်သည့် စိုက်ပျိုးရေးထွန်းကားရာနိုင်ငံဖြစ်ပြီး နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံများကို နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြပြီး သီးနှံမျိုးစုံအနက် ကုန်စိမ်းသီးနှံ ကြက်သွန်ဖြူကိုလည်း တစ်နိုင်တစ်ပိုင်မှ ဒေသစီးပွားဖြစ်စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံသည် ကြက်သွန်ဖြူကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး မကွေးတိုင်းဒေသကြီး၊ ယောနယ်ဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်မြို့များတွင် တပိုင်တနိုင်စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူအပင်သည် ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်ပြီး ရေအလွန်လိုအပ်သော သီးနှံတစ်မျိုးဖြစ်သည်။ အစိုဓာတ်ရှိသော မြေအများအပြားတွင် စိုက်ပျိုးနိုင်ပြီး အပူအအေးသင့်တင့်မျှတသော ရာသီဥတုကိုကြိုက်နှစ်သက်၍ အောက်တိုဘာလ၊ နိုဝင်ဘာလလယ်တွင် စိုက်ပျိုးလျက်ရှိကြသည်။ စိုက်ပျိုးရာတွင် ပင်ကြား ၂လက်မ၊ တန်းကြား ၄လက်မခန့်ခွာ၍ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူမှာ အစိုဓာတ်ကြိုက်၍ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ ရာသီဥတုပူပြင်းမှုပေါ်မူတည်၍ ရေသွင်းအကြိမ်ရေ (၅)ကြိမ်မှ (၁၀)ကြိမ်ထိရေသွင်း၍ စိုက်ပျိုးကြသည်။ ရေမြေဒေသလိုက်၍ ရာသီဥတုနှင့်ကိုက်ညီသည့် ကြက်သွန်ဖြူမျိုးကိုရွေးချယ်၍ စိုက်ပျိုးကြသည်။

         မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးခဲ့ကြပြီး ရှေးယခင်က ရှမ်းပြည်နယ်မှထွက်သော ကြက်သွန်ဖြူကို ပြည်ပထိုင်းနိုင်ငံဈေးကွက်သို့ ကုန်ချိန်အများဆုံးတင်ပို့ခဲ့ရ၍ ပြည်ပဝယ်လိုအားဈေးကွက်ကောင်းခြင်းကြောင့် စိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်းသိရှိရသည်။ ၂၀၁၄ခုနှစ်မှစ၍ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူများကို အများဆုံး ဝယ်ယူတင်သွင်းခဲ့၍ မြန်မာ့ကြက်သွန်ဖြူဈေးကွက် ပျောက်ဆုံးခဲ့ကြောင်းသိရှိရသည်။ ယခုမြန်မာနိုင်ငံတွင် ကြက်သွန်ဖြူစိုက်ပျိုးတောင်သူနှင့် စိုက်ဧကနည်း၍ သီးနှံထွက်ရှိမှုနည်းခြင်းကြောင့် ပြည်တွင်းစားသုံးမှုလိုအပ်ချက်အရ တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူများကို နှစ်စဉ်ဝယ်ယူတင်သွင်းခဲ့ရပါသည်။

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်သည် နှစ်စဉ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကြရာတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူကို နှစ်စဉ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည်။ ပေါက်မြို့နယ်အတွင်းရှိ မြောက်ဘက်၊ ရှားတော၊ ထန်းတပင်၊ ချောင်းကူးအုပ်စုအတွင်းရှိ ကျေးရွာများနှင့် သီးချောက်၊ ရေကြား၊ လယ်လန်းကျေးရွာများတွင် နှစ်စဉ်စိုက်ဧက (၅၀၀)ခန့်စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ကြက်သွန်ဖြူမျိုးဥဈေးနှင့် သွင်းအားစုအမျိုးမျိုးဈေးကြီးမြင့်ခြင်းကြောင့် ဒေသခံတောင်သူများအနေဖြင့် ရင်းနှီးမတည်ငွေများ၍ စိုက်ဧက(၃၅၀)ဧကခန့်သာစိုက်ပျိုးကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် (၀.၅)ဧကမှ (၀.၃)ဧကခန့်သာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြောင်းသိရှိရသည်။

         စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူသီးနှံသည် အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း၊ ဗမာကြက်သွန်ဖြူမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမြေအနေဖြင့် စပါးခင်းကျွတ်လယ်ကွက်ယာမြေများနှင့် ကျောချောင်းနံဘေးရှိမြေများတွင် ကျင်းဖွဲ့၍ စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် ကျင်း(၂၀၀)ခန့်ရှိကြောင်း၊ စပါးခင်းကျွတ်လယ်မြေများနှင့် ကျောချောင်းနံဘေးရှိမြေများတွင် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် စိုက်ပျိုးကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရာသီမတူညီကြောင်း၊ ကြက်သွန်ဖြူစိုက်ပင်သက်တမ်းမှာ (၄)လခန့်ကြာမြင့်ကြောင်း၊ မတ်လကုန်တွင် ကြက်သွန်ဖြူလှိုင်လှိုင်တူးဖော်၍ ရိတ်သိမ်းကြောင်း ဒေသခံတောင်သူတစ်ဦးထံမှသိရှိရပါသည်။

        စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ကြက်သွန်ဖြူ(၀.၅)ဧကစိုက်ပျိုးလျှင် ကြက်သွန်ဖြူပိဿာ(၁၀၀)ခန့်ကုန်ကျကြောင်း၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုး ရကြောင်း၊ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် (ဗမာ)ကြက်သွန်ဖြူဥသေးမျိုးကိုစိုက်ပျိုးကြောင်း၊ ကြက်သွန်ဖြူဥကိုချွေ၍ ရရှိသောအမြှောင့်(အသေး)များကိုစိုက်ပျိုးရကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ထယ်ချောင်းနောက် ဖြူးချခြင်း၊ မြေပြင်သို့ လက်ဖြင့်စိုက်ခြင်း၊ နှစ်နည်းဖြင့်စိုက်ပျိုးကြောင်း၊ ကြက်သွန်ဖြူ(၁)ပိဿာစိုက်ပျိုးလျှင် ပျမ်းမျှအထွက်ပိဿာ(၁၀)ပိဿာမှ (၁၂)ပိဿာခန့်ထွက်ရှိ၍ (၀.၅)ဧကစိုက်ပျိုးလျှင် ပျမ်းမျှပိဿာ(၁၀၀၀)ခန့်ထွက်ရှိကြောင်း၊ (၁)ပိဿာလျှင် ကျပ် (၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ဒေသတွင်းနယ်မြေအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်၍ သွင်းအားစုအမျိုးမျိုးနှင့် စက်သုံးဆီဈေးမြင့်ခြင်းကြောင့် ကျပ်သိန်း(၄၀)ခန့်ကုန်ကျ၍ ဝင်ငွေမှာ ကျပ်သိန်း(၁၀၀)ခန့်ရရှိခြင်းကြောင့် (၀.၅)ဧကစိုက်ပျိုးလျှင် ကျပ်သိန်း(၆၀)ခန့်အကျိုးအမြတ်ရရှိကြောင်းသိရှိရသည်။

        ဈေးကွက်အနေဖြင့် ဒေသတွင်းကြက်သွန်ဖြူသီးနှံပေါ်ချိန် အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းမှာ ၂၀၂၂ခုနှစ်တွင် ကြက်သွန်ဖြူ(၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၂၀၀၀)၊ လက်လီဈေး ကျပ်(၃၀၀၀)၊ ၂၀၂၃ခုနှစ်တွင် လက်ကားဈေး ကျပ်(၃၅၀၀)၊ လက်လီဈေး ကျပ်(၆၀၀၀)၊ ယခုဘဏ္ဍာနှစ် ၂၀၂၄ခုနှစ်တွင် လက်ကားဈေး ကျပ်(၁၀၀၀၀)၊ လက်လီဈေး ကျပ်(၁၅၀၀၀မှ ၁၈၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ထွက်ရှိသည့်ကြက်သွန်ဖြူများကို ဒေသတွင်းဝယ်လက်ကုန်သည်များမှတစ်ဆင့် ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေမြို့များနှင့် ချောက်၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်းမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်း သိသိသာသာမြင့်တက်အရောင်းအဝယ်ဖြစ်ခြင်းကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း ရှားတောကျေးရွာရှိ ကြက်သွန်ဖြူစိုက်တောင်သူတစ်ဦးထံမှသိရှိရသည်။

        ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသော ကြက်သွန်ဖြူသီးနှံသည် စားသုံးသူများအတွက်  နေ့စဉ်မပါမဖြစ် မြန်မာတို့၏မီးဖိုချောင်တွင် အခြေခံစားသောက်ကုန်တစ်မျိုးအဖြစ် သုံးစွဲလျက်ရှိသည့် ဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်ဖြူကို ပြည်တွင်း၌ စားသုံးမှုများပြီး စိုက်ပျိုးထုတ်လုပ်မှုစိုက်ဧကနည်း၍ စားသုံးမှုလိုအပ်ချက်အရ ပြည်ပတရုတ်နိုင်ငံမှ ဝယ်ယူသုံးစွဲနေရခြင်းဖြစ်ပါ၍ နိုင်ငံ့ စီးပွားရေးကို တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသည့် ကြက်သွန်ဖြူကို သင့်လျော်သော စိုက်ပျိုးမြေရှိသည့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)