မြန်မာနိုင်ငံတွင် လူဦးရေ သန်း(၅၀)ကျော်ရှိပြီး လူမျိုးပေါင်းစုံ၊ နေထိုင်လျက်ရှိပါသည်။ ယင်းတို့တွင် လားဟူလူမျိုးလည်း တစ်မျိုးပါဝင်ပါသည်။ လားဟူလူမျိုးများသည် တိဘက်မြန်မာ “လိုလို” ဟူသော လူမျိုးမှ ဆင်းသက်လာသည်။ ခရစ်တော်မပေါ်မီ ဘီစီ ၆၀၀ ခန့်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေများပြားလာသည်နှင့်အမျှ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့လာရာ မဲခေါင်မြစ်၊ သံလွင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာရာ တရုတ်ပြည်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ယိုးဒယားနိုင်ငံ၊ လာအိုနိုင်ငံနယ်စပ်ဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြ သည်။ တရုတ်နိုင်ငံ လန်ချန်း လားဟူပြည်နယ်တွင် ၅ သိန်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ၂ သိန်း၊ ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် ၁ သိန်း စုစုပေါင်း ၈ သိန်းခန့်ရှိသည်။ လားဟူလူမျိုးကွဲပေါင်း ၂၀ ကျော်ရှိပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၁၂ မျိုးနေထိုင်သည်ဟု သိရှိရပါသည်။
လားဟူတိုင်းရင်းသား အမျိုးသားများ၏ ဝတ်စားဆင်ယင်မှု ခေတ်ဟောင်းဝတ်စုံမှာ ပိတ်အနက်ဖြင့် ချုပ်ထားသော ဘောင်းဘီ၊ အင်္ကျီနှင့် ခေါင်းပေါင်းရှည်ကို ဝတ်ဆင်ကြသည်။ ဘောင်းဘီမှာ ရှမ်းဘောင်းဘီကဲ့သို့ ခြေချင်းဝတ်နားတွင် အဝခပ်ကျယ်ကျယ်ရှိသည့် အနက်ရောင်ဘောင်းဘီကို ဆင်မြန်းသည်။ ဘောင်းဘီ၏ အောက်နားကွက်၌ တောင်ပေါ်မှာ နေထိုင်သည့် လူမျိုးဟု အဓိပ္ပာယ်ကို ဖော်ဆောင်သည့်အနေဖြင့် ပန်းပွင့်များဖြင့် အရောင်မျိုးစုံကို ဒီဇိုင်းပုံဖော်၍ ဆင်မြန်းကြသည်။ အမျိုးသားအင်္ကျီမှာ ကော်လံပါအဖြူ အင်္ကျီပေါ်တွင် လက်တိုအပေါ်ကုတ် အင်္ကျီအနက်ထပ်၍ ဝတ်ဆင်သည်။ ထိုကုတ်အင်္ကျီပေါ်တွင် ဘူးသီးထဲမှ ပေါက်ဖွားလာသည်ကို ကိုယ်စားပြုသော ဘူးသီးပုံကို ချဉ်ဖြင့်ထိုးပြီး ဆင်မြန်းကြသည့်အပြင် ယခုခေတ်နောက်ပိုင်းတွင် ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ၊ အရောင်မျိုးစုံ စိတ်ကြိုက် ဒီဇိုင်းပုံဖော်ပြီး ချုပ်ဝတ်လာကြသည်ကို တွေ့ရှိရပါ သည်။
လားဟူတိုင်းရင်းသား အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှု ခေတ်ဟောင်းဝတ်စုံမှာ အမိတ်ပါခေါင်းပေါင်း၊ ကိုယ်ထည်မှ ခြေသလုံးတစ်ဝက်ကျော်ကျော်ထိ အရှည်ရှိပြီး ခါးမှခြေသလုံးထိ ဘေးနှစ်ဖက်ကို ခွဲထားသောရင်ဖုံးအင်္ကျီလက်ရှည်နှင့် လုံချည်တို့ကို ဆင်မြန်းကြပါသည်။ ယခုခေတ် လားဟူအမျိုးသမီးများ၏ဝတ်စုံသည် အမိတ်ပါခေါင်းပေါင်း၊ အင်္ကျီသည် ရင်စေ့လက်ရှည်ဖြစ်သည်။ အင်္ကျီ၏အရှည်သည် တင်ပါးတစ်ဝက်ခန့်သာရှည်ပြီး အောက်ခံလုံချည်ကို ဝတ်ဆင်ကြသည်။ လားဟူအမျိုးသမီး ဝတ်စုံအားလုံးသည် အနက်ရောင်ကို အခြေခံ၍ ချုပ်ထားကြသည်။ အဓိကအားဖြင့် အင်္ကျီအနားပတ်သည် လုံချည်အနားပတ်လည်တို့တွင် ဝါ၊ စိမ်း၊ နီ၊ ပြာ ပိတ်စရောင်များဖြင့် တြိဂံပုံ၊ စက်ဝိုင်းပုံများအဖြစ် သရုပ်ဖော်၍ လှပစွာချုပ်ထားကြပါသည်။ အမျိုးသမီးဝတ်စုံကို ငွေချူတွဲလောင်း၊ ငွေပြားများထည့်၍ လှပစွာချုပ်ဝတ်ကြပါသည်။ ယခုခေတ်တွင် ငွေပြားအစား ဘော်ကြယ်များကိုသာ လှပစွာတန်ဆာဆင်ချုပ်ဝတ်ကြသည်။ အရောင်မျိုးစုံဖြင့် ပုံဖော်ထားသော တြိဂံသည် လားဟူတိုင်းရင်းသားတို့၏ အမဲလိုက်မုဆိုးဘဝဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ပုံကို ဖော်ဆောင်ခြင်းဖြစ်ပြီး တောတောင်၊ မြားထိပ်၊ တောင်ပံ၊ ခွေးသွား စသည့်သုံးမျိုးကို ကိုယ်စား ပြုခြင်းဖြစ်သည်။ ယခုခေတ်နောက်ပိုင်းတွင် ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ၊ အရောင်မျိုးစုံ စိတ်ကြိုက် ဒီဇိုင်းပုံဖော်ပြီး ချုပ်ဝတ်လာကြသည်ကိုတွေ့ရှိရပါသည်။ လားဟူတိုင်းရင်းသားရိုးရာဝတ်စုံများသည် ပွဲလမ်းသဘင်များဖြစ်သော(ကောက်သစ်စားပွဲ၊ ခရစ်မတ်၊ နှစ်သစ်ကူး၊ မင်္ဂဆောင်)ပွဲများတွင် အများဆုံးဝတ်ဆင်ကြပါ သည်။ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက်ကောက်၊ ငွေနားတောင်း၊ ငွေလည်ဆွဲ၊ လွယ်အိတ်တို့ဖြစ်ပြီး အမျိုးသားများမှာ လွယ်အိတ်၊ ဓား၊ ဆေးတံ၊ တူမီးသေနတ်တို့ကို ကိုင်ဆောင်လေ့ရှိပါသည်။
လားဟူတိုင်းရင်းသားများ၏ ရိုးရာဝတ်စုံကို ထုတ်လုပ်ရောင်းချသောနိုင်ငံ၊ မြို့များမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း(ကျိုင်းတုံ၊ တာချီလိတ်)မြို့နှင့် ထိုင်းနိုင်ငံများတွင် အဓိကထုတ်လုပ်၊ ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။ နိုင်ငံအလိုက်၊ မြို့ အလိုက် ဝတ်စုံများ၏ ဒီဇိုင်းမှာလည်း ကွာခြားသည်ကို တွေ့ရှိရပါသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ယခုခေတ် လားဟူတိုင်းရင်းသားတို့၏ ဝတ်စုံမှာလည်း ပိတ်စမျိုးစုံ၊ အရောင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံတို့ဖြင့် ခေတ်မှီစွာ ဒီဇိုင်းပုံဖော်ပြီး ချုပ်ရောင်း၊ ဝတ်ဆင်လာကြသည်။
ရိုးရာဝတ်စုံအစစ်သည် တန်ဖိုးများပြားခြင်းကြောင့် အရောင်းမသွက်ခြင်း၊ ဈေးကွက်မရရှိခြင်းဖြစ်သော်လည်း ဖန်တီးမှုအသစ်အဖြင့် လားဟူတိုင်းရင်းသားတို့၏ သင်္ကတများကို မြန်မာပိတ်စများဖြစ်သော ချည်၊ ချည်ပိုး၊ ထိုင်းပိုး၊ အင်ဒိုပိုး၊ ကတီပါ ပိတ်စ စသည့် ပိတ်စများပေါ်တွင် ကွန်ပျူတာပန်းစက်ထိုးထားသော ဝမ်းဆက်များ ၂၀၂၁-၂၀၂၂ခုနှစ် အတွင်း ခေတ်စားလာသည်ကို တွေ့ရှိရသဖြင့် နောက်နောင်တွင် ဈေးကွက်ရရှိကာ၊ အခြားတိုင်းရင်းသားဝတ်စုံနည်းတူ လူမျိုးတိုင်းလိုလို ဝယ်ယူဝတ်ဆင်လာကြလိမ့်မည်ဟု ယုံကြည်စွာဖြင့် မျော်လင့်ရင်း လားဟူတိုင်းရင်းသား ဝတ်စားဆင်ယင်မှုကို ဖော်ပြရေးသားလိုက်ပါသည်။
DOCA(ရှမ်း)