အင်ဒိုနီးရှားနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၃၂ သန်းအထိ ထွက်ရှိနိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က နိုဝင်ဘာ ၂၆ ရက် နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှား စာရင်းအင်းဗျူရို (BPS) ၏ တွက်ချက်မှုများအရ တစ်နှစ်တာကာလအတွင်း နိုင်ငံ၏ဆန်ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်၌ တန်ချိန် ၃၁.၁၀ သန်း ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၃၀.၃၄ သန်းသို့ လျော့ကျမည်ဟု သိရှိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နမူနာစစ်တမ်း ကောက်ယူရရှိသည့် အချက်များအပေါ် အခြေခံ၍ ယခုနှစ်ကုန်၌ စပါးစိုက်ပျိုးထွက်ရှိမှုသည် ၁ နှစ် တာကာလအတွင်း တန်ချိန် ၅၂.၆ သန်း ခန့်ရှိမည်ဟု BPS က ခန့်မှန်းထားသည်။ အဆိုပါ ပမာဏသည် ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စိုက်ပျိုး ပြီးစီးမှုရလဒ်များနှင့် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးထုတ်လုပ်နိုင်မည့် အခြေအနေ ခန့်မှန်းချက်တို့အရ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၌ အင်ဒိုနီးရှား၏ စပါးထွက်ရှိမှုသည် စုစုပေါင်း တန်ချိန် ၅၃.၉၈ သန်းရှိခဲ့သည်။
BPS ၏ တွက်ချက်မှုတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စပါးရိတ်သိမ်းပြီးစီးမှု၊ စတုတ္ထသုံးလပတ်၌ ရိတ်သိမ်းနိုင်မည့် အလားအလာရှိသော ဧရိယာပမာဏနှင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ၅ နှစ်တာကာလ ပျမ်းမျှထုတ်လုပ်နိုင်မှု အချက်အလက်များကို အသုံးပြုထားသည်။ စပါးရိတ်သိမ်းမှု ဧရိယာသည် ၂၀၂၃ ခုနှစ်၌ ဟက်တာပေါင်း ၁၀.၂၁ သန်းရှိရာမှ ၁.၆၄ ရာခိုင်နှုန်း သို့မဟုတ် ၁၆၇၂၅၀ ဟက်တာ လျော့နည်းလျက် ၂၀၂၄ ခုနှစ်တွင် ဟက်တာ ၁၀.၀၅ သန်းသာရှိမည်ဟု ခန့်မှန်းရသည်။
ရှေ့လာမည့်နှစ်၌ ဆန်တန်ချိန် ၃၂ သန်းထုတ်လုပ်ရန် လျာထားချက်သည် အရေးပါသည့် ပန်းတိုင်တစ်ခုဖြစ်ပြီး ဆန်တန်ချိန် ၁ သန်းသည် အင်ဒိုနီးရှားရူပီးငွေ ၁၂ ထရီလီယံနှင့် ညီမျှမှုရှိ ကြောင်း၊ အဆိုပါ ပန်းတိုင်သို့ ရောက်ရှိရန်မှာ အယ်လ်နီညိုနှင့် လာနီညာတို့ကဲ့သို့သော ရာသီဥတု ဖြစ်စဉ်များကြောင့် ခက်ခဲမှုရှိနိုင်ကြောင်း၊ ယခင်နှစ် ခြောက်သွေ့ရာသီကာလအတွင်း ဆန်ထုတ် လုပ်မှုမှာ ဩဂုတ်လ၌ တန်ချိန် ၁ သန်းအထိ ပိုမိုမြင့်တက်လာခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတို့တွင် ပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကျဆင်းခဲ့ရကြောင်း၊ ယခု လျာထားချက်သည် သမ္မတ Prabowo Subianto ၏ လေးနှစ်အတွင်း ကိုယ်ပိုင် စားနပ်ရိက္ခာဖူလုံမှု ရရှိရေး မျှော်မှန်းချက်နှင့်အညီ ချမှတ်ထားခြင်းဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုဖြင့် စားနပ်ရိက္ခာဖူလုံမှု ရှိလာသည်နှင့်တစ်ပြိုင်နက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်ပမှ ဆန်ကို တင်သွင်းရန် လိုအပ်တော့မည် မဟုတ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Amran ပြောကြားခဲ့သည်။
Source: TEMPO.CO, 27 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)