Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသထွက် ဖရဲသီး

Powered by Drupal

          ရှမ်းပြည်နယ်(အရှ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ဆန်စပါးကိုအဓိကထားစိုက်ပျိုးကြသော်လည်း စပါးရိတ်သိမ်းပြီးချိန်တွင် လစ်လပ်လျက်ရှိသော လယ်မြေများအား ထွန်ယက်ပြီးရာသီပေါ်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခု ဇန်နဝါရီလတွင် ဖရဲသီးပင်များကို စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။

          ဖရဲ စိုက်ပျိုးရာတွင် (၁) ဧကလျင် ဖရဲ မျိုးစေ့ နှစ်ဗူးခန့် ပျိုးထောင်ရပါသည်။ ဖရဲမျိုးစေ့များကို (၄)နာရီအကြာရေစိမ်ထားပြီး စိမ်ပြီးသောမျိုးစေ့များကို အဝတ်ဆုတ်များအပေါ်တွင် ရေခြောက်သွား သည်အထိထားရပါသည်။ ရေစိမ်၍အခြောက်ခံထားသော မျိုးစေ့များကို စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၃)ရက်အကြာတွင် အပင်ပေါက်များထွက်ရှိလာပါသည်။ အပင်ပေါက်ပြီး (၅)ရက် အကြားတွင် အပင်များကို ပိုးမွားအန္တရာယ်မှကင်စေရန် ဆေးဖျန်းခြင်း၊ အပင်ကြီးထွားသန်မာစေရန် မြေဩဇာများ ဖြည့်သွင်းခြင်းများဆောင်ရွက်ရပါသည်။ ဆေးဖျန်းခြင်းကို အသီးစတင်ထွက်ရှိရန် တစ်ပတ်အလိုတွင် ရပ်ဆိုင်းရပါသည်။

          စိုက်ပျိုးပြီး ရက်(၉၀) အကြာတွင် ဖရဲသီးများကို ခူးဆွတ်ရပါသည်။ (၁) ဧကတွင် ဖရဲသီး အရေအတွက် အလုံးပေါင်း(၇၀၀) ခန့်ထွက်ရှိပါသည်။ အရွယ်အစား အမျိုးအစာအလိုက် ဈေးနှုန်းများ ကွာခြားပါပြီး အလုံးကြီးတစ်လုံးလျှင် အလေးချိန် နှစ်ကီလိုခန့်ရှိပြီး (၃၀၀၀) မှ (၅၀၀၀)အထိပေါက် ဈေးရှိပါသည်။ တစ်ဆင့်ခံရောင်းချသူများမှ လာရောက်ဝယ်ယူ၍ တာချီလိတ်၊ မိုင်းလာသွား ကားလမ်းဘေးဝဲ/ယာများတွင် ယာယီရွက်ဖျင်တဲများဖြင့် ရောင်းချလျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဝယ်ယူစားသုံးလျက်ရှိကြောင်းကို ဖရဲစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရှိရပါ သည်။

          ဖရဲစိုက်ပျိုးမှု (၁) ဧကလျှင် ပိုးသက်ဆေး၊ အရွက်ဖျန်းဆေး၊ မြေဩဇာ၊ အလုပ်သမားခ အပါအဝင်သွင်းအားစုကုန်ကျစရိတ် စုစုပေါင်း (၂၃၅၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး  အကျိုးအမြတ် (၁၀) သိန်းကျော်ခန့်ရရှိကြောင်း သိရှိရပါသည်။ အကျိုးအမြတ်များသောကြောင့် စပါးရိတ်သိမ်းပြီးချိန်တွင် ဖရဲအများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ ကတ်တောင်ကျေးရွာ၊ မိုင်းဇင်းကျေးရွာ၊ ကတ်ဖအုပ်စု ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက် ရှိကြောင်းသိရပါသည်။

DOCA(ရှမ်း)