
ချင်းကို မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးကြရာ တောင်ပေါ်ဒေသများတွင်အများ ဆုံးစိုက်ပျိုး ကြပါသည်။ ချင်း(ဂျင်း)ကို ဟင်းခတ်အမွှေးအကြိုင်၊ တိုင်းရင်းဆေးများဖော်စပ်ရာတွင်အသုံး ပြုကြပါသည်။ ချင်းကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ် စိုက်ပျိုးကြ ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သာစည်မြို့နယ်ချင်းစိုက်ဧက (၁၅၃)ဧကရှိပြီး အထွက်(၂၂၉၅၉၉) ပိဿာ ထွက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရသိရပါသည်။
ချင်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းမှာ အနည်းငယ်သာ ထွက်ရှိသဖြင့် ဈေးကွက်တွင် ရှမ်းပြည်နယ် အောင်ပန်း၊ ဟဲဟိုး၊ နာမ့်ဆန်မှအဝင်များကြောင်း၊ မိတ္ထီလာဈေးကွက် အတွင်းသို့ တစ်လလျှင်ကုန်ချိန်ပိဿာ(၂၀၀၀၀)မှ(၅၀၀၀၀)ခန့်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ချင်းဈေးနှုန်းအနေဖြင့် ပွဲရုံလက္ကားဈေး အနှိမ့်စတစ်ပိဿာလျှင်(၂၂၀၀)ကျပ် ၊အလတ်စတစ်ပိဿာလျှင် (၂၆၀၀)ကျပ်၊ ထိပ်စတစ်ပိဿာလျှင်(၂၉၀၀)ကျပ်ဈေး၊ လက်လီ တစ်ပိဿာ လျှင်(၄၀၀၀-၆၀၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်း ယှဉ်လျှင် ချင်းတစ်ပိဿာ လျှင်(၅၀၀)ကျပ်ခန့်ဈေးနှုန်းအနည်းငယ်ကျဆင်လာကြောင်း၊ ပြည်ပဝယ်လိုအားရှိလျှင် ဈေးနှုန်းမြင့် တက်လာနိုင်ကြောင်း ချင်းပွဲရုံများမှ သိရှိရပါသည်။
DOCA(မန္တလေး)