Main menu

မလှိုင်မြို့နယ် မိုးမြေပဲများစိုက်ပျိုးမှု

Powered by Drupal

  မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ဆီထွက်သီးနှံမိုးမြေပဲများ စိုက်ပျိုးနေပြီးဖြစ်ကြောင်း သိရ သည်။ မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းဟူ၍ မြို့နယ် (၄) ခုရှိရာ မလှိုင်မြို့ နယ်သည် ဆီထွက်သီးနှံအနေနှင့် နှမ်း၊ မြေပဲ၊ နေကြာတို့တွင် နှမ်းနှင့်မြေပဲကို ခရိုင်အတွင်း နှစ်စဉ် အများဆုံး စိုက်ပျိုးသောမြို့နယ်ဖြစ်သည်။ မြေပဲစိုက်ပျိုးရာတွင် မိုးစိုက်၊ ဆောင်းစိုက်ဟူ၍ နှစ်သီး စိုက်ပျိုးနိုင်သော်လည်း မိုးမြေပဲအနေနှင့်သာ အဓိကထား စိုက်ပျိုးကြသည်။

    မိုးမြေပဲကို ပုံမှန်အားဖြင့် ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးပြီး၊ အောက်တိုဘာ၊ နိုဝင်ဘာလ များတွင် ရိတ်သိမ်းလေ့ရှိသော်လည်း မလှိုင်မြို့နယ်အနေဖြင့် မိုးမြေပဲကို မေ၊ဇွန်လများတွင် စိုက်ပျိုး ကာ စက်တင်ဘာ၊ အောက်တိုဘာလများတွင် နုတ်သိမ်းကြသည်။ ဒေသတွင်း၌ မြေပဲကို မျိုးအနေဖြင့် လုံးဆံ (အဖြူ) ကို စိုက်ပျိုးမှုများပြီး ၊ ယခုနှစ်တွင် မျိုးဈေးအနေဖြင် တစ်ပိဿာ (၁၀၀၀၀) ကျပ် ရှိကာ တောင်သူအများစုကတော့ ၎င်းတို့ချန်ထားသည့် မျိုးမလုံလောက်မှသာ ဝယ်ယူကြသည်။ ယခုနှစ်တွင် မြေပြင်ရန် စက်ထယ်ခအနေဖြင့် တစ်ဧကလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ကာ စိုက် ကြောင်း၊ ဆွဲရန်၊ထွန်လိုက်ရန်တို့အတွက် ကိုယ်ပိုင်နွားရှဉ်းဖြင့် လုပ်ကိုင်ကြပြီး၊ ငှားရမ်းမည်ဆိုပါက တစ်ဧက (၃၀၀၀၀) ကျပ်နှုန်းရှိကြောင်း၊ ပေါင်းနှုတ်ရန်အတွက် လုပ်သားခမှာ ယခုနှစ်တွင် တစ်ရက် လျှင် (၈၀၀၀) ကျပ်ဖြင့် ငှားရမ်းရကြောင်း သိရသည်။

    ယခင်နှစ်မြေပဲတစ်ဧက အထွက်နှုန်းမှာ မလှိုင်မြို့နယ်အနေဖြင့် တင်း (၄၀) ဝန်းကျင်ထွက်ရှိခဲ့ ပြီး၊ ရောင်းဈေးမှာ နှုတ်၊ဆွတ်ပြီးစအစို အတောင့်တစ်တင်းလျှင် (၁၅၀၀၀) ကျပ်၊ ဆွတ်ပြီးနောက် ရက်အနည်းငယ်ကြာ အနည်းငယ်ခြောက်သွေ့ပြီးမှရောင်းလျှင် အတောင့်တစ်တင်း (၂၀၀၀၀) ကျပ် ရရှိခဲ့လို့ တောင်သူတွက်ခြေကိုက်မှုရှိခဲ့ပါသည်။ ယခုနှစ်မှာလည်း ယခင်နှစ်ကဲ့သို့ အထွက်ကောင်း၊ ဈေး ကောင်းရဖို့ တောင်သူများမျှော်လင့် ထားကြောင်းသိရသည်။

DOCA(မန္တလေး)