
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲအခမ်းအနားကို ၂၉.၈.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါခိုင် နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်က အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့်လုပ်ငန်းရှင်များအား Online Sale လုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင်ပါဝင်သည့်အတွက် မှတ်ပုံတင်ရန်အရေးကြီး ကြောင်းနှင့်ရောင်းချမည့်ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က မြေပြင် ကွင်းဆင်းစစ်ဆေးမှုဆိုင်ရာကိစ္စရပ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက် လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)