Main menu

ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံ မိုးမြေပဲနှင့် မိုးနှမ်းကို တစ်ပိုင်တစ်နိုင် တိုးမြှင့်စိုက်ပျိုး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲနှင့် မိုးနှမ်း တို့အား ယခင်နှစ်ကထက် တစ်ပိုင်တစ်နိုင် တိုးမြှင့်စိုက်ပျိုးလာကြပါသည်။ ဒေသဈေးကွက်အတွင်း နှမ်းဆီ၊ ပဲဆီသန့်တို့ကို စားသုံးသူများ လိုအပ်လာသည့်အတွက် ဆီသန့် စားသုံးလိုမှုကိုရည်ရွယ်၍ စိုက်ပျိုးလာခြင်း ဖြစ်ကြောင်း သိရပါသည်။

         ဇီးကုန်းမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၉ အုပ်စုနှင့် မြို့ပေါ်၅ရပ်ကွက် စုစုပေါင်း ၃၄ အုပ်စုရှိပြီး အိမ်ထောင်စု (၂၀၀၀၀)ခန့်နှင့် လူဦးရေ (၇၀၀၀၀)ခန့် ရှိပါသည်။ မြို့နယ်တွင်းသက်ဆိုင်ရာ ဌာနများမှ ဦးဆောင်ပြီး  စိုက်ပျိုး၊ မွေးမြူ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး အတွက် ကျေးရွာပေါင်း ၁၃၄ ရွာ အားဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွာပေါင်း (၇၀)ကျော်သို့ လိုက်ပါ၍ ဌာနမှဆောင်ရွက်နေသော  ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေး ကမ္ဘာ့စားအုန်းဆီဈေးကွက် ၊ ပြည်တွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံ  စိုက်ပျိုးသင့်မှု၊ ရောနှောဆီ၊ ဗူးသွပ်ဆီနှင့် စားဆီအမျိုးမျိူး၏ အန္တရာယ်နှင့်လိုအပ်ချက်၊ သတင်းအချက် အလက်များအား ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆွေးနွေး ပေးခဲ့မှုကြောင့် ကျေးလက်နေ ပြည်သူများမှ သတိပြုလာမှု များရှိလာကြကြောင်း စိုက်ပျိုးတောင်သူ တချို့ထံမှ သိရပါသည်။

    ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧက (၁၅၇၀)နှင့် မိုးမြေပဲ(၁၂၇)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧက (၁၇၇၂)နှင့် မိုးမြေပဲ (၅၅၉) ဧက ခန့်စိုက်ပျိုးနိုင် ခဲ့သည့်အတွက် ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း၊  (၁၅.၉.၂၀၂၅) နေ့အထိ မိုးကြိုနှမ်း  (၉၉၈)ဧက ရိတ်သိမ်းပြီး   အထွက်နှုန်း  (၁၅-၁၆) တင်းခန့်ထွက်၊ မိုးမြေပဲ အနေဖြင့်  (၂၈၃)ဧကရိတ်သိမ်းပြီး  အထွက်နှုန်း (၆၅-၇၀)တင်းခန့် ထွက်ရှိ ကြောင်း သက်ဆိုင်ရာဦးစီးဌာနမှသိရပါသည်။

        ဒေသတွင်း ဆီထွက်သီးနှံ စိုက်ပျိုးတောင်သူ အိမ်ထောင်စုအများစုသည် မိရိုးဖလာ စိုက်ပျိုးကြ   သူများဖြစ်ပြီး ဆီသန့်ကြိတ်ခွဲကာ နှစ်ပတ်လည် စားသုံးရန်ဆီဖူလုံရေး တိုးမြှင့် စိုက်ပျိုး လာခြင်းဖြစ်ကြောင်း    နှမ်းသီးနှံအား အဓိကထားစိုက်ပျိုးပြီး မိုးမြေပဲအား ဆီကြိတ်ခွဲမှုအပြင် မြေပဲ လှော်၊ မြေပဲပြုတ်၊ မြေပဲဆံ (ကြော်)စားသုံးမှုများလည်းရှိကြောင်းသိရပြီး ဆီထွက်သီးနှံများ တစ်ပိုင်တစ်နိုင် တိုးမြှင့် စိုက်ပျိုးခြင်းဖြင့် ဒေသစားသုံးမှုဖူလုံပါက ပြည်တွင်းစားသုံးဆီ ဖူလုံလာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)