
အင်ဒိုနီးရှားနိုင်ငံ၏ ရိုးရာအထည်အလိပ်အမွေအနှစ်များသည် ကုန်သွယ်မှုသံတမန်ရေး ဆောင်ရွက်မှုများနှင့် နိုင်ငံတကာဈေးကွက် ၃၂ ခုသို့ ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ပေးမှုများကြောင့် ကမ္ဘာ့တင်ပို့မှုအလားအလာ အမေရိကန်ဒေါ်လာ ၂၅၁.၃၄ သန်းခန့်ရှိကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Esti Widya Putri က ဂျကာတာမြို့တွင် ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပသည့် BTN Indonesia Fashion Week (IFW) ၂၀၂၆ ဖွင့်ပွဲအခမ်းအနား၌ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကာလ အတွင်း စီးပွားရေးလုပ်ငန်းချိတ်ဆက်ပွဲ (Business Matching) ၄၂၄ ကြိမ်နှင့် ထုတ်ကုန်မိတ်ဆက် တင်ပြပွဲ (Product Pitching) များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအစီအစဉ်များတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ၁,၁၄၈ ဦး ပါဝင်ခဲ့ပြီး အင်ဒိုနီးရှား ကုန်သွယ်မှုမြှင့်တင်ရေးစင်တာ (Indonesia Trade Promotion Center-ITPC) များ၊ ကုန်သွယ်ရေးသံမှူးများ၏ ကွန်ရက်နှင့် “MSMEs Can Export” အမျိုးသားအစီအစဉ်တို့၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဗဟိုနှင့် ဒေသဆိုင်ရာသက်ဆိုင်သူများနှင့် ပူးပေါင်း၍ အင်ဒိုနီးရှားရိုးရာအထည်အလိပ်များကို သမိုင်းကြောင်းနက်ရှိုင်းသည့် ယဉ်ကျေးမှုသင်္ကေတများအဖြစ် နိုင်ငံတကာဈေးကွက်တွင် စိတ်ဝင်စားမှုရရှိစေရန် မြှင့်တင်ပေးသည့် အဓိကပွဲများကို ဆက်လက်ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း Roro က ပြောကြားခဲ့ပါသည်။ ယခုနှစ် Indonesia Fashion Week ကို ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ ရက်အထိ ကျင်းပလျက်ရှိပြီး “Ulos Simetria” ဟူသော ခေါင်းစဉ်ဖြင့် မြောက်ဆူမားတြားပြည်နယ်ရှိ Batak လူမျိုးတို့၏ ရိုးရာလက်ယက်အထည် “Ulos” ကို အဓိကထား ဖော်ပြလျက်ရှိကြောင်း သိရပါသည်။ သမိုင်းအစဉ်အလာအရ Ulos အထည်ကို အရေးပါသည့်အခမ်းအနားများတွင် ဝတ်ဆင်လေ့ရှိပြီး ဆုတောင်းမေတ္တာ၊ ချစ်ခင်ကြင်နာမှုနှင့် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့လက်ဆင့်ကမ်းသည့် ပညာအမွေအနှစ်တို့ကို ကိုယ်စားပြုကြောင်း သိရပါသည်။ တစ်ဖက်တွင် “Simetria” (ညီမျှဟန်ချက်) ဆိုသည့် အယူအဆမှာ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးနှင့် ခေတ်မီစီးပွားရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုတို့အကြား ဟန်ချက်ညီမျှမှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရပါသည်။ Roro က Ulos ကို ဟန်ချက်ညီမျှမှုဆိုသည့် အယူအဆနှင့် ပေါင်းစပ်လိုက်သည့်အခါ ထိုခေါင်းစဉ်က အင်ဒိုနီးရှားဖက်ရှင်လုပ်ငန်းအတွက် အရေးပါသည့် သတင်းစကားတစ်ခုကိုပေးပို့ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို တီထွင်ဆန်းသစ်မှုများနှင့် ဆက်စပ်ထိန်းသိမ်းသွားရန်၊ ယဉ်ကျေးမှုတန်ဖိုးများကို စီးပွားရေးတန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ဖော်ဆောင်ရန်နှင့် မြောက်ဆူမားတြားဒေသ၏ ဒေသဆိုင်ရာဉာဏ်ပညာကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်ရန်ဖြစ်ကြောင်းနှင့် အဆိုပါခေါင်းစဉ်သည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရုံသာမက ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်သည့် တန်ဖိုးမြင့် ကုန်စည်များ အဖြစ်လည်း ရှုမြင်နိုင်ရန် ပြည်သူများကိုအားပေးတိုက်တွန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဖက်ရှင်ကဏ္ဍသည် ယဉ်ကျေးမှုသံတမန်ရေးအတွက် ထိရောက်သည့် ကိရိယာတစ်ရပ်ဖြစ်ပြီး အင်ဒိုနီးရှားရိုးရာအထည်အလိပ်များ၏ လက်မှုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများထံ မျှဝေပေးခြင်းအားဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆက်ဆံရေးကို ပိုမိုခိုင်မာစေကြောင်း ကုန်သွယ်ရေးဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
