Main menu

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ပထမ ၁၅ ရက်အတွက် သကြားရောင်းချမှုခွဲတမ်းကို တန်ချိန် ၁.၄ သန်း အိန္ဒိယအစိုးရသတ်မှတ်

Powered by Drupal

     အိန္ဒိယနိုင်ငံတစ်ဝန်းရှိ သကြားစက်ရုံများအနေဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၏ ပထမ ၁၅ ရက်အတွင်း သကြားတန်ချိန် ၁.၄၀ သန်း ရောင်းချရန် အစိုးရက ညွှန်ကြားထားကြောင်း စားနပ် ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဦးစီးဌာန (Department of Food and Public Distribution) က လူမှု ကွန်ယက်တွင် ဖော်ပြခဲ့သည်။ အောက်တိုဘာလ ပထမနှစ်ဝက်အတွင်း ဘာသာရေးနှင့် ရိုးရာပွဲတော် များ အများအပြားကျင်းပမည်ဖြစ်သဖြင့် လာမည့်နှစ်ပတ်အတွက် သကြားရောင်းချမှု ခွဲတမ်းကို စက်တင်ဘာလ ပထမ ၁၅ ရက်အတွက် တန်ချိန် ၁.၃ သန်းနှင့် ဒုတိယ ၁၅ ရက်အတွက် တန်ချိန် ၁.၃၅ သန်း သတ်မှတ်ခဲ့သည်ထက် ပိုမိုမြင့်မားစွာ သတ်မှတ်ထားခြင်းဖြစ်သည်။

    သကြားဈေးနှုန်းများ စံချိန်တင်မြင့်တက်နေမှုကို လျှော့ချရန် အစိုးရသည် စက်တင်ဘာလမှ စတင်၍ သကြားစက်ရုံများအတွက် တစ်လစာ ရောင်းချမှုခွဲတမ်းအစား ၁၅ ရက်လျှင် တစ်ကြိမ် ရောင်းချမှုခွဲတမ်းများ သတ်မှတ်ကြေညာခဲ့သည်။ စက်ရုံများအနေဖြင့် တစ်လအတွင်း သကြားကို လုံလောက်စွာ ဖြန့်ချီရောင်းချနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလအတွင်း သကြားစက်ရုံများအနေဖြင့် စုစုပေါင်း တန်ချိန် ၂.၆၅ သန်း ရောင်းချရန် အစိုးရ က သတ်မှတ်ခဲ့ပြီး၊ ယင်းပမာဏမှာ ယခင်နှစ် တန်ချိန် ၂.၃၅ သန်းထက် ၁၃ ရာခိုင်နှုန်း ပိုမိုမြင့်မား သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် သကြားစက်ရုံများအား တန်ချိန် ၂.၄ သန်း ရောင်းချရန် သတ်မှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင်မူ တန်ချိန် ၂.၅၅ သန်း ရောင်းချရန် သတ်မှတ်ခဲ့ ကြောင်း သိရသည်။

    Navratri၊ Durga Puja နှင့် Dussehra ကဲ့သို့သော ပွဲတော်များမတိုင်မီ သကြားဝယ်လိုအား မြင့်တက်လေ့ရှိပြီး ယခုနှစ်တွင် အဆိုပါပွဲတော်များကို အောက်တိုဘာလအတွင်း ကျင်းပမည်ဖြစ် သည်။ ယင်းနောက် နိုဝင်ဘာလတွင် ဒီပါဝလီ (Diwali) အပါအဝင် အခြားပွဲတော်များ ဆက်လက် ကျင်းပမည်ဖြစ်သည်။ သို့သော် ယခုနှစ်သကြားဈေးနှုန်းများသည် ပုံမှန်အားဖြင့် ဝယ်လိုအားနည်းပါး လေ့ရှိသည့် ဇူလိုင်လမှစတင်၍ မြင့်တက်လာခဲ့သည်။ မိုးရာသီကာလအတွင်း အေးမြစိုစွတ်မှုကြောင့် စားသုံးသူများအနေဖြင့် အချိုပွဲနှင့် အအေးဖျော်ရည်များထက် အကြော်အလှော် အစားအစာများကို ပိုမိုနှစ်သက်လေ့ရှိသဖြင့် ဇူလိုင်လသည် ပုံမှန်အားဖြင့် သကြားဝယ်လိုအား လျော့နည်းသည့်ကာလ ဖြစ်သည်။

    လာမည့်လများတွင် သကြားလက်ကျန်ပမာဏ လျော့နည်းနိုင်သည့် ခန့်မှန်းချက်များနှင့် အတူ ဈေးကွက်တွင် ခန့်မှန်းရောင်းဝယ်မှု များပြားလာခြင်းကြောင့် ဇူလိုင်လမှ ဩဂုတ်လအတွင်း သကြားဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အလွန်အကျွံဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် အစိုးရသည် ကုန်သည်များအပေါ် သိုလှောင်ထားရှိနိုင်သည့် ပမာဏကန့်သတ်ချက်များ ချမှတ်ခြင်းနှင့် သကြားစိမ်း (Raw Sugar) တင်သွင်းခွင့်ပြုခြင်း စသည့်အစီအမံများ ဆောင်ရွက်ခဲ့သဖြင့် သကြားထောက်ပံ့မှု အခြေအနေမှာ ပိုမိုကောင်းမွန်လာခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။

    သကြားလုပ်ငန်းရှင်များအသင်းမှ ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ လက်လီဈေးကွက်တွင် သကြားဈေးနှုန်းသည် စံချိန်တင်မြင့်မားခဲ့သည့် အမြင့်ဆုံးဈေးမှ ၁၁ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီး ပျမ်းမျှအားဖြင့် တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၅၇.၅ ရှိကြောင်း သိရသည်။ ထို့အပြင် စက်ရုံ‌ရောင်းဈေး (ex-mill price) သည်လည်း ၃၀ ရာခိုင်နှုန်း ခန့် ကျဆင်းလာပြီး ၁၀၀ ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၄,၄၅၀ ခန့် ရှိခဲ့သည်။ ဩဂုတ်လအတွင်း အချို့သော ဈေးကွက်များ၌ စက်ရုံ‌ရောင်းဈေးသည် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၆,၀၀၀ မှ ၆,၄၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

    အချိုရည်ထုတ်လုပ်သူများနှင့် အစားအစာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် သကြားထောက်ပံ့ရေးကွင်းဆက်တစ်လျှောက်ရှိ လုပ်ငန်းအားလုံးအနေဖြင့် လာမည့်ပွဲတော်ကာလ အတွင်း သကြားနှင့် သကြားပါဝင်သည့် ထုတ်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရရှိနိုင်စေ ရေး ဆောင်ရွက်ကြရန် အစိုးရမှ တိုက်တွန်းထားကြောင်း သိရသည်။

    ၂၀၂၅-၂၆ သကြားရာသီနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) အတွက် လစဉ်သ ကြား ရောင်းချမှုခွဲတမ်းများကို စုစုပေါင်းတွက်ချက်ပါက တန်ချိန် ၂၇.၂၀ သန်း ရှိပြီး၊ ၂၀၂၄-၂၅ ရာသီနှစ် အတွက်  တန်ချိန် ၂၇.၅၅ သန်းထက် လျော့နည်းကြောင်း အချက်အလက်များအရ သိရသည်။ အိန္ဒိယနိုင်ငံ၏ နှစ်စဉ်သကြားစားသုံးမှုပမာဏမှာ တန်ချိန် ၂၈ သန်းမှ ၂၉ သန်းခန့်ရှိနိုင်ကြောင်း ခန့်မှန်းချက်များအရ သိရှိရသည်။

Source: Informist, 30 Sept 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)