Main menu

အိန္ဒိယနိုင်ငံ၏ နေကြာဆီတင်သွင်းမှုသည် တန်ချိန် ၃.၅ သန်းအထိ ၃၀ % မြင့်တက်နိုင်

Powered by Drupal

     အိန္ဒိယနိုင်ငံ၏ နေကြာဆီတင်သွင်းမှုသည် ၂၀၂၆-၂၀၂၇ စျေးကွက်နှစ်တွင် တန်ချိန် ၃.၅ သန်းအထိရှိနိုင်ပြီး ၃၀ % အထိ မြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။ ထိုသို့မြင့်တက်လာခြင်းမှာ နေကြာဆီတင်သွင်းမှုအပေါ် သွင်းကုန်အခွန်နှုန်းများလျှော့ချလိုက်ခြင်းကြောင့် ပြည်တွင်းတွင် စျေးနှုန်းများကျဆင်းလာပြီး ဝယ်လိုအားမြင့်တက်လာခြင်းတို့နှင့်ဆက်စပ်နေကြောင်း စားသုံးဆီ နယ်ပယ်မှ ခေါင်းဆောင်တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

    နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်သော လာမည့်စျေးကွက်နှစ်အတွင်း နေကြာဆီတင်သွင်းမှု တစ်ရှိန်ထိုးမြင့်တက်လာနိုင်ဖွယ်ရှိခြင်းသည် ပဲပုပ်ဆီဝယ်ယူမှုကို ၁၀.၇ % လျှော့ချပြီး တန်ချိန် ၅ သန်း အထိ ကျဆင်းလာနိုင်သည်ဟု အိန္ဒိယ စားသုံးဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (SEA) ဥက္ကဌ Mr. Angshu Mallick က ပြောကြားခဲ့သည်။

    သွင်းကုန်အခွန်နှုန်းများလျှော့ချလိုက်ခြင်းကြောင့် လက်ရှိအချိန်တွင် နေကြာဆီသည် စားသုံး သူများအတွက် ဝယ်ယူရန် ပိုမိုလွယ်ကူလာခဲ့သည်။ အခွန်နှုန်းများလျှော့ချခြင်းက နေကြာဆီ စားသုံး မှုကို မြှင့်တင်ပေးနိုင်ရန် ‌မျှော်လင့်ထားကြောင်း Globoil ညီလာခံတွင် Mr. Mallick က ပြောကြား ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ်တွင် နေကြာဆီကြမ်း တင်သွင်းမှုအတွက် ကောက်ခံသော အခြေခံသွင်းကုန်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့ သည်။

    ထို့အပြင် နှစ်သစ်တွင် စားအုန်းဆီ (palm oil) တင်သွင်းမှုသည် တန်ချိန် ၈ သန်းခန့်ဖြင့် တည်ငြိမ်နေဖွယ်ရှိသော်လည်း အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ထောက်ပံ့မှုအပေါ် စိုးရိမ်မှုများရှိနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာပါက ဝယ်ယူမှုများအပေါ် သက်ရောက်မှုရှိနိုင် ကြောင်း Mr. Mallick က ဆက်လက်ပြောကြားခဲ့သည်။

    အယ်လ်နီညိုရာသီဥတုကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်ခြင်းနှင့် အဓိကတင်ပို့သည့် နိုင်ငံ ဖြစ်သော အင်ဒိုနီးရှားတွင် ဇီဝဒီဇယ်ဆီ (biodiesel) ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ထောက်ပံ့မှုများ တင်းကျပ်လာနိုင်သဖြင့် ၂၀၂၇ ခုနှစ်တွင် စားအုန်းဆီ၏ ဈေးနှုန်းသည် ပဲပုပ်ဆီ (soy oil)ထက် ပိုမိုမြင့်မားသည့်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား စားအုန်း ဆီအသင်း ဥက္ကဋ္ဌ အက်ဒီ မာတိုနို(Eddy Martono) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံသည် ၎င်း၏ဟင်းသီးဟင်းရွက်ဆီလိုအပ်ချက်၏ သုံးပုံနှစ်ပုံနီးပါးကို ပြည်ပမှ တင်သွင်းနေရပြီး စားအုန်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီ တို့ကို မလေးရှား၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိကတင်သွင်းကြောင်း သိရပါသည်။

    အိန္ဒိယနိုင်ငံတွင် ပြည်တွင်း၌ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မုန်ညှင်းစေ့ အထွက်နှုန်း အပေါ် ထိခိုက်မည်ဆိုပါက တန်ချိန် ၁ သန်းအထိ တိုးမြှင့်တင်သွင်းရဖွယ်ရှိသော်လည်း ၂၀၂၆-၂၀၂၇ စျေးကွက်နှစ်တွင် ဟင်းသီးဟင်းရွက်ဆီ စုစုပေါင်း တန်ချိန် ၁၆.၅ သန်းမှ တန်ချိန် ၁၇ သန်းဖြင့် တည်ငြိမ်ဖွယ်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ မုန်ညှင်းစေ့ (Rapeseed)သည် အိန္ဒိယနိုင်ငံ တွင် ဆောင်းရာသီ၌ အဓိကစိုက်ပျိုးသော ဆီထွက်သီးနှံဖြစ်ပြီး ဆီပါဝင်မှုသည် ၄၀ % နီးပါးရှိကာ နိုင်ငံ၏ စားသုံးဆီ အထောက်အပံ့ပေးမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။

    အိန္ဒိယနိုင်ငံ၏ မုန်ညှင်း(Rapeseed) ထုတ်လုပ်မှုထက်ဝက်နီးပါးကို အထောက်အကူပြုသော အနောက်မြောက်ပိုင်း Rajasthan ပြည်နယ်သည် (ဇွန်လမှ စက်တင်ဘာလ) မုတ်သုံရာသီအတွင်း မိုးရွာသွန်းမှုသည် ပျမ်းမျှထက် ၂၂ % လျော့နည်းခဲ့ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 30 Sept 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)