Main menu

ဘင်္ဂလားဒေ့ရှ်ထံသို့ ယူရီးယားတစ်တန်လျှင် ၁၀ ဒေါ်လာ လျှော့ဈေးဖြင့် ရောင်းချပေးမည်ဟု ရုရှားကမ်းလှမ်း

Powered by Drupal

       ရုရှားနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်းဓာတ်မြေဩဇာလိုအပ်ချက်ကို ကူညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြားနိုင်ငံများသို့ ရောင်းချနေသည့် ဈေးနှုန်းထက် တစ်တန်လျှင် ၁၀ ဒေါ်လာ လျော့ချလျက် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးလိုကြောင်း ကမ်းလှမ်းခဲ့ သည်ဟု ဘင်္ဂလားဒေ့ရှ် The Daily Star သတင်းဌာနက ဖော်ပြပါသည်။

       ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဒါကာမြို့ရှိ အတွင်းဝန်ရုံး၌ ဘင်္ဂလားဒေ့ရှ် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Khandakar Abdul Muktadir နှင့် တွေ့ဆုံဆွေးနွေးရာတွင် ရုရှားနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Vyacheslav Sentyurin က ယင်းအဆိုပြုချက်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ပြောကြားချက်အရ ရုရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်ပိုရေးရှင်း JSC FEC Prodintorg အနေဖြင့် ယူရီးယား ဓာတ်မြေဩဇာ တန်ချိန် ၂၈၀၀၀၀ ကို ဘင်္ဂလားဒေ့ရှ် ဓာတုဗေဒစက်မှုလုပ်ငန်းများ ကော်ပိုရေးရှင်း မှတစ်ဆင့် ပေးသွင်းလိုကြောင်း သိရသည်။

       အဆိုပါကမ်းလှမ်းချက်ကိုအကောင်အထည်‌ဖော်ဆောင်ခြင်းသည် ဘင်္ဂလားဒေ့ရှ်ပြည်တွင်း ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ထောက်ပံ့ပေးသွင်းနိုင်မှုကို ခိုင်မာစေဖွယ် ရှိသည်။

       ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် စားနပ်ရိက္ခာဖူလုံမှု အားကောင်းခိုင်မာစေရေး ကြိုးပမ်းမှု အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေကြာဆီ၊ စားတော်ပဲဝါ၊ ကုလားပဲ၊ ပဲနီလေးအနီနှင့် ပဲနီလေးအစိမ်း တို့ကို ပေးသွင်းရန် စိတ်ဝင်စားမှုရှိသည်ဟု ရုရှားနိုင်ငံဘက်က ပြောဆိုခဲ့သည်။

       ဘင်္ဂလားဒေ့ရှ်ဝန်ကြီး Muktadir ကလည်း ဘင်္ဂလားဒေ့ရှ်သို့ ပိုတက်ရှ် ခေါ် ပိုတက်စီယမ် ကလိုရိုက် ဓာတ်မြေဩဇာနှင့် ဂျုံတို့ကို ပုံမှန် ထောက်ပံ့ပေးနိုင်ရေး ရုရှားနိုင်ငံဘက်မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

       ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်စဉ် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၂၆ သိန်းမှ ၂၇ သိန်း ခန့်အထိ လိုအပ်လျက်ရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့ရှိ ကုန်လက်ကျန် သိုလှောင်ထားရှိမှုမှာ တန်ချိန် ၆.၂ သိန်း ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။

Source: The Daily Star, 28 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)