Main menu

၂၀၂၆ ခုနှစ်အတွက် ဆန်တင်သွင်းရန် အစီအစဉ်မရှိသည့် အင်ဒိုနီးရှား

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ကြောင့် ဆန်ထုတ်လုပ်မှု အပေါ်သက်ရောက်မှုရှိနိုင်သည့် အန္တရာယ်များရှိနေသော်လည်း ၂၀၂၆ ခုနှစ်အတွင်း ဆန်တင်သွင်းရန် မလိုအပ်နိုင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၂၈.၇၁ သန်းအထိ ရောက်ရှိရန်မျှော်မှန်းထားပြီး ဆန်ထုတ်လုပ်မှုမှာ အပြုသဘောဆောင်သည့် လမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိနေကြောင်း စိုက်ပျိုးရေးဝန်ကြီး၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြံပေးပညာရှင် Hasil Sembiring က ဂျကာတာမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်းဗျူရို (BPS) ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၂၈.၇၁ သန်းရှိမည်ဟုခန့်မှန်းထားပြီး ယခင်နှစ်တူညီသည့်ကာလထက် ၀.၀၁ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရ၏အချက်အလက်များအရ နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ Bulog တွင် ဇူလိုင် ၂ ရက်အထိ ဆန်လက်ကျန် တန်ချိန် ၅.၁၈ သန်း သိုလှောင်ထားရှိကြောင်း သိရပါသည်။ အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာနိုင်သည့် မိုးခေါင်ခြင်း အခြေအနေများကို ကြိုတင်ရင်ဆိုင်နိုင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနသည် တောင်သူလယ်သမားအဖွဲ့များသို့ ရေစုပ်စက် ၈၀,၁၅၈ လုံးကျော် ဖြန့်ဝေထားကြောင်း Sembiring က ပြောသည်။ အဆိုပါရေစုပ်စက်များကို မိုးခေါင်မှုကြုံတွေ့နေရသည့်ဒေသများရှိ ချောင်းများ၊ မြစ်ငယ်များနှင့် အခြားရေအရင်းအမြစ်များမှရေကို စိုက်ခင်းများသို့ပို့ဆောင်ပေးရန် အသုံးပြုမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် စိုက်ပျိုးရေးဝန်ကြီးဌာနသည် ရေဆုံးရှုံးမှုလျော့နည်းစေရန်နှင့် ရရှိနိုင်သည့် ရေအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ရန် ဆည်မြောင်းကွန်ရက်များကိုလည်း အဆင့်မြှင့်တင်လျက်ရှိကြောင်း သိရပါသည်။ အစိုးရသည် ဆန်စိုက်တောင်သူများအတွက် မိုးခေါင်ဒဏ်ခံနိုင်သည့် မျိုးစပါးများနှင့် သက်တမ်းတိုသီးနှံမျိုးများစိုက်ပျိုးရေးကို မြှင့်တင်လျက်ရှိပြီး အချို့မျိုး စပါးများမှာ ရက်ပေါင်း ၉၇ မှ ၉၈ ရက်အတွင်း ရိတ်သိမ်းနိုင်ပြီး သာမန်မျိုးစပါးများမှာ ရက်ပေါင်း ၁၂၀ ခန့် ကြာမြင့်ကြောင်း Sembiring က ပြောကြားခဲ့ပါသည်။ ထို့အပြင် စိုက်ပျိုးရေးဝန်ကြီးဌာနသည် ရာသီဥတုပြောင်းလဲမှုနှင့် ကိုက်ညီစေရန် စိုက်ပျိုးချိန်များကို ချိန်ညှိနိုင်ရေးအတွက် Crop Calendar စနစ်ကိုလည်း အသုံးပြုလျက်ရှိကြောင်း သိရပါသည်။ ၎င်းတို့တွင် Crop Calendar ဟုခေါ်သည့် စနစ်ရှိသည့်အတွက် မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒအေဂျင်စီမှ နောက်ဆုံးရ အချက်အလက်များကို အမြဲရရှိကြောင်းနှင့် လအတော်ကြာကတည်းက ထိုစနစ်ကို အဆင့်မြှင့်တင်ရန်ပြင်ဆင်နေခဲ့သည့်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနအနေနှင့် အယ်လ်နီညိုအတွက် အဆင်သင့်ဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ Prabowo Subianto သည် အစားအစာဖူလုံမှုမြှင့်တင်ရေးနှင့် စားနပ်ရိက္ခာတင်သွင်းမှုအပေါ် မှီခိုအားထားမှုလျှော့ချရေးကို အစိုးရ၏ ဦးစားပေးမူဝါဒအဖြစ် သတ်မှတ်ထားပြီး ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ဆန်တင်သွင်းမှု ရပ်ဆိုင်းရန်နှင့် ပြည်တွင်းဆန်လက်ကျန် တိုးမြှင့်နိုင်ရေးအတွက် တောင်သူများ၏ စပါးအထွက်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဝယ်ယူစုဆောင်းပေးရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)