
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမခုနစ်လအတွင်း ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များအတွက် အဓိကပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး စုစုပေါင်းစိုက်ပျိုး ရေးထွက်ကုန် တင်ပို့မှုတန်ဖိုး၏ ၂၁.၉ ရာခိုင်နှုန်းအထိရှိခဲ့ကာ ယခင်နှစ်တူညီသည့်ကာလထက် ၂၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဈေးကွက်အခြေအနေများ ပြောင်းလဲလာနေ သည့်ကြားတွင် ယှဉ်ပြိုင်နိုင်စွမ်းကိုဆက်လက်ထိန်းသိမ်းနိုင်ရန် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍများအနေဖြင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေး၊ ထုတ်ကုန်ခြေရာခံစနစ် (traceability) ဖော်ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များကို စနစ်တကျဖွဲ့စည်းရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ ဒုတိယအထွေထွေ အတွင်းရေးမှူး Le Hang ၏ ပြောကြားချက်အရ တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတို့သည် ဇူလိုင်လအတွင်း ဗီယက်နမ်နိုင်ငံ၏ရေထွက်ကုန်တင်ပို့မှုအတွက် အားကောင်းသည့်ဈေးကွက်များအဖြစ် ဆက်လက်တည်ရှိခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၆၇ သန်းကျော် ရရှိခဲ့ပြီး ယခင်နှစ်တူညီ သည့်ကာလထက် ၂၄.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပထမခုနစ်လအတွင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံနီးပါး ရှိခဲ့ပြီး ၃၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍသည်လည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းမွန်မှုမှ အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမ ခြောက်လအတွင်း ဗီယက်နမ်နိုင်ငံသည် တရုတ်ပြည်မကြီး၏ ဒုတိယအကြီးဆုံး ဒူးရင်းသီး တင်သွင်းရာနိုင်ငံဖြစ်ခဲ့ပြီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၄၆ သန်း ရှိခဲ့ကာ တရုတ်နိုင်ငံ၏ စုစုပေါင်းဒူးရင်းသီးတင်သွင်းမှု၏ ၁၈ ရာခိုင်နှုန်းခန့်ကို ရရှိခဲ့ကြောင်း သိရပါသည်။ ထို့ပြင် သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ပြုပြင်ထုတ်လုပ်ပြီးထုတ်ကုန်များတင်သွင်းသည့် တရုတ်ဈေးကွက်တွင် ဗီယက်နမ်နိုင်ငံသည် တင်သွင်းသူနိုင်ငံများအနက် တတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ၎င်းကဏ္ဍ၏ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၂၂ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလထက် ၁၉.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် တရုတ်ဈေးကွက်အတွင်း ဗီယက်နမ်၏ ဈေးကွက်ဝေစုမှာ ၁၄ ရာခိုင်နှုန်းမှ ၁၆.၁ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ကော်ဖီသည်လည်း တရုတ်ဈေးကွက်တွင် ဈေးကွက်ဝေစု တိုးမြှင့်ရရှိလာကြောင်း သိရပါသည်။ ပထမငါးလအတွင်း တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံမှ ကော်ဖီတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၉.၆ သန်း ရှိခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၈၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ကော်ဖီတင်သွင်းမှုဈေးကွက်တွင် ဗီယက်နမ်၏ ဈေးကွက်ဝေစုမှာ ၈.၈ ရာခိုင်နှုန်းမှ ၁၅.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ သို့သော် တရုတ်ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာနေကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ သစ်သီးနှင့် ဟင်းသီးဟင်းရွက် အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ထိုင်းနိုင်ငံသည် ထောက်ပံ့ပို့ဆောင်ရေးစနစ်၊ အရည်အသွေးထိန်းချုပ်မှုနှင့် တည်ငြိမ်သော ထောက်ပံ့ရေးကွင်းဆက်များကြောင့် တရုတ်နိုင်ငံ၏ ဒူးရင်းဈေးကွက်တွင် လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံသည်လည်း တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုတွင် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀.၂၆ သန်း ဖြင့် ၃၄၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဒူးရင်းသီးထုတ်လုပ်မှုများပြားလာခြင်းနှင့် ဈေးနှုန်းများကျဆင်း လာခြင်းတို့ဖြစ်ပေါ်နေသည့် အခြေအနေတွင် ထုတ်လုပ်မှုတိုးချဲ့ခြင်းနှင့် အတူတင်သွင်းသူနိုင်ငံများ၏ နည်းပညာဆိုင်ရာသတ်မှတ်ချက်များနှင့် အပင်ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေးနှင့် သတ်မှတ်ချက်များကိုပြည့်မီစေရန်ဆောင်ရွက်ရေးမှာလည်း အရေးကြီးကြောင်း ကျွမ်းကျင်သူများက အလေးပေးပြောကြားခဲ့ပါသည်။ ဇူလိုင်လနှောင်းပိုင်းတွင်ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ဆုံးဖြတ်ချက်အမှတ် ၃၆/၂၀၂၆/NQ-CP သည် စိုက်ပျိုးထုတ်လုပ်သည့်ဧရိယာများနှင့် ထုပ်ပိုးစက်ရုံများအတွက် သတ်မှတ်ကုဒ်များထုတ်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုရိုးရှင်းစေရန်မျှော်မှန်းထားပြီး ပို့ကုန်လုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးကာ ပို့ကုန်စွမ်းရည်မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရပါသည်။ တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးအကြံပေး Nong Duc Lai က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းဒေသများသည် ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်များအတွက် အဓိကဈေးကွက်များအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်ကုမ္ပဏီများက အပူပိုင်းဒေသထွက်ကုန်ကြမ်းများ ရရှိအသုံးချနိုင်ရန်နှင့် တတိယနိုင်ငံများသို့ဝင်ရောက်နိုင်ရန် ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့လာခြင်းကြောင့် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနေကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
