
အင်ဒိုနီးရှားနိုင်ငံ စက်မှုဝန်ကြီးဌာနသည် ဓာတ်မြေဩဇာထုတ်ကုန်များ၏ အရည်အသွေးမြှင့်တင်ရန်၊ စားနပ်ရိက္ခာဖူလုံရေးကိုအထောက်အကူပြုရန်နှင့် ပြည်တွင်းထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်အတွက် ဓာတ်မြေဩဇာဆိုင်ရာ စံချိန်စံညွှန်းများ၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးနှင့် လုပ်သားကျွမ်းကျင်မှုများကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က စံချိန်စံညွှန်းများနှင့် အရည်အသွေးအာမခံမှုသည် စက်မှုလုပ်ငန်းကဏ္ဍ ခံနိုင်ရည်ရှိမှုကိုမြှင့်တင်ရာတွင် အရေးပါပြီး အထူးသဖြင့် မဟာဗျူဟာမြောက်ဓာတ်မြေဩဇာကဏ္ဍအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် အရည်အသွေးအာမခံမှုသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရုံထက် ပိုမိုအရေးကြီးကြောင်းနှင့် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ထုတ်ကုန်အပေါ် ယုံကြည်မှုတည်ဆောက်ရန်နှင့် နိုင်ငံ၏စက်မှုလုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အဓိကကျကြောင်း Agus က ဩဂုတ်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
မကြာသေးမီက Pontianak မြို့ရှိ စက်မှုစံချိန်စံညွှန်းနှင့် ဝန်ဆောင်မှုဗဟိုဌာန (BSPJI) သည် ဓာတ်မြေဩဇာထုတ်လုပ်သည့် PT Garuda Mas Borneo ကုမ္ပဏီနှင့် တွေ့ဆုံ၍ ထုတ်ကုန် အသိအမှတ်ပြုလက်မှတ်ရရှိရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပိုမိုခိုင်မာစေရန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ တွေ့ဆုံဆွေးနွေးမှုတွင် အင်ဒိုနီးရှား အမျိုးသားစံချိန်စံညွှန်း (SNI)၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်၊ ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးမှုများနှင့် နည်းပညာပိုင်းဆိုင်ရာလုပ်သားများအား လေ့ကျင့်သင်ကြားပေးရေးတို့အပါအဝင် ဓာတ်မြေဩဇာအရည်အသွေးမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ စက်မှုစံချိန်စံညွှန်းနှင့် ဝန်ဆောင်မှုမူဝါဒအေဂျင်စီ (BSKJI) အကြီးအကဲ Emmy Suryandari က နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများသည် စက်မှုလုပ်ငန်းများ၏ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေကြောင်း ပြောကြားခဲ့ပါသည်။ စံချိန်စံညွှန်း သတ်မှတ်မှုမှတစ်ဆင့် ထုတ်ကုန်များသည် အရည်အသွေး၊ ဘေးကင်းလုံခြုံမှုနှင့် တစ်ပြေးညီဖြစ်မှု ဆိုင်ရာသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်အာမခံနိုင်မည်ဖြစ်ပြီး ယင်းက ပြည်တွင်း ထုတ်လုပ်သူများအနေဖြင့် နိုင်ငံတကာပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ရာတွင် ပိုမိုခိုင်မာသည့် အနေအထားရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။ Pontianak BSPJI အကြီးအကဲ Ahmad Nashoruddin Muammar က စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ထုတ်လုပ်သူများအနေဖြင့် သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် အသိအမှတ်ပြုလက်မှတ် ဆိုင်ရာလိုအပ်ချက်များကို ပြည့်မီစေရန်ကူညီပေးရေးအတွက် ဌာန၏ ကြိုးပမ်းမှုများကို အထောက်အကူပြုကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်ကုန်အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရန် စီးပွားရေးလုပ်ငန်းများအတွက် စမ်းသပ်စစ်ဆေးမှု၊ အသိအမှတ်ပြုလက်မှတ်၊ နည်းပညာပိုင်းဆိုင်ရာအကြံပေးမှုနှင့် လုပ်သားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးတို့မှတစ်ဆင့် ပံ့ပိုးပေးရန် အသင့်ရှိကြောင်းနှင့် ဓာတ်မြေဩဇာစက်မှုလုပ်ငန်းသည် စိုက်ပျိုးရေးကဏ္ဍနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက်အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဓာတ်မြေဩဇာများ၏ အရည်အသွေးကို အာမခံနိုင်ရန် စံချိန်စံညွှန်းများနှင့် ထုတ်ကုန်အသိအမှတ်ပြုလက်မှတ်များသည် မရှိမဖြစ်လိုအပ်ကြောင်း Ahmad က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
