Main menu

ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

Powered by Drupal

               ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ရန် ကတိပြုခဲ့ကြပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် အစိုးရဝန်ဆောင်မှုများ ခေတ်မီတိုးတက်ရေးတို့ကို အဓိကထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီး Cham Nimul နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး Kim Chang Yong တို့သည် ၁၄-၉-၂၀၂၆ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံကာ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် ဝန်ကြီး Cham Nimul က သံအမတ်ကြီး Kim Chang Yong အား ကြိုဆိုခဲ့ပြီး ၎င်း၏ တာဝန်သစ်အတွက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်လက်တိုးတက်နေသည့် နှစ်နိုင်ငံကုန်သွယ်ရေးအခြေအနေကိုလည်း နှစ်ဖက်စလုံးက အလေးထားဖော်ပြခဲ့ကြသည်။ သံအမတ်ကြီး Kim Chang Yong က ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရန် အစိုးရဝန်ဆောင်မှုများကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်နေသည့် ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ခိုင်မာအောင် ဆောင်ရွက်ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများကို ပိုမိုတိုးချဲ့သွားရန် သဘောတူခဲ့ကြသည်။

DOCA (ရန်ကုန်)