သခွပ်ပင်သည် နွေအခါ၌အရွက်ကြွေသော အရွယ်အလတ်စား သစ်ပင်မျိုးဖြစ်သည်။ မလွှပင်၊ ကြောင်လျှာပင်တို့ကဲ့သို့ မျိုးရင်းဝင်ဖြစ်ပြီး ရုက္ခဗေဒအမည်အားဖြင့် ဒိုလီချန်ဒရုန်းကရစ္စပါ ဟုခေါ်သည်။ သခွပ်ပင်သည် ပေ (၄၀) မှ (၆၀)အတွင်းအမြင့်ရှိပြီး သခွပ်ဖိုနှင့် သခွပ်မဟူ၍ အမျိုးအစား (၂)မျိုးရှိပါသည်။ သခွပ်ဖိုပင်ကို မြန်မာတစ်နိုင်ငံလုံး၌တွေ့ရပြီး အထူးသဖြင့် စစ်ကိုင်း၊ ပျဉ်မနား၊ သံတွဲမြို့များ၌တွေ့ရပါသည်။ မြန်မာဆေးကျမ်းအလိုအရ သခွပ်ပွင့် အနီ/အဖြူ (၂)မျိုးရှိပြီး ချို၊ ဖန်၊ ခါး အရသာရှိသည့် သခွပ်ပွင့်ကို ပြုတ်၍လည်းကောင်း၊ ချက်၍လည်းကောင်း၊ ပြုတ်ပြီး သုပ်၍လည်းကောင်း စားသုံးနိုင်ပါသည်။ သခွပ်ပွင့်သည် တန်ခူးလမှ ဝါဆိုလ အထိပွင့်ပါသည်။
အပွင့်ကိုရေနွေးဖျောရုံဖြင့် ကျက်၍ အခြောက်ဆိုလျှင် ပြုတ်၍စားရပါသည်။ သခွပ်ပွင့် အခြောက်၏အရောင်မှာ မဲနေသည်မှလွဲ၍ အရသာမပြောင်းလဲဘဲ ဘီပိုး၊ စီပိုးရောဂါ ပျောက်ကင်းသောကြောင့် စားသုံးသူအတော်များများမှ အပွင့်ကို သုပ်၍စားကြပါသည်။ ဈေးအတွင်း ဟင်းရွက်တန်း၌ တို့စရာအဖြစ် ရောင်းချကြပြီး ရောင်းဈေးမှာ သခွပ်ပွင့်အစို (၁၀)ပွင့်တစ်စည်းလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချပြီး အခြောက်ကို ကျွတ်ကျွတ်အိတ်ဖြင့်ထုတ်၍ အသေးတစ်ထုတ်လျှင် (၁၅၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)