Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဆန်တင်ပို့မှုအား ၂၀၃၀ ပြည့်နှစ်၌ တန်ချိန် ၄ သန်းသို့ ဗီယက်နမ်က လျော့ချမည်

ရာသီဥတုပြောင်းလဲမှုကြောင့် စပါးစိုက်ပျိုးနိုင်သည့် ဧရိယာလျော့နည်း ကျဆင်းလာမှုနှင့် လိုက်လျောညီထွေရှိစေရန်၊ သဘာဝပတ်ဝန်းကျင်အား ကာကွယ်ရန်နှင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှု သေချာခိုင်မာစေရန်အတွက် ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့ရာတွင် အရည်အသွေးမြင့်ဆန်များ တင်ပို့မှုကို တိုးမြှင့်လျက် အရေအတွက်ကိုမူ လျော့ချသွားမည်ဖြစ်ပါသည်။

ဗီယက်နမ်အစိုးရက မေလ ၂၆ ရက်နေ့၌ အတည်ပြုခဲ့သော ဆန်တင်ပို့မှု မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် ၄ သန်းသို့ ရောက်ရှိသည်အထိ နှစ်စဉ်တင်ပို့မှုပမာဏ လျော့ချမည်ဖြစ်ရာ ယခင်နှစ်၌ တင်ပို့မှုတန်ချိန် ၇.၁ သန်းနှင့် နှိုင်းယှဉ်ပါက ၄၄% ခန့် လျော့ကျမည်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၂ ခုနှစ်၌ ဆန်တင်ပို့မှု တန်ဖိုး ဒေါ်လာ ၃.၄၅ ဘီလီယံ ရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၂.၆၂ ဘီလီယံသို့ ကျဆင်းမည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၌ ရာသီဥတုပြောင်းလဲမှုကြောင့် စပါးစိုက်ပျိုးနိုင်သည့်ဧရိယာ ကျဆင်းလျက်ရှိရာ အချို့သောလယ်သမားများသည် သရက်၊ စပျစ်၊ ပိန္နဲနှင့် ဒူးရင်းစသည့် သစ်သီးဝလံစိုက်ခင်းများအဖြစ် ပြောင်းလဲစိုက်ပျိုးမှုနှင့် ပုစွန်မွေးမြူရေးကဲ့သို့ လုပ်ငန်းပြောင်းလဲမှုများ လုပ်ဆောင်လာကြကြောင်း၊ သို့ရာတွင် လယ်သမားအများစုသည် စပါးစိုက်ပျိုးမှု အပေါ် အမှီပြုနေကြရဆဲဖြစ်ကြောင်းဖြင့် ဆန်ကုန်သည်များက ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့ကြသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၌ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့်အတူ လယ်ယာမြေများသို့ အငန်ဓါတ်ဝင်ရောက်မှုမှာ သိသာစွာ များပြားလာခဲ့ပြီး ဒေသခံများ၏ ပုစွန်မွေးမြူရေးလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်မှုမှာ နှစ်ကာလ အတန်ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

ဗီယက်နမ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပို့ကုန်ဈေးကွက် နိုင်ငံတစ်ရပ်ရပ်အပေါ် မှီခိုနေရမှု အား လျော့ချရန်အတွက် ၎င်း၏ ဆန်တင်ပို့မှုကို ဈေးကွက်ပေါင်းစုံသို့ ဖြန့်ခွဲမည်ဖြစ်ကြောင်း ဖော်ပြပါသည်။ လက်ရှိကာလတွင် ဗီယက်နမ်၏ အဓိက ဆန်ပို့ကုန်ဈေးကွက်မှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ယခင်နှစ်၌ စုစုပေါင်းဆန်တင်ပို့မှုပမာဏ၏ ၄၅% ခန့်ကို တင်ပို့ခဲ့သည်။ မေလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသော ဒေသတွင်းအစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ သင့်တင့်သည့် ဈေးနှုန်းဖြင့် ကာလရှည်ကြာစွာ ဆန်များပေးသွင်းရန် ဆန္ဒရှိကြောင်းဖြင့်  ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာအား ပြောကြားခဲ့သည်။

ဆန်အမျိုးအစားနှင့် အဆင့်အတန်းအလိုက် ဈေးကွက်ပေါင်းစုံသို့ ပြောင်းလဲတင်ပို့မည့် မဟာဗျူဟာအား ဗီယက်နမ်အစိုးရက ချမှတ်မှုနှင့် စပ်လျဉ်း၍  ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် အစိုးရတစ်ရပ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်ခြင်းမရှိပဲ ဈေးကွက် ဝယ်လိုအားနှင့် ရောင်းလိုအားတို့အပေါ် မူတည်ခြင်းသာဖြစ်ရာ အဆိုပါမဟာဗျူဟာ၏ လက်တွေ့အကောင်အထည်ဖော်နိုင်မှုမှာ စောဒကတက်ဖွယ်ရာရှိကြောင်းဖြင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ An Giang ပြည်နယ်မှ ဆန်ကုန်သည် တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

Source: CNBC News, 27 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တင်ပို့မှု ဖွံဖြိုးတိုးတက်ရေး မဟာဗျူဟာကို ဗီယက်နမ်အစိုးရက အတည်ပြု

ဗီယက်နမ်နိုင်ငံ၌ ပြည်ပဈေးကွက်များသို့ ဆန်တင်ပို့ရာတွင် တည်ငြိမ်မှုရှိပြီး သင့်တင့်သည့် ဈေးကွက်ရရှိမှု၊ ထိရောက်သည့် ပို့ကုန်ပမာဏနှင့် ကုန်ထုတ်လုပ်ငန်း ဖွဲ့စည်းတည်ဆောက်မှုစနစ်တို့နှင့်အတူ ဈေးကွက်ချဲ့ထွင်နိုင်ရန် ရည်ရွယ်လျက် ၂၀၃၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆန်တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ဒုတိယဝန်ကြီးချုပ်လီမင်ကိုင်က အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မဟာဗျူဟာအရ ဗီယက်နမ်နိုင်ငံအနေဖြင့် လွတ်လပ်စွာကုန်သွယ်မှု လက်မှတ်ရေးထိုးထားသည့် ဈေးကွက်များနှင့်အတူ သမားရိုးကျနှင့် အဓိကကျသော ပို့ကုန်ဈေးကွက်များကို ခိုင်မာစွာ စုစည်းတည်ထောင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ဗီယက်နမ်ဆန်၏ ဈေးကွက်ဝေစုကို တိုးတက်ရရှိရန် ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တန်ဖိုးကွင်းဆက်အရ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတို့ကို ဆက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ဗီယက်နမ်ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တိုက်ရိုက်ဖြန့်ဖြူးမှုကို တိုးမြှင့်လျက် တင်ပို့သည့်ဆန်၏ လုံခြုံစိတ်ချရမှုနှင့် အရည်အသွေးတို့ကို သေချာခိုင်မာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများအား တန်ဖိုးမြှင့်တင် ထုတ်လုပ်လျက် စဉ်ဆက်မပြတ်တင်ပို့ရန်၊ ဗီယက်နမ်ဆန်၏ အမှတ်တံဆိပ်နှင့် ဂုဏ်အဆင့်အတန်းကို ခိုင်မာစွာရပ်တည်နိုင်ရန် မျှော်မှန်းထားကြောင်းဖြင့် Vietnam Plus သတင်းဌာနက ဖော်ပြပါသည်။

အဆိုပါဆန်တင်ပို့မှုမဟာဗျူဟာ၌ တန်ဖိုးမြင့်ထုတ်ကုန်မြှင့်တင်ရန်၊ တင်ပို့သည့်ဆန်၏ တန်ဖိုး တိုးတက်မှုရရှိစေရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန်ပမာဏကို ဆန်တန်ချိန် ၄ သန်းခန့် ရောက်ရှိအောင်လျော့ချပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၆၂ ဘီလီယံ (ဆန် ၁ တန်လျှင် ဈေးနှုန်း ‌၆၅၅ ဒေါ်လာခန့်) ရရှိစေရန် စသည့်အချက်များကို ရည်မှန်းချက် ပန်းတိုင်များအဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ဆန်တင်ပို့မှု ပျမ်းမျှတိုးတက်နှုန်းမှာ ၂၀၂၃-၂၀၂၅ ကာလအတွင်း ၂.၄% ခန့်နှင့် ၂၀၂၆ - ၂၀၃၀ ကာလအတွင်း ၃.၆% ခန့် လျော့ကျမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်၏ ဆန်အဆင့်အတန်းအလိုက် တင်ပို့မှု အချိုး အစားမှာ အနိမ့်တန်းမှ အလယ်အလတ်တန်း အဆင့်ရှိ ဆန်ဖြူ ၁၅% ၊ အရည်အသွေးမြင့် ဆန်ဖြူ ၂၀% ၊ ဆန်မွှေး၊ ဂျပွန်နီကာနှင့် အထူးဆန် ၄၀% ၊ ကောက်ညှင်းဆန် ၂၀% ၊ တန်ဖိုးမြင့်အာဟာရ ဖြည့်ဆန်၊ ပေါင်းဆန်၊ အော်ဂဲနစ်ဆန်၊ ဆန်မှုန့်၊ ဖွဲနုနှင့်  အခြားသော ဆန်ထွက်ပစ္စည်းများ ၅% အသီးသီး ပါဝင်မည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အမှတ်တံဆိပ်များ (brand names) ကပ်နှိပ်တင်ပို့မှု ၂၀% ရှိမည် ဖြစ်သည်။ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း အဆိုပါ ဆန်အဆင့်အတန်းအလိုက် တင်ပို့မှုကို ၁၀% ၊ ၁၅% ၊ ၄၅% ၊ ၂၀% နှင့် ၁၀% သို့ အသီးသီး ပြောင်းလဲမည်ဖြစ်ပြီး ဗီယက်နမ် အမှတ်တံဆိပ် ကပ်နှိပ်တင်ပို့မှုကို ၄၀% အထိ မြှင့်တင်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၌ ဈေးကွက်ဖြန့်ကျက်မှုအနေဖြင့် ဗီယက်နမ်၏ ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏ စုစုပေါင်းတွင် အာရှဈေးကွက်သို့ ၆၀% ၊ အာဖရိကသို့ ၂၂% ၊ အရှေ့အလယ်ပိုင်းဒေသသို့ ၄% ၊ ဥရောပသို့ ၃% ၊ အမေရိကသို့ ၇% နှင့် ပင်လယ်သမုဒ္ဒရာဒေသနိုင်ငံများသို့ ၄% အသီးသီး ပါဝင်မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်၌ အလားတူ ဆန်ဈေးကွက်များသို့ ၅၅% ၊ ၂၃% ၊ ၅% ၊ ၅% ၊ ၈% နှင့် ၄% အသီးသီး ပြောင်းလဲဖြန့်ကျက်မှုရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Source: Vietnam Plus, 26 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရှရှား - ယူကရိန်း ပဋိပက္ခက အိန္ဒိယနိုင်ငံ၏ နေကြာဆီဝယ်လိုအားအပေါ် လွှမ်းမိုးမှုဖြစ်ပေါ်လာ

၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အိန္ဒိယနိုင်ငံ၌ နေကြာဆီ ဆိပ်ကမ်းအရောက်တစ်တန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၁၅၅ နှင့် ပဲပုပ်ဆီ ဆိပ်ကမ်းအရောက်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၉၀၉ ဖြစ်ပေါ်ခဲ့ပါသည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့၏ ကြားဝင်ဆောင်ရွက်မှုကြောင့် ရှရှားနှင့် ယူကရိန်း ကြား ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံများ လွတ်လပ်စွာ တင်ပို့မှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး  အခြေအနေများပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်အရ ယူကရိန်းနိုင်ငံရှိ ကောက်ပဲသီးနှံများ၊ နေကြာဆီ၊ အသားနှင့် အစေ့အဆန်များကို လွတ်လပ်စွာ သင်္ဘောတင်ဆောင်၊ ဖြတ်သန်းသွားလာခွင့်ရရှိခဲ့ပါသည်။ အဆိုပါအခြေအနေက နိုင်ငံတကာဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများကို ကျဆင်းစေပြီး ရှရှား - ယူကရိန်း ပဋိပက္ခ စစ်ကြိုကာလထက် ပိုမိုကျဆင်းကြောင်း၊ လက်ရှိအချိန်၌ မေလအတွင်း အိန္ဒိယနိုင်ငံအရောက် နေကြာဆီ CIF တစ်တန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၉၅၀ သာရှိပြီး ပဲပုပ်ဆီဈေးနှုန်းသည်လည်း တစ်တန်လျှင် ၉၉၀ သာရှိကြောင်း ChemAnalyst News သတင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် နှစ်စဉ် စားသုံးဆီပမာဏ တန်ချိန် ၂၃.၅ သန်းမှ ၂၄ သန်းကြား စားသုံးမှု ရှိရာ စားအုန်းဆီအား တန်ချိန် ၈.၈၅ သန်း၊ ပဲပုပ်ဆီကို တန်ချိန် ၄.၅ သန်းမှ ၅ သန်းကြား၊ မုန်ညှင်း ဆီအား တန်ချိန် ၃ သန်းမှ ၃.၅ သန်းကြား၊ နေကြာဆီကို တန်ချိန် ၂ သန်းမှ ၂.၅ သန်းကြား သုံးစွဲ ကြောင်း၊ ပြည်တွင်းလိုအပ်ချက် ပြည့်မီစေရန် စားသုံးဆီတန်ချိန် ၁၃.၅ သန်းနှင့် ၁၄ သန်းကြား နှစ်စဉ် တင်သွင်းရကြောင်း သိရပါသည်။ အိန္ဒိယပြည်တွင်း၌ နေကြာဆီကို တန်ချိန် ၅၀၀၀၀ နှင့် စားအုန်းဆီကို တန်ချိန် ၃ သိန်းသာ ထုတ်လုပ်နိုင်သဖြင့် ၎င်းဆီ ၂ မျိုးကို အဓိက တင်သွင်းနေရကြောင်းနှင့် ပြည်တွင်းဈေးကွက် လိုအပ်ချက်အတွက် မုန်ညှင်းဆီကို ၁၀၀ ရာခိုင်နှုန်း ထုတ်လုပ် နိုင်ပြီး ပဲပုပ်ဆီကို ၃၀-၃၂ ရာခိုင်နှုန်း အသီးသီး ထုတ်လုပ်နိုင်ကြောင်း ဖော်ပြပါရှိပါသည်။

Source: ChemAnalyst News, 23 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှု ၂၇ လအတွင်း အနိမ့်ဆုံးကျဆင်းမှုဖြစ်ပေါ်

စားအုန်းဆီအစား ပဲပုပ်ဆီ၊ နေကြာဆီတို့ဖြင့် အစားထိုးလာမှုကြောင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ် မေလ၌ ၂၇ လအတွင်း အနည်းဆုံးပမာဏသို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်မှ ၂၀ ရက်အတွင်း အိန္ဒိယနိုင်ငံ၌ စားအုန်းဆီတန်ချိန် ၂၆၁၀၀၀ ခန့်ကို သက်ဆိုင်ရာဆိပ်ကမ်းများတွင် သင်္ဘောဆီချနိုင်ခဲ့ပြီး မေလကုန်အထိ လက်ကျန် ၁၁ ရက်အတွင်း  တန်ချိန် ၁၅၀၀၀၀ ထပ်မံဝင်ရောက်နိုင်ပြီး စုစုပေါင်း စားအုန်းဆီတန်ချိန် ၄၁၁၀၀၀ ခန့်ရှိနိုင်သည်ဟု အိန္ဒိယကုန်သည်များနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများက ခန့်မှန်းထားပါသည်။ အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း၏ အချက်အလက်များအရ ၂၀၂၂-၂၀၂၃ အရောင်း အဝယ် ကာလ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစ၍  ပထမ ၆ လအတွင်း အိန္ဒိယနိုင်ငံ၏ စားအုန်းဆီ တစ်လပျမ်းမျှ တင်သွင်းမှုပမာဏမှာ တန်ချိန် ၈၁၈၂၀၃ ရှိပါသည်။

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ပုံမှန်အားဖြင့် ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှု စုစုပေါင်း၏ သုံးပုံနှစ်ပုံ ခန့်ရှိခဲ့သော်လည်း မေလမှစ၍ ၄၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ မေလအတွင်း နေကြာဆီ တင်သွင်းမှုသည် ၂၈ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ပဲပုပ်ဆီတင်သွင်းမှုအနေဖြင့် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ထိပ်တန်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုအများဆုံး နိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှု ကျဆင်းခြင်းက စားအုန်းဆီဈေးနှုန်းကိုပါ ကျဆင်းစေကြောင်း၊ ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ယခင်ကဲ့သို့ ဈေးကွက်ဝေစု ပြန်လည်ရရှိစေရေးအတွက် စားအုန်းဆီဈေးနှုန်းများကို လျော့ချသတ်မှတ်နိုင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။

မလေးရှားနိုင်ငံ၊ ဘာဆာဒေသ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းသင်္ဘောတင်ပို့ဆောင်မည့် စားအုန်းဆီဈေးနှုန်းမှာ တစ်တန်လျှင် ရင်းဂစ်ငွေ ၃၃၆၅ ဖြစ်ပြီး ၁.၈၅ ရာခိုင်နှုန်းခန့် ဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်နေကြောင်း သိရပါသည်။ စားအုန်းဆီဈေးနှုန်းသည် နေကြာဆီဈေးနှုန်းနှင့် အပြိုင်ဖြစ်ပေါ်လာမှုကြောင့် စားအုန်းဆီအစား နေကြာဆီကို များစွာအစားထိုးအသုံးပြုလာကြောင်း GGN သုတေသနအဖွဲ့မှ တွဲဘက်မန်ဂျော Mr. Rajesh Patel က ပြောကြားပါသည်။

Source: Reuters, 23 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ဝါဂွမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိ

အိန္ဒိယနိုင်ငံတွင် ယခင်နှစ် ဝါဂွမ်းဈေးနှုန်းသို့ မြင့်တက်ရောက်ရှိရန် မျှော်မှန်းပြီး သိုလှောင်ထားခဲ့ကြသော ဝါဂွမ်းများကို လယ်သမားများမှ ဈေးကွက်သို့ပို့ဆောင် ရောင်းချမှုများပြားလာသဖြင့် ဝါဂွမ်းဈေးနှုန်းများမှာ ၈% မှ ၁၂% အကြား အသီးသီးလျော့နည်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

တစ်ထုပ်လျှင် ၁၇ဝ ကီလိုဂရမ်ရှိ ဝါဂွမ်းဘေထုပ်များ ဈေးကွက်အတွင်း ဝင်ရောက်မှုမှာ  ယခင်က တစ်ရက်လျှင် ပျမ်းမျှ ၂ဝဝဝဝ ထုပ်သာရှိခဲ့ရာမှ ၂ဝ၂၃ ခုနှစ် မေလတွင် ၅ ဆ မြင့်တက်ခဲ့ပြီး တစ်ရက်လျှင် ဝါဂွမ်းဘေထုပ် ၁ သိန်းအထိ ရောက်ရှိလာကြောင်း၊ MCX အိတ်ချိန်းဈေးကွက်၌ ဇွန်လအတွက် ချုပ်ဆိုသော ဝါဂွမ်းစာချုပ်များသည် မေလ ၂၂ ရက်နေ့တွင် ဈေးနှုန်း ၃.ဝ၅% ကျဆင်းခဲ့ကြောင်း၊ လက်ငင်း ကုန်သွယ်သောဈေးနှုန်းများမှာ မဟာရဋ္ဌပြည်နယ်တွင် ၃၅၆ ကီလို ဂရမ်ဝင် တစ်ကန်ဒီလျှင် ရူပီး ၆၂ဝဝဝ မှ ရူပီး ၅၇ဝဝဝ သို့ကျဆင်းခဲ့ကြောင်းနှင့် လယ်သမားများမှ ဝါးဂွမ်းအစေ့ထုတ် စက်ရုံများသို့ ရောင်းချသော အစေ့ပါဝါဂွမ်းကုန်ကြမ်းဈေးနှုန်းမှာ တစ်ကွင် တယ်လျှင် ရူပီး ၈ဝဝဝ မှ ရူပီး ၇ဝဝဝ - ၇၂ဝဝ သို့ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ 

Source: Economic Times, 23 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အမေရိကန်မှ တင်သွင်းသည့် ဝါဂွမ်းအပေါ် ပိုးသတ်ပေးရန်လိုအပ်ချက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖြေလျော့

၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့မှစတင်၍ အမေရိကန်နိုင်ငံမှ တင်သွင်းသည့် ဝါဂွမ်းများအပေါ် ပိုးသတ်ပေးရန်လိုအပ်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ဖျက်ပေးခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသူများအတွက် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးမှုနှင့် ၅ ရက်တာစောင့်ဆိုင်းနေရမှုကို လျော့နည်းသက်သာစေခဲ့ကြောင်း ဒါကာမြို့ရှိ အမေရိကန်သံရုံးက ပြောကြားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ နည်းပညာကိုယ်စားလှယ်အဖွဲ့၏ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ၌ အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အပြီးတွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း အမေရိကန် ဝါဂွမ်းထုတ်လုပ်မှုနှင့် ပိုးမွှားစီမံကွပ်ကဲရေးမဟာဗျူဟာနှင့် ဝါဂွမ်းပြုပြင် ထုတ်လုပ်သည့် နည်းပညာတို့ဖြင့် ဝါဂွမ်းတွင်ပါရှိနေသော ပိုးမွှားကို ဖယ်ရှားသန့်စင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံဘက်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါဂွမ်းကို ဒုတိယမြောက်အကြီးမားဆုံးထုတ်လုပ်ပြီး ဒုတိယအများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ကာ အမေရိကန်နိုင်ငံအတွက် ဝါဂွမ်းများကို သတ္တမမြောက် အကြီးမားဆုံးတင်ပို့သည့် နိုင်ငံလည်းဖြစ်ပါသည်။ ၂ဝ၂၂ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်၏ ဝါဂွမ်းတင်ပို့မှုမှာ တန်ဖိုးဒေါ်လာ ၄၇၅ သန်းကျော်ရှိခဲ့ပါသည်။ ယခင်က ပိုးသတ်ပေးရန် လိုအပ်ချက်သည် အမေရိကန်နိုင်ငံ၏ ဝါဂွမ်းရောင်းချမှုအား နှောင့်နှေးစေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တင်သွင်းသူများအနေဖြင့်လည်း နှစ်စဉ်ဝါဂွမ်း ပိုးသတ်မှုအတွက် ဒေါ်လာသန်းပေါင်းများစွာကို ကျခံခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံမှ အရည်အသွေးမြင့်မားပြီး ရေရှည်အသုံးခံသော ဝါဂွမ်းများကို တင်သွင်းခွင့်ပြုခြင်းဖြင့် အချိန်နှင့်ငွေ သိသာစွာကုန်ဆုံးမှုကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အမေရိကန်သံအမတ်ကြီး Mr. Peter D Haas က ယခုကဲ့သို့ ဝါဂွမ်းတင်သွင်းမှုအပေါ် ပိုးသတ်မှိုင်းတိုက်ပြုလုပ်ရန် လိုအပ်ချက်ကို ဖယ်ရှားပေးခြင်းဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကုန်သွယ်မှုအတားအဆီးများကို လျှော့ချနိုင်မည်ဖြစ်ကာ ကြွယ်ဝချမ်းသာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက်စေရန် အမေရိကန်နိုင်ငံမှ အရည်အသွေးမြင့်မားသော ဝါဂွမ်းများကို လိုအပ်လျက်ရှိပြီး အမေရိကန်မှ စားသုံးသူများသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်လုပ်သော ရေရှည်အသုံးခံပြီး အရည်အသွေးမြင့်မားသည့် အဝတ်အထည်များကို အသုံးပြုလျက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်လယ်ယာစိုက်ပျိုးရေးဝန်ကြီး Mr. Muhammad Abdur Razzaque က ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုအကျပ်အတည်းကို ဖြေရှင်းရန်၊ ဆန်းသစ်သောနည်းပညာများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစားအသောက်ဖူလုံမှုရှိစေရန်တို့အတွက် အမေရိကန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star, 23 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စားနပ်ရိက္ခာဖူလုံစေရေး IFC က ဒေါ်လာ ၃၅ သန်း ရင်းနှီးမြှုပ်နှံမည်

အစားအသောက် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် အထူးသဖြင့် အမျိုးသမီးများ ပါဝင်လုပ်ကိုင်လျက်ရှိသော လုပ်ကွက်ငယ်လယ်သမားပေါင်း ၁၂၃၀၀၀ ကျော်၏ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိသော ဆန်စပါးဈေးကွက်အဖြစ် မြှင့်တင်နိုင်ရန် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC) သည် Meghna Group of Industries (MGI) ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော Tanveer Food Limited (TFL) သို့ ဒေါ်လာ ၃၅ သန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို တုံ့ပြန်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး ပိုမိုခံနိုင်ရည်ရှိသော ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာစနစ်ကို   တည်ဆောက်နိုင်ရန်အတွက် ဘဏ္ဍာရေးအထောက်အပံ့အဖြစ် ဒေါ်လာ ၆ ဘီလီယံ မတည်ပေးမည့် IFC  ၏ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးစင်္ကြန် (GFSP) အောက်၌ ပထမဆုံးအကြိမ် ဆောင်ရွက်မှု ဖြစ်ပါသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံရာတွင် IFC ၏ ကိုယ်ပိုင်ငွေစာရင်းမှ ဒေါ်လာ ၂၁ သန်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအစီအစဉ် (GAFSP) ၌  ပုဂ္ဂလိကကဏ္ဍ၏ထည့်ဝင်‌မှု မှ ဒေါ်လာ ၁၄ သန်းအထိ လက်အောက်ခံချေးငွေများ ပါဝင်သည်။ အဆိုပါ ရန်ပုံငွေဖြင့် TFL သည် Bogura ဒေသတွင် ခေတ်မီဆန်းသစ်သော အလိုအလျောက် လည်ပတ်နိုင်သည့် ဆန်စက်ကို တည်ဆောက်မည်ဖြစ်ပြီး  ကြိတ်ခွဲအား တစ်ရက်လျှင် မက်ထရစ်တန်ချိန် ၁၀၀၀ ရှိပြီး ၂၀၂၇ ခုနှစ်တွင် အရည်အသွေးမီ ဆန်တန်ချိန် ၁၇၀၀၀၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကြိတ်ခွဲအား တစ်ရက်လျှင် မက်ထရစ်တန်ချိန် ၈၀ ရှိသော ဖွဲနုဆီစက်ရုံနှင့် ကုန်ထုတ်လုပ်သည့်ကာလအတွင်း ရာသီဥတုဖောက်ပြန်မှုများကို ကုစားနိုင်ရန်နှင့် စွမ်းအင်ကုန်ကျစရိတ်များကို ခံနိုင်ရည်ရှိစေရန် ပံ့ပိုးပေးမည့် စပါးခွံအခြေခံ လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကိုလည်း တည်ဆောက်မည်ဖြစ်သည်။

ယခုကဲ့သို့ ရင်းနှီးမြုပ်နှံမှုသည် ဘင်္လားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းရှိ ၎င်းတို့၏ ကြိတ်ခွဲထုတ် လုပ်မှုလုပ်ငန်းများ၊  ဆန်ထွက်ကုန်များ ဖြန့်ဖြူးမှုများကို တိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ဝင်ငွေတိုးတက်မှုနှင့်အတူ စားသုံးသူ၏ ရွေးချယ်စားသုံးမှုအလေ့အထများ ပြောင်းလဲပြီး ထုပ်ပိုးထားသော ဆန်များအပေါ် ဝယ်လိုအားကောင်းလာသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဆန်စပါးကြိတ်ခွဲကဏ္ဍကို ခေတ်မီအောင် သမားရိုးကျဆန်စက်များမှ အလိုအလျောက် လည်ပတ်နိုင်သည့် ခေတ်မီဆန်စက်များဆီသို့ ပြောင်းလဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဆန်အရည်အသွေး ကောင်းမွန်စေပြီး ထုပ်ပိုးထားသောဆန်များ၏ သက်တမ်းကို တိုးတက်စေမည်ဖြစ်ကြောင်း MGI မှ ဒါရိုက်တာ Ms. Tahmina Binthe Mostafa က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့တတိယမြောက် ဆန်အများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ဆန်အားကယ်လိုရီအတွက် အဓိကအရေးပါသော အရင်းအမြစ်တစ်ခုအဖြစ် စားသုံးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်  ရုရှား - ယူကရိန်း ပဋိပက္ခကြောင့် စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးနှုန်းများ တစ်ဟုန်ထိုးမြှင့်တက်မှုနှင့် ကြီးမားသော စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ အန္တရာယ်တို့နှင့် ရင်ဆိုင်နေရပါသည်။

IFC ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဌ Mr. Riccardo Puliti က ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နိုင်ငံမျိုးတွင် စားနပ်ရိက္ခာဖူလုံမှုသည်  ဆန်ဖူလုံမှုရှိရေးကို ဆိုလိုကြောင်း၊ ခေတ်မီ ဆန်စက်များ တည်ဆောက်ခြင်းအားဖြင့် အလုပ်အကိုင်များ ရာဂဏန်းအထိ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ ယခုဆန်စီမံကိန်းသည် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်၏ စျေးနှုန်းနှင့် ထောက်ပံ့ရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိစေမည်ဖြစ်ပြီး စားသုံးသူများနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် ပိုမိုခံနိုင်ရည်ရှိသော အနာဂတ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

IFC ၏ ရင်းနှီးမြှုပ်နှံမှုသည် ဘင်္ဂလား‌ဒေ့ရှ် လယ်သမားငယ်များ၏ ဆန်စပါးထုတ်လုပ်မှုမှ စျေးကွက်အတွင်းသို့ ဝင်ရောက်မှု၊ လက်ငင်းငွေပေးချေမှု၊ ဆန်သိုလှောင်ကာလ တိုတောင်းမှု၊ အလေအလွင့်လျော့ချမှုနှင့် စပါးအရည်အသွေးကို တိုးတက်ကောင်းမွန်မှုတို့ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ IFC သည် လယ်သမားများ၏ လေ့ကျင့်သင်တန်းပို့ချမှု အစီအစဉ် အပါအဝင် လုပ်ငန်းဆိုင်ရာ အကောင်းဆုံးအလေ့အထများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

Source: International Finance Corporation, 22 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

၄ လအတွင်း ဆန်တန်ချိန် ၂.၈ သန်းခန့် ထိုင်းနိုင်ငံမှ တင်ပို့

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဆန်တန်ချိန် ၂.၇၉ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ (ဘတ်ငွေ ၅၁.၂ ဘီလီယံ) တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ တင်ပို့မှုထက် ၂၃% တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ Mr. Anucha Burapachaisri က နိုင်ငံအများအပြားတွင် ဝယ်လိုအား တိုးလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ဆက်လက်မြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း၊ မေလ ၁၀ ရက်နေ့အထိ ဆန်တင်ပို့မှုမှာ တန်ချိန် ၃.၀၅ သန်းရှိပြီး ထိုင်းနိုင်ငံသို့ ပြည်ပမှ ဆန်အမှာစာများ ဆက်လက်မြင့်တက်နေကြောင်း၊ နိုင်ငံပိုင်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စျေးကွက်ချဲ့ထွင်မှုနှင့် ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးရန် တင်ပို့ရာတွင် ဆန်အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုတို့အတွက် ထိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဧပြီလအတွင်း ဆန်ဈေးနှုန်းများ မြင့်တက်ခြင်းက ဘတ်ငွေအား တည်ငြိမ်မှုရရှိစေပြီး နိုင်ငံခြားဈေးကွက်များတွင် ကုန်စည်၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့ဖြစ်ရာ ပြည်တွင်းဆန်ဈေးနှုန်းများသည် အစိုးရက အာမခံပေးသည့်ဈေးနှုန်း၏ အထက်တွင် ရောက်ရှိနေခဲ့သည်။ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ နှစ်စဉ်တင်ပို့ရန် လျာထားချက်ထက် ကျော်လွန်နိုင်မည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ခန့်မှန်းထားပြီး ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန (DIT) ကလည်း ၂၀၂၂ ခုနှစ်တွင်  ဆန်တန်ချိန် ၇.၆၉ သန်း တင်ပို့ရာမှ ယခုနှစ်၌ တန်ချိန် ၈ သန်းခန့်အထိ  တင်ပို့နိုင်မည်ဟု မျှော်မှန်းလျက်ရှိသည်။

DIT ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Udom Srisomsong က ထိုင်းဆန်အပေါ် ကမ္ဘာ့ဝယ်လိုအားသည် အားကောင်းနေဆဲဖြစ်ပြီး ဈေးနှုန်းကိုထိန်းထားနိုင်ကာ ယှဉ်ပြိုင်နိုင် စွမ်းရရှိစေခဲ့ကြောင်း ပြောဆိုပါသည်။ သို့ရာတွင် အစိုးရအသစ်ဖွဲ့စည်းမည့် Move Forward ပါတီ သို့မဟုတ် Pheu Thai ပါတီတို့၏ မူဝါဒများ၌  ကောက်ပဲသီးနှံဈေးနှုန်းများနှင့် ပတ်သက်၍ စီမံဆောင်ရွက်မှုများကို ရှင်းလင်းပြတ်သားစွာ မတွေ့ရသေးကြောင်း၊  အစိုးရ အပြောင်းအလဲကာလတွင် အဓိကသီးနှံများ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားသည့်မူဝါဒများကို ရုတ်ချည်း အပြောင်းအလဲမလုပ်သင့်ကြောင်း ထိုင်းဆန်တင်ပို့ရောင်းချသူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Charoen Laothamthat က ပြောကြားခဲ့ပါသည်။ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ထိုင်းနိုင်ငံ၏ ဗီယက်နမ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်စွမ်း ဆုံးရှုံးမည်ကို ထိုင်းကုမ္ပဏီများက စိုးရိမ်နေကြကြောင်း သိရှိရပါသည်။

Source: Bangkok Post, 21 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပင်ရင်းနိုင်ငံစည်းမျဉ်း ဥပဒေမူကြမ်းကို ကမ္ဘောဒီးယားအစိုးရက အတည်ပြု

ကမ္ဘောဒီးယားနိုင်ငံ၌ ကုန်သွယ်မှုလုပ်ငန်းများ မြန်ဆန်လွယ်ကူစေရေးနှင့် တိုးတက်စေရေး ကူညီပံ့ပိုးရန် ရည်ရွယ်လျက် ပင်ရင်းနိုင်ငံစည်းမျဉ်း (Rules of Origin) ဥပဒေမူကြမ်းကို အစိုးရအဖွဲ့၏ မေလ ၁၉ ရက်နေ့ အပတ်စဉ် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

အစိုးရပြောရေးဆိုခွင့်အဖွဲ့၏ အကြီးအကဲဖြစ်သူ ဝန်ကြီးချုပ်ရုံး ဝန်ကြီး Mr. Phay Siphan က အဆိုပါဥပဒေမူကြမ်းသည် ပို့ကုန်သွင်းကုန်များ၏ ပင်ရင်းဒေသနှင့် စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါဥပဒေသည် ကုန်သွယ်ရေး ဦးစားပေးအစီအစဉ်များနှင့် ဦးစားပေးမဟုတ်သော ကုန်သွယ်မှု အလေ့အထများမှ အကျိုး ခံစားခွင့်ရရှိစေမည်ဖြစ်ကြောင်း၊ ကုန်စည်များ၏ ပင်ရင်းဒေသအား အတုအပပြုလုပ်ခြင်းကို ကာကွယ်ရာတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပင်ရင်းနိုင်ငံစည်းမျဉ်း ဥပဒေပြဌာန်းခြင်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏မူဘောင်ပါ ကတိကဝတ်များကို ဖြည့်စွမ်းနိုင်မည်ဖြစ်ပြီး အကောက်ခွန်သက်သာခွင့်ပေးသည့် တင်သွင်းသူနိုင်ငံများသို့ ကမ္ဘောဒီးယား၏ ကုန်စည်တင်ပို့မှုများနှင့် ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုပြုရာတွင် တိုးမြင့်လွယ်ကူစေမည်ဖြစ်သည်။

ကုန်သည်များနှင့် တင်ပို့သူများအနေဖြင့် မိမိတို့၏ပို့ကုန်များအတွက် သက်ဆိုင်ရာစီရင်စုအလိုက် ဖွင့်လှစ်ထားသော ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ အင်တာနက်ဝဘ်ဆိုက်မှတစ်ဆင့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို လျှောက်ထားရယူနိုင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အနေ ဖြင့် ၂၀၂၂ ခုနှစ်တွင် လယ်ယာထွက်ကုန် တန်ချိန် ၈.၆ သန်းအား နိုင်ငံတကာဈေးကွက် ၇၄ ခုသို့ တင်ပို့ခဲ့ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

Source: Khmer Times, 22 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုနှင့် ဈေးနှုန်းဆိုင်ရာ အစီအမံများ ကြိုတင်ပြင်ဆင်

ပီလောပီနံနှင့် စားအုန်းဆီ ကဲ့သို့သော သီးနှံများအတွက် ဝင်ငွေအာမခံချက်ရှိစေမည့် အစီ အမံများကို ဆက်လက်ဆောင်ရွက်ခြင်း မရှိသောကြောင့် အဆိုပါသီးနှံများနှင့်စပ်လျဉ်း၍ အစိုးရအသစ်၏ မူဝါဒကို စောင့်ဆိုင်းနေချိန်၌ လယ်ယာထွက်ကုန်နှင့် ဈေးနှုန်းစီမံခန့်ခွဲမှုစနစ်အား ထိန်းကျောင်းသွားမည်ဟု ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြုပြောကြားပါသည်။

ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Udom Srisomsong က ၎င်းတို့အနေဖြင့် လယ်သမားများသို့ လုံလောက်စွာ အထောက်အပံ့ဖြစ်စေမည့်နည်းလမ်းများအပါအဝင် လယ်ယာထွက်ကုန်နှင့် ဈေးနှုန်းစီမံခန့်ခွဲမှုစနစ်အား ထိန်းကျောင်းဆောင်ရွက်ရန် အစီအစဉ်များချမှတ်ထားပြီးဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ဈေးကွက်ဈေးနှုန်းများသည် သင့် လျော်သော အခြေအနေရှိသဖြင့် လက်ရှိ လယ်ယာကုန်ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကို စီမံခန့်ခွဲ နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအသစ် မဖွဲ့စည်းမီ အကူးအပြောင်းကာလအတွင်း လယ်သမားများကို ထိခိုက်စေမည့် အလားအလာမရှိကြောင်း ပြောဆိုခဲ့သည်။

ထိုင်းပြည်တွင်းဈေးကွက်၌ တိရစ္ဆာန်အစာဖြစ်သည့် ပြောင်းသည် အစိုးရ၏အာမခံဈေးနှုန်း ဖြစ်သော တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ ၈.၅၀ ပမာဏထက် ကျော်လွန်၍ ဘတ်ငွေ ၁၁.၉၅ အထိ ရှိကြောင်း၊ စားအုန်းဆီမှာလည်း အာမခံဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ၄ ဘတ်နှုန်းထက် ပိုမို၍ ဘတ်ငွေ ၅.၈၀ ရှိကြောင်း၊ ပီလောပီနံသည်လည်း အာမခံဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ၂.၅၀ ဘတ်ကို ကျော်လွန်လျက် ၃.၉၀ ဘတ် ရှိကြောင်း သိရှိရသည်။

အစိုးရ၏ အစီအမံများတွင် သီးနှံများ ပိုလျှံမှုရှိပါက လယ်သမားများနှင့်လုပ်ငန်းရှင်များ၏ ထုတ်ကုန်ရောင်းချမှုကို ဆိုင်းငံ့ထားခြင်း၊ ပုဂ္ဂလိကကဏ္ဍ၏ လယ်ယာထွက်ကုန်များကို ဝယ်ယူမှုနှင့် လယ်သမားများအတွက် ချေးငွေရရှိမှုဆိုင်ရာ ထောက်ပံ့ပေးခြင်း၊ ပို့ကုန်မြှင့်တင်ခြင်းနှင့် လယ်သမားများအတွက် ဈေးကွက်ရှာဖွေပေးခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

လက်ရှိအစိုးရအနေဖြင့် စပါး၊ ပီလောပီနံ၊ ပြောင်း၊ စားအုန်းဆီနှင့် ရာဘာ စသည့် သီးနှံ ၅ မျိုးအတွက် ဝင်ငွေအာမခံချက်ရှိမည့် အစီအမံများကို ၄ နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ၎င်းသီးနှံ ၅ မျိုးအတွက် ဘတ်ငွေ ၂၉၉ ဘီလီယံကို လျာထားခဲ့ရာ မေလ ၁၉ ရက်နေ့အထိ ဘတ်ငွေ ၂၁၈ ဘီလီယံကို  ခံစားခွင့်ရှိသော လယ်သမားဦးရေ ၈.၁၃ သန်းသို့ ထောက်ပံ့ပေးနိုင်ခဲ့သည်။

အဆိုပါ အစီအမံများသည် လယ်သမားများ၏ ဝင်ငွေတိုးလာစေရန် အထောက်အကူ ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်အတွက် ဘတ်ငွေ ၈.၁၅ ဘီလီယံကို ခွဲဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခင် ၃ နှစ် ကာလအတွင်း ပျမ်းမျှ ဘတ်ဂျက်ခွဲဝေပေးမှုမှာ ဘတ်ငွေ ၅၀ မှ ၈၀ ဘီလီယံ အကြားရှိကြောင်း၊ ပီလောပီနံ၊ ပြောင်းနှင့် စားအုန်းဆီတို့၏ ဈေးနှုန်းများ သင့်တင့်မှုရှိသဖြင့် ၎င်းသီးနှံများအတွက် ခွဲဝေပေးမှုမှာ နည်းပါးခဲ့ပြီး ရာဘာနှင့် စပါးသီးနှံတို့အတွက်သာ အဓိကလိုအပ်ခဲ့ကြောင်းဖြင့် Mr. Udom ကပြောကြားခဲ့သည်။

ယခုနှစ်အတွက် စပါးသီးနှံအား ဝင်ငွေအာမခံချက်အစီအစဉ်အဖြစ် ဘတ်ဂျက်ကို ဘတ်ငွေပေါင်း ၁၆၂ ဘီလီယံထိ အတည်ပြုလျာထားခဲ့ရာ ၎င်းအနက် ဘတ်ငွေပ ၇.၈ ဘီလီယံကိုသာ အသုံးပြုပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ သီးနှံများနှင့် စပ်လျဉ်းသော မူဝါဒကော်မတီများထံမှ အတည်ပြုချက် ရရှိခဲ့သော်လည်း ဈေးကွက်ပေါက်ဈေးများသည် အာမခံဈေးနှုန်းထက် မြင့်မားနေသဖြင့် အစိုးရအဖွဲ့အနေဖြင့် ပီလောပီနံနှင့် စားအုန်းဆီတို့အတွက် ထောက်ပံ့မှုအစီအမံများကို သက်တမ်း တိုးမြှင့်မှု မပြုခဲ့ကြောင်း၊ ၎င်းသီးနှံ ၅ မျိုး၏ ဈေးနှုန်းများသည် အစိုးရက သတ်မှတ်ထားသော အခြေခံဈေးနှုန်းအောက် ကျဆင်းပါက ဝင်ငွေအာမခံမှု အစီအစဉ်အရ လယ်သမားများသို့ ထောက်ပံ့ကြေးများ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: Bangkok Post, 20 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ