Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဆန်ဈေးကွက်များ မတည်မငြိမ်ဖြစ်ပေါ်နေသည့်အကြား ဗီယက်နမ်နိုင်ငံက အမျိုးသားတံဆိပ် အမှတ်အသားတည်ဆောက်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်

လတ်တလောကာလတွင် အိန္ဒိယ၏ ဆန်တင်ပို့မှုတားမြစ်ခဲ့မှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက် တွင် ဆန်များသိုလှောင်စုဆောင်းခြင်းနှင့် အထိတ်တလန့်ဝယ်ယူခြင်းများနှင့်အတူ ဗီယက်နမ်နိုင်ငံ ၏ ဆန်တင်ပို့မှုကို တိုးမြင့်လာစေသည့် သိသာထင်ရှားသော အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့သည်။

ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံအနေဖြင့် ဈေးကွက် များကမောက်ကမဖြစ်နေမှုကြောင့် အမျိုးသားတံဆိပ်အမှတ်အသား တည်ဆောက်ခြင်းမှတစ်ဆင့် နိုင်ငံ၏ဂုဏ်သိက္ခာကို တိုးမြင့်စေရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်ဟူသောအချက်မှာ အရေးကြီး သောအချက်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ အထွေထွေအကောက်ခွန်ဌာန၏ ဩဂုတ်လ ၁၅ ရက်နေ့ ကိန်းဂဏန်း အချက်အလက်များအရ ပြည်ပသို့ ဆန်တန်ချိန် ၅.၃၅၁ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၈၈၃ ဘီလီယံဖိုးတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံမှ တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ဩဂုတ်လ ပထမလဝက်ကာလတွင် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုမှာ တန်ချိန် ၄၅၆,၇၆၈ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆၆ သန်းရောက်ရှိခဲ့ကြောင်း၊ ဖော်ပြပါကာလတွင် ပျှမ်းမျှ ဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် ၅၈၂ ဒေါ်လာဖြစ်ခဲ့ပြီး ၂ဝ၂၃ ခုနှစ် ပထမ (၇) လအတွင်း ပျှမ်းမျှ ဈေးနှုန်းထက် တစ်တန်လျှင် ၄၈ ဒေါ်လာပိုမိုတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံ ဆန်ဈေးကွက် သတင်းအချက်အလက်ဆန်းစစ်သည့် ကုမ္ပဏီဖြစ်သည့် SSResource Media Pte.Ltd အား ပူးတွဲတည်ထောင်သူ Phan Mai Hương က ဩဂုတ်လတွင်  ဖြစ်ပေါ်ခဲ့သည့်  ဆန်ဈေးနှုန်းမတည်ငြိမ်မှုများ၏  အဓိကအကြောင်းရင်းမှာ  ကြားခံအဆင့်များ ကြောင့်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံအပြင် ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့ရှိ တင်ပို့သူအများစုမှာ ဆန် ဈေးနှုန်း မတည်မငြိမ်ဖြစ်မှုများကြောင့် ယခင်ဈေးအနိမ့်ဖြင့် ချုပ်ဆိုခဲ့သည့်အရောင်းစာချုပ်များ အတွက် ဈေးအမြင့်ပေးဝယ်ယူရသည့် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း၊ လတ်တလော ကာလများတွင် ဆန်ဈေးနှုန်းများမှာ စတင်ကျဆင်းလျက်ရှိပြီး ထိုင်းဆန်မှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၂ဝ နှင့် ဗီယက်နမ်ဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃ဝ ရှိကြောင်းနှင့် ဆန် ဝယ်ယူမှု ပမာဏမှာ အနည်းငယ်သာရှိကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယအစိုးရက စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို ဖွင့်ပေးထားသောကြောင့် ဆန်တင်ပို့မှု ကို တားမြစ်ထားသော်လည်း ဆန်ပြတ်လပ်မှုမရှိကြောင်း၊ လက်ရှိကာလတွင် ဆန်ဈေးနှုန်းများကို ခန့်မှန်းရန် ခက်ခဲလျက်ရှိပြီး ထိုသို့ဖြစ်ရခြင်းမှာ အိန္ဒိယနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ဆန်စပါး ရိတ်သိမ်းမှုအ‌ပေါ် အကျိုးသက်‌ရောက်မှုနှင့် အိန္ဒိယနိုင်ငံ၏ ဆန်ပိတ်ပင်မှုလမ်းဖွင့်ပေးမည့် ကာလ တို့အပေါ် တည်မှီနေသောကြောင့်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ထက်မနည်းသည့် ဆန် စျေးနှုန်းတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး ၂ဝ၂၃ ခုနှစ်အတွင်း အဆိုပါဈေးနှုန်းကို ထိန်းသိမ်းထားနိုင် မည်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာ အသေးစားထုတ်လုပ်မှုများသာဖြစ်ပြီး တစ်စုတစ်စည်းတည်းမရှိခြင်းတို့ကြောင့် ဆန်တင်ပို့ရန်နှင့် ဆန်အရည်အသွေးထိန်းချုပ် ဆောင်ရွက် ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနဝန်ကြီး Nguyen Hong Dien က ဗီယက်နမ် နိုင်ငံအနေဖြင့် ဆန်စပါးစိုက်ပျိုးရေးကဏ္ဍကို ပြန်လည်တည်ဆောက်နိုင်ရန် စပါးအထွက်နှုန်း ကောင်းမွန်၍ ဆန်အရည်အသွေးကို တိုးတက်စေရေးတို့အတွက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူဖြစ်စေပြီး အမျိုးသားတံဆိပ် အမှတ်အသားကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ တံဆိပ်အမှတ်အသားနှင့်ယှဉ်ပြိုင်မှုမဟာဗျူဟာအဖွဲ့အစည်း၏ ညွှန်ကြား ရေးမှူးဖြစ်သူ Vo Tri Thanh က ဗီယက်နမ်နိုင်ငံသည် အရေးပါသောဆန်တင်ပို့သည့်နိုင်ငံဖြစ် သဖြင့် အမျိုးသားတံဆိပ်အမှတ်အသားတည်ဆောက်ရန် အခွင့်အလမ်းကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Vietnam News, September 05, 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

 
 

 

 

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ပဲမျိုးစုံလုပ်ငန်းရှင်များအနေဖြင့် ပဲနီလေးကုန်လက် ကျန်များ၏ လက်ငင်းအကျိုးသက်ရောက်မှုကို ထုတ်ဖော်ပြောကြားရန် တိုက်တွန်းပြောကြားခဲ့

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနသည် ပဲမျိုးစုံတိုးတက်ရရှိရန်နှင့် မြင့်တက်နေသော ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်တို့အတွက် ပဲမျိုးစုံလုပ်ငန်းရှင်များအနေဖြင့် ပဲနီလေးကုန်လက်ကျန်များ၏ လက်ငင်းအကျိုးသက်ရောက်မှုကို မဖြစ်မနေထုတ်ဖော်ပြောကြားရန် အကြံပြုချက်အား ဗုဒ္ဓဟူးနေ့ (၆-၉-၂ဝ၂၃) ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ပဲမျိုးစုံလုပ်ငန်းရှင်များသည် ၄င်းတို့၏ ပဲနီလေးကုန်လက်ကျန်စာရင်းကို အပတ်စဉ်သောကြာနေ့များတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော (https://fcainfoweb.nic.in/psp) တွင် မဖြစ်မနေဖော်ပြရမည်ဖြစ်ပြီး အကယ်၍ ထုတ်ဖော်ပြောကြားမှု မပြုလုပ်ခဲ့ပါက သိုလှောင်သည်ဟူ၍ ယူဆသတ်မှတ်မည်ဖြစ်ကာ အရေးကြီးကုန်စည်များအက်ဥပဒေအရ သင့်လျော်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဌာနက တရားဝင်ထုတ်ပြန်ပြောဆိုခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Rohit Kumar Singh က အပတ်စဉ်ပြုလုပ်သည့် ဈေးနှုန်းသုံးသပ်မှုအစည်းအဝေးတွင် ဌာနအား ပဲနီလေးကို ကျယ်ကျယ်ပြန့်ပြန့် ကြားခံဝယ်ယူမှုပြုလုပ်သွားရန် ညွှန်ကြားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ ပဲနီလေးကုန် လက်ကျန်များကို သတ်မှတ်ရည်ညွှန်းဈေးတစ်ဝိုက်တွင် ဝယ်ယူနိုင်ရန်ဖြစ်ပါသည်။ ယခုညွှန်ကြားချက်ကို  National Agricultural Cooperative Marketing Federation of India Ltd. (NAFED) နှင့် National Cooperative Consumers Federation of India (NCCF) တို့သည် ရောင်းသူ အနည်းစုမှသာ လက်ခံရရှိသည့် အဆမတန်မြင့်မားသော လေလံဈေးနှုန်းများကြောင့် တင်သွင်းသည့် ပဲနီလေးများကို ဝယ်ယူရန် ၎င်းတို့၏တင်ဒါများကို ရက်ရွှေ့ဆိုင်းလိုက်သည့်အချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

Singh က ကနေဒါနိုင်ငံမှ ပဲနီလေးတင်သွင်းမှုနှင့် အာဖရိကနိုင်ငံများမှ ပဲစဉ်းငုံတင်သွင်းမှုတို့သည် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး အချို့သောဈေးကစားသူများသည် စားသုံးသူများနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဈေးကွက်ကို ထိန်းချုပ်ရန် ကြိုးစားလျက်ရှိ ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ပွဲတော်ရာသီကာလတွင် ပဲမျိုးစုံကို သင့်လျော်သော ဈေးနှုန်းဖြင့်ရရှိနိုင်ရန် ဈေးကွက်အတွင်း ပဲများရရှိစေရေးအတွက် အနီးကပ်စောင့်ကြည့်လျက်ရှိ ပြီး တင်းကြပ်သောစီမံဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ Singh က လယ်သမားများနှင့် စားသုံးသူများ၏အကျိုးစီးပွားကို တရားမျှတမှုဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အိန္ဒိယစားသုံးသူများနှင့် လယ်သမားများ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေရန် ဆောင်ရွက်သူများအား တင်းကြပ်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂ဝ၂၂ ခုနှစ်တွင် ရာသီဥတုဆိုးရွားခဲ့သဖြင့် ပဲစဉ်းငုံနှင့်မတ်ပဲထုတ်လုပ်မှု ကျဆင်းခဲ့ပြီးနောက် ၂ဝ၂၃ ခုနှစ် မတ်လမှစတင်၍ စားသုံးသူရေးရာဦးစီးဌာနသည် ပဲမျိုးစုံကုန်လက်ကျန် ထုတ်ဖော် ပြောကြားရမည့်ကိစ္စအား ထိန်းသိမ်းစောင့်ကြည့်ခဲ့ပါသည်။ လွန်ခဲ့သောလအနည်းငယ်အတွင်း မိုးရွာသွန်းမှုလျော့နည်းခဲ့ခြင်းကြောင့် ပဲမျိုးစုံထုတ်လုပ်မှုကျဆင်းခဲ့ပြီး ၂ဝ၂၃ kharif သီးနှံရာသီ ကာလ (၂ဝ၂၃ ခုနှစ် ဇွန်လမှ အောက်တိုဘာလ)အတွင်း ပဲမျိုးစုံစိုက်ဧကများအပေါ် အကျိုး သက်ရောက်မှု ဖြစ်ပေါ်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ပြည်တွင်းတွင် ပဲမျိုးစုံအရောင်းများပြားစေရန် တင်သွင်းမှုအပေါ် မှီခိုနေရပြီး ဈေးနှုန်းများကိုလည်း စစ်ဆေးစောင့်ကြည့်လျက်ရှိပါသည်။ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပဲမျိုးစုံ စိုက်ဧကမှာ ၈.၅ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ပြီး စိုက်ဧကဟက်တာ ၁၁၉.ဝ၉ သိန်းရှိခဲ့ကာ ၂ဝ၂၂ ခုနှစ်ကာလတူကာလတွင် စိုက်ဧက ဟက်တာ ၁၃ဝ.၁၃ သိန်းရှိခဲ့ပါသည်။

Source: The Hindu Business Line, September 6 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပဲမျိုးစုံတင်သွင်းမှုအပေါ် စီမံကွပ်ကဲသွားရန်လိုအပ်မည်ဟု အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ပြောကြား

အိန္ဒိယနိုင်ငံဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့်  Global Fintech Fest 2023 တွင် လတ်တလောကာလ၌ အိန္ဒိယနိုင်ငံတွင် ဝင်ငွေခွန်ကြေညာသည့်စနစ် (Income Tax Return) ကို စတင်ကျင့်သုံးခဲ့ပြီးနောက် နိုင်ငံအတွင်း တရားဝင်စီးပွားရေးလုပ်ငန်းများ သိသာစွာတိုးတက်လာခဲ့ပြီး ဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့် ပဲပုပ်စေ့များအပေါ် အကျိုးသက်ရောက်မှုရှိလာမည်ဖြစ်သဖြင့် ပဲမျိုးစုံတင်သွင်းမှုကို စီမံကွပ်ကဲသွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဆင်းရဲမွဲတေမှုကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့နိုင်ငံများတွင် ကွာဟမှုများရှိနေကြသော်လည်း နည်းပညာသည် လူတိုင်းအသုံးပြုနိုင်သည့်အရာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံတင်သွင်းမှုသည် ၂ဝ၁၅-၂ဝ၁၆ တွင် တန်ချိန် ၅၈ သိန်းရှိရာမှ ၂ဝ၂၂-၂ဝ၂၃ ၌ တန်ချိန် ၂၄.၉၆ သိန်းသို့ လျော့နည်းကျဆင်းခဲ့ပါသည်။ ၂ဝ၁၅-၂ဝ၁၆ တွင် ပဲမျိုးစုံ ထုတ် လုပ်မှုတန်ချိန် ၁၆၃.၂ဝ သိန်းရှိရာမှ ၂ဝ၂၂-၂ဝ၂၃ ၌ တန်ချိန် ၂၇၅.ဝ၄ သိန်းသို့ လည်းကောင်း၊ ဆီ ထွက်သီးနှံထုတ်လုပ်မှုမှာ ကာလတူကာလတွင် တန်ချိန် ၂၅၂.၅ဝ သိန်းမှ တန်ချိန် ၄ဝ၉.၉၇ သိန်း သို့လည်းကောင်း တိုးတက်ခဲ့ပါသည်။ စိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံမှု ဝန်ကြီးဌာနက ဇူလိုင် လအတွင်း ဆီထွက်သီးနှံထုတ်လုပ်မှုမှာ ပြည်တွင်း ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားကို လုံလောက်စွာဖြည့်ဆည်းနိုင်မှု မရှိခဲ့သော်လည်း ပဲမျိုးစုံ ထုတ်လုပ်မှုတိုးတက်လာသည့်အတွက် ပြည်တွင်းထုတ်လုပ်မှု၏ ၉ ရာခိုင်နှုန်းခန့်ကို လျော့နည်း တင်သွင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံထုတ်လုပ်မှုတိုးတက်စေရန် အိန္ဒိယအစိုးရသည် အမျိုးသား စားနပ်ရိက္ခာဖူလုံမှုစီမံချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံချက်အရ ပြည်နယ်အစိုးရများသည် လယ်သမားများအား ထွက်နှုန်းမြင့်မျိုးစေ့ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုလုပ်ငန်းများကို အစုအဖွဲ့ဖြင့် သရုပ်ပြသခြင်း၊ ခေတ်မီလယ်ယာသုံးစက်ပစ္စည်းများ၊ အရည်အသွေးကောင်းမွန်သော ရေအသုံးချစက်ပစ္စည်းကိရိယာများကို ထောက်ပံ့ခြင်းနှင့် မြေဆီအာဟာရ ထိန်းသိမ်းမှုနှင့် သီးနှံရိတ်သိမ်းသည့် စနစ်ဆိုင်ရာ သင်တန်းများပေးအပ်ခြင်း စသည့်အကူအညီများကို ပေးအပ်လျက်ရှိပါသည်။ စီမံချက်အရ ပြည်နယ်အသီးသီးတွင် လယ်သမားများသို့ ရောင်းချလျက်ရှိသော ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၏ ဈေးနှုန်းများအပေါ် အိန္ဒိယနိုင်ငံအစိုးရမှ ဆွဲဆောင်မှုအခွင့်အရေးများ ပေးအပ် လျက်ရှိပါသည်။ ထွက်နှုန်းမြင့် အမျိုးအစားများ၏ အသိလက်မှတ်ရမျိုးစေ့ ဖြန့်ဖြူးမှုအပေါ် ပဲမျိုးစုံ တစ်ကွင်တယ်လျှင် ရူပီး ၅ဝဝဝ နှင့် ဆီထွက်သီးနှံ (နှမ်းမှလွဲ၍) တစ်ကွင်တယ်လျှင် ရူပီး ၄ဝဝဝ ကို လည်းကောင်း၊ ဆီထွက်သီးနှံနှင့် နှမ်းသီးနှံ စပ်မျိုးများအတွက် တစ်ကွင်တယ်လျှင် ရူပီး ၈ဝဝဝ ကို လည်းကောင်း အသီးသီးပေးအပ်မှုတို့ ပါဝင်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအစိုးရသည် လယ်သမားများအတွက် အထွက်နှုန်းမြင့်မားသော ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးကွဲများ၏ မျိုးစေ့များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိပါသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် G-20 ထိပ်သီးညီလာခံ နှင့်စပ်လျဉ်း၍ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ၎င်းညီလာခံတွင် G-20 အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံဖြတ်ကျော် ငွေပေးချေမှုလုပ်ငန်းများ တိုးတက်စေရန် ကွန်ပျူတာအသုံးချ လျင်မြန်စွာ ငွေပေးချေမှုစနစ်အတွက် နိုင်ငံအလိုက်နှင့် အပြည်ပြည် ဆိုင်ရာ ဆောင်ရွက်နေသောလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ဖလှယ်သွားကြ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Good Returns, September 5, 2023.  (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ စားအုန်းဆီ တင်သွင်းမှုသည် ၂၆ ရာခိုင်နှုန်း မြင့်တက်နိုင်ပြီး တန်ချိန် ၁ဝ သန်းသို့ ရောက်ရှိနိုင်

အောက်တိုဘာလ ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၂၂- ၂၀၂၃ ရောင်းဝယ်ရေးရာသီကာလအတွင်း စားသုံးမှုပြန်လည်အားကောင်းလာပြီး ဈေးနှုန်းများ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာ ခြင်းတို့ကြောင့် အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုသည် ၂၆ ရာခိုင်နှုန်း အထိ စံချိန်တင်မြင့်တက်နိုင်ကြောင်းနှင့် စားအုန်းဆီကို သန့်စင်ချက်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူမှုများ တိုးတက်လာနိုင်ကြောင်း ထိပ်တန်း စားအုန်းဆီဝယ်ယူသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီတင်သွင်းသည့် အိန္ဒိယနိုင်ငံအနေဖြင့် ဝယ်ယူမှုမြင့်မားလာ မည်ဆိုပါက ထိပ်တန်းစားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် စားအုန်းဆီ ကုန်လက်ကျန်များကို လျော့နည်းစေမည်ဖြစ်ပါသည်။

စားအုန်းဆီသန့်စင်ချက်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မကြာမီကျင်းပပြုလုပ်မည့်ပွဲတော်များအတွက် ဝယ်ယူမှုကို တိုးမြှင့်လျက်ရှိကြောင်း၊ လာမည့်နှစ်လအတွင်းတွင် မက်ထရစ်တန်ချိန် ၁.၈ သန်းခန့် တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တင်သွင်းမည်ဆိုပါက ၂၀၂၂-၂၀၂၃ ရောင်းဝယ်ရေးရာသီအတွက် စုစုပေါင်းတင်သွင်းမှုမှာ တန်ချိန် ၁၀ သန်းရှိမည်ဖြစ်သဖြင့် ၂၀၁၄-၂၀၁၅ တွင် အမြင့်ဆုံးတင်သွင်းခဲ့မှု တန်ချိန် ၉.၅ သန်းကို ကျော်လွန်သွားမည်ဖြစ်ကြောင်း Patanjali Foods Ltd.  ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Sanjeev Asthana က ပြောကြားခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ်၏ ပထမ ၁၀ လ တွင် အိန္ဒိယသည် စားသုံးဆီတန်ချိန် ၁၄ သန်း တင်သွင်းခဲ့ရာ ပဲပုပ်ဆီ တန်ချိန် ၃.၂သန်းနှင့် နေကြာဆီ တန်ချိန် ၂.၅သန်း၊ စားအုန်းဆီတန်ချိန် ၈.၂ သန်း တင်သွင်းခဲ့ကြောင်း ကုန်သည်များက ခန့်မှန်းထားပါသည်။ Sanjeev Asthana ၏ ပြောကြားမှုအရ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့်လည်းကောင်း ၂၀၂၂ ခုနှစ်တွင် ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခဲ့ခြင်းကြောင့်လည်းကောင်း၊ အဆိုပါ ၃နှစ်တာကာလအတွင်း နိုင်ငံ၏ စားသုံးဆီစားသုံးမှုများမှာ ကျဆင်းခဲ့ကြောင်း၊ ယခုနှစ်တွင်မူ စားသုံးမှုအနေဖြင့် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအတွင်း တိုးတက်နိုင်ချေရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် စားသုံးဆီလိုအပ်ချက် သုံးပုံနှစ်ပုံကျော်ကျော်ကို ပြည်ပမှ တင်သွင်းခြင်းဖြင့် ဖြည့်တင်းလျက်ရှိကြောင်း၊ စားသုံးမှု ပြန်လည်တိုးတက်လာမှုကြောင့် ယခုနှစ်တွင် နေကြာဆီ တင်သွင်းမှုမှာ စားသုံးဆီ စုစုပေါင်းတင်သွင်းမှု တန်ချိန် ၁၆.၅ သန်းအနက် ၁၈ ရာခိုင်နှုန်းပါဝင်မည် ဖြစ်ကြောင်း၊ ပဲပုပ်ဆီထက် ဈေးနှုန်းချိုသာသဖြင့် ၂ဝ၂၂ ခုနှစ်တင်သွင်းမှုထက် ၄၄ ရာခိုင်နှုန်းကျော် လွန်ပြီး တန်ချိန် ၂.၈ သန်းသို့ ရောက်ရှိနိုင်ကြောင်း၊ ပဲပုပ်ဆီတင်သွင်းမှုမှာ ၂ဝ၂၃ ခုနှစ်တွင် တန်ချိန် ၃.၇ သန်းတင်သွင်းနိုင်မည်ဖြစ်၍ ၂၀၂၂ ခုနှစ်တွင် စံချိန်တင် တင်သွင်းနိုင်ခဲ့သော တန်ချိန် ၄.၁ သန်း ထက် ၁၁ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ကြောင်း စားသုံးဆီကုန်သည်နှင့် ပွဲစားလုပ်ငန်းဆောင်ရွက်သည့် GGN Research ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Rajesh Patel က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့် စားအုန်ဆီကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိက ဝယ်ယူတင်သွင်းနေပြီး ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်း နိုင်ငံတို့မှ ဝယ်ယူတင်သွင်းလျက်ရှိပါသည်။

Source: Reuters, 06 Sep 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အယ်လ်နီညိုကြောင့် မလေးရှားနိုင်ငံတွင် စားအုန်းဆီကြမ်း Crude Palm Oil (CPO) မှာ တစ်တန် လျှင် ရင်းဂစ် ၃,၈၀၀ မှ ၄,၂၀၀ အထိ မြင့်တက်နိုင်

မလေးရှားနိုင်ငံတွင် ကုန်ထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ရာ၌ အဟန့်အတား ဖြစ်စေသည့် အယ်လ်နီညို၏ ရာသီဖြစ်စဉ်များသည် စားအုန်းဆီကြမ်းကို တစ်တန်လျှင် ရင်းဂစ်ငွေ ၃,၈၀၀ မှ ၄,၂၀၀ အထိ မြင့်တက်လာစေခဲ့ပါသည်။

ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် အခြေခံအတိုးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အိမ်သုံး အသုံးစရိတ်များကြပ်တည်းလာမှုနှင့်  ငွေကြေးဖောင်းပွမှုဖိအား၏ အကျိုးဆက်တို့ကြောင့်  တိုးတက်မှုအလားအလာမရှိသော ဝယ်လိုအားသည် စားအုန်းဆီ ကုန်ကြမ်းဝယ်လိုအားအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း MIDF Research သုတေသနအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါ သည်။

သုတေသနအဖွဲ့က အဓိကစားအုန်းဆီတင်သွင်းသူနိုင်ငံများတွင် ၂ဝ၂၃ ခုနှစ် အစပိုင်းကာလ မှ ယခုကာလအထိ the year-to-date (YTD) စားအုန်းဆီလက်ကျန်အပိတ်မှာ မြင့်မားနေဆဲဖြစ်ကြောင်း၊ အိန္ဒိယ၏ စားအုန်းဆီကုန်လက်ကျန်မှာ ၇၆.၆ ရာခိုင်နှုန်း (YTD)၊ တရုတ်နိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်း၊ ပါကစ္စတန်နိုင်ငံတွင် ၆၉.၈ ရာခိုင်နှုန်းနှင့် ဘင်္ဂလားဒေ့ရှ်တွင် ၁၀၀ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၏ ဒုတိယ ၆ လပတ်တွင် ဝယ်လိုအားနှေးကွေးလိမ့်မည်ဟု ခန့်မှန်း ထားကြောင်း၊ စားအုန်းဆီကြမ်း၏ ရည်မှန်းစျေးနှုန်းအတွက် တစ်တန်လျှင် ရင်းဂစ် ၃၅၀၀ ဖြင့်  ရည်မှန်းထားပါကြောင်းနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ Kepong Bhd (KLK) တွင် ရည်မှန်း ဈေးမှာ တစ်တန်လျှင် မလေးရှားရင်းဂစ် ၂၄.၆ဝ ဖြစ်ကြောင်း သိရှိရပါသည်။

၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အရှေ့မလေးရှား စားအုန်းဆီညီလာခံ ၂၀၂၃ တွင် ဆွေးနွေးခဲ့မှုများအရ အယ်လ်နီညိုနှင့် လာနီညာတို့သည် ရောင်းလိုအား-ဝယ်လိုအားမျှခြေကို ပြောင်းလဲစေသည့်အပြင် ဈေးနှုန်းကို အဓိကပြောင်းလဲစေနိုင်ကြောင်း သိရှိရပါသည်။

ကျွမ်းကျင်သူများအနေဖြင့် အတန်အသင့်အားကောင်းသည့်အယ်လ်နီညိုမှာ ၉၅ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နိုင်ပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှ ၂၀၂၄ ခုနှစ် မတ်လအတွင်း ကြုံတွေ့နိုင်ကြောင်း၊ လက်ရှိအစပျိုးဖြစ်ပေါ်နေသော အယ်လ်နီညိုကြောင့် ဩဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၊ ကလီမန်တန်မြို့အချို့နေရာများတွင် ခြောက်သွေ့မှု၏ အစောပိုင်းလက္ခဏာများကို တွေ့ရှိနေရပြီဖြစ် ကြောင်း၊ ၂၀၂၃- ၂၀၂၄ တွင် စားအုန်းဆီကြမ်းစျေးနှုန်းမှာ အမြင့်ဖက်တွင် ရှိနိုင်ကြောင်း သုတေသနအဖွဲ့က ပြောကြားခဲ့ပါသည်။

အဆိုပါညီလာခံတွင် TransGraph Consulting ကုမ္ပဏီက ဆွေးနွေးပြောကြားရာတွင်  ၂ဝ၂၄ခုနှစ်တွင် စားအုန်းဆီဈေးကွက်မှာ အသင့်အတင့်စီးပွားရေးကျဆင်းနိုင်ခြေရှိသဖြင့် စားအုန်းဆီကုန်ကြမ်းမှာ ၀ယ်လိုအား ဆက်လက်နည်းပါးနေမည် ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia, 06 Sep 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

EU အနေဖြင့် ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံများအပေါ် အထွက်နှုန်းကို လျှော့ချခန့်မှန်း

ဥရောပကော်မရှင်အဖွဲ့သည် ပြောင်းသီးနှံအထွက်နှုန်း သိသိသာသာ လျော့ကျသွားခဲ့သဖြင့် ဥရောပသမဂ္ဂ၏ အဓိကကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံများ၏ ထုတ်လုပ်မှု ထပ်မံလျော့ကျသွား နိုင်သည်ဟု ကြာသပတေးနေ့တွင် သုံးသပ်ခန့်မှန်းခဲ့ကြောင်း Hellenic Shipping News သတင်း ဌာနက ဖော်ပြထားခဲ့သည်။

လစဉ် ရောင်းလိုအားနှင့် ဝယ်လိုအား သုံးသပ်ချက်အစီရင်ခံစာတွင် ကော်မရှင်အနေဖြင့် ဇူလိုင်လတွင် ပြောင်းတန်ချိန် အထွက်နှုန်းကို ၆၃.၀ သန်း ခန့်မှန်းခဲ့ရာမှ ၂၀၂၃- ၂၀၂၄ ရာသီတွင် အသုံးပြုနိုင်မည့် ပြောင်းသီးနှံထွက်ရှိမှုကို တန်ချိန် ၆၁.၇ သန်းသို့ လျှော့ချခန့်မှန်းခဲ့ကြောင်း၊ ယခင်နှစ် မိုးခေါင်ရေရှားဒဏ်ခံစားနေရစဉ်အတွင်း ပြောင်းသီးနှံရိတ်သိမ်းမှု၏ တန်ချိန် ၅၂.၀ သန်း ထက် ပိုမိုခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပမြောက်ပိုင်းတွင် ဂျုံရိတ်သိမ်းမှုအပေါ် အဟန့်အတား ဖြစ်စေခြင်းမှအပ ကျန်ကောက်ပဲသီးနှံများရိတ်သိမ်းမှုမှာ အကျိုးဖြစ်ထွန်းစေခဲ့သော်လည်း ဥရောပ တောင်ပိုင်း၌ ဆောင်းဦးကာလအတွင်း ရိတ်သိမ်းမည့် ပြောင်းသီးနှံအများစုသည် ယခုနွေရာသီ၏ မိုးခေါင်မှုနှင့် အပူလှိုင်းဒဏ်ကို ခံစားခဲ့ရကြောင်းဖြင့် ဖော်ပြထားသည်။

EU ကော်မရှင်သည် ၂၀၂၃-၂၄ ခုနှစ်အတွက် အသုံးပြုနိုင်သည့် ဂျုံထုတ်လုပ်မှုကို ဇူလိုင်လ တွင် မက်ထရစ်တန်ချိန် ၁၂၆.၄ သန်း ခန့်မှန်းထားရာမှ တန်ချိန် ၁၂၆.၁ သန်းသို့ လျှော့ချခန့်မှန်း ခဲ့ပြီး ၂၀၂၂-၂၃ ရာသီ၌ ထွက်ရှိမှုတန်ချိန် ၁၂၅.၇ သန်းထက် အနည်းငယ်ပိုမိုကြောင်း၊ ယခုနှစ် အတွက် မုယောစပါးထုတ်လုပ်မှုကိုလည်း ယခင်လခန့်မှန်းချက်အောက် တန်ချိန် ၀.၁ သန်း လျော့ နည်းလျက် တန်ချိန် ၄၈.၆ သန်းသို့ လျှော့ချခဲ့ရာ ၂၀၂၂-၂၃ ခုနှစ် ထွက်ရှိမှုတန်ချိန် ၅၁.၅ သန်းထက် ပိုမိုလျော့နည်း ကျဆင်းသွားကြောင်း အတည်ပြုခဲ့သည်။

ဆီထွက်သီးနှံများနှင့်စပ်လျဉ်း၍ ကော်မရှင်သည် မုန်ညှင်းဆီရိတ်သိမ်းမှုအပေါ် လအစော ပိုင်းက တန်ချိန် ၁၀.၆ သန်း ခန့်မှန်းခဲ့ရာမှ တန်ချိန် ၁၀.၅ သန်းသို့ လျှော့ချခဲ့ပြီး နေကြာဆီထုတ် လုပ်မှုအပေါ် ယခင်လတွင် ၁၉.၄ သန်းမှ တန်ချိန် ၁၉.၁ သန်းသို့ လျှော့ချခန့်မှန်းခဲ့ကြောင်းဖြင့် သိရသည်။

Source: Hellenic Shipping News, 28 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနှင့်ထိုင်း နှစ်နိုင်ငံကုန်သည်အသင်းများ စားအုန်းဆီ ကုန်သွယ်မှု MOU ရေးထိုးမည်

အိန္ဒိယနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်း (Solvent Extractors' Association of India -SEA)သည် ထိုင်းနိုင်ငံ၏ စားအုန်းဆီကြိတ်ခွဲစက်ရုံများအသင်း (Thai Palm Oil Crushing Mills Association)နှင့် နားလည်မှုစာချွန်လွှာ (MOU)ကို လာမည့်လတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း၊ အဆိုပါ ပူးပေါင်းမှုမှတစ်ဆင့် အိန္ဒိယမှ စားအုန်းဆီကြမ်း (CPO) တင်သွင်းသူများ၊ သန့်စင်ထုတ်လုပ်သူများနှင့် ထိုင်းနိုင်ငံ၏ CPO ထုတ်လုပ်သူများ၊ တင်ပို့သူများအကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းသော ကုန်သွယ်မှုအခွင့်အလမ်းများကို တိုးမြှင့်ရန်ရည်ရွယ်ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

SEA ၏ အမှုဆောင်ဒါရိုက်တာ BV Mehta ၏ ပြောကြားမှုအရ SEA ၏ ဥက္ကဋ္ဌဖြစ်သူ Ajay Jhunjhunwala ဦးဆောင်သော စားအုန်းဆီတင်သွင်းသူများနှင့် သန့်စင်ရေးလုပ်ငန်းရှင်များပါဝင် သော ကိုယ်စားလှယ်(၁၉)ဦးအဖွဲ့သည် ထိုင်းနိုင်ငံ၏ အဓိက ဆီအုန်းစိုက်ပျိုးရာ ဒေသဖြစ်သည့် Surat Thani မြို့ ၌ ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ လေ့လာရေးခရီး ရောက်ရှိခဲ့ကြောင်း၊  Surat Thani မြို့ရှိ ထင်ရှားသော ထိုင်းနိုင်ငံ၏ ဆီအုန်းကြိတ်ခွဲသူများ၊ သန့်စင်သူများနှင့် တင်ပို့ ရောင်းချသူများနှင့်  အကျိုးအမြတ်ရရှိစေမည့် B2B အစည်းအဝေးများကို အဆက်မပြတ် ဆောင် ရွက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ထုတ်လုပ်သူများနှင့် တင်ပို့သူများ၏ လုပ်ငန်းစွမ်းရည်များကို ပိုမိုနား လည်သဘောပေါက်စေခဲ့ကြောင်း၊ အဆိုပါခရီးစဉ်တွင် အိန္ဒိယသို့ စားအုန်းဆီကြမ်း တင်သွင်းမှုအတွက် ထောက်ပံ့ပို့ဆောင်လျက်ရှိသည့် ခရာဘီမြို့ဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့ခြင်းသည် အသိအမြင်ပိုမိုကျယ်ပြန်လာခဲ့ကြောင်းဖြင့် ဖော်ပြထားသည်။

ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးရေးရာ ၀န်ကြီးချုပ်ရုံး၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Tamasak Wicharaya၊ စားအုန်းဆီမူဝါဒချမှတ်ခြင်းဆိုင်ရာ ကော်မတီအဖွဲ့ဝင် Burin Sukphisal၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး Supatra Sawaengsri အပါအဝင် ထိုင်းအစိုးရ၏ အဆင့်မြှင့်အရာရှိကြီးများနှင့် စားအုန်းဆီဆိုင်ရာကိစ္စရပ်များကို အလေးနက်ထားဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ အပြန်အလှန်ဆွေးနွေးဖလှယ်မှုများတွင် ထိုင်းအစိုးရ၏ ဆီအုန်းအပေါ် ရေရှည်ဖွံ့ ဖြိုးတိုးတက်ခြင်းဆိုင်ရာ မူဝါဒများကိုလည်းကောင်း၊ အိန္ဒိယသို့ စားအုန်းဆီကြမ်း တိုးမြှင့်တင်ပို့ ခြင်းမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးချဲ့နိုင်မည့် အလားအလာများကို လည်းကောင်း၊ အဓိက ထားဆွေးနွေးခဲ့ကြောင်း၊ SEA အနေဖြင့် ၎င်း၏ တွဲဖက် Solidaridad အဖွဲ့နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံ၏ ဒေသတွင်းအခြေအနေများနှင့် အံဝင်ခွင်ကျဖြစ်စေမည့် ရေရှည်တည်တံ့သော စားအုန်းဆီ ဆိုင်ရာ မူဘောင်တစ်ခုကို ထူထောင်ရာတွင် ထိုင်းစားအုန်းဆီကြိတ်ခွဲခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့ကို အကူအညီပေးရန် ကမ်းလှမ်းခဲ့သည့် အဆိုပြုချက်အပေါ် ထိုင်းနိုင်ငံအနေဖြင့် အပြုသဘောဆောင်လျက် ကြိုဆိုခဲ့ကြောင်းဖြင့် Mehta က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ဆီအုန်းလုပ်ငန်းများအကြား ခိုင်မာသောဆက်ဆံရေးကောင်း ရှိခြင်း၏ သက်သေအနေဖြင့်  အဆိုပါ နားလည်မှုစာချွန်လွှာ (MOU) ကို  လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့တွင် မွန်ဘိုင်းမြို့၌ ကျင်းပမည့် SEA ၏ နှစ် ၆၀ ပြည့် အခမ်းအနားတွင် ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားသို့  ထိုင်းစားအုန်းဆီ လုပ်ငန်း နယ်ပယ်မှ ထင်ရှားသောကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း Mehta က ဆက်လက် ပြောကြားခဲ့သည်။

အိန္ဒိယအနေဖြင့် နှစ်စဉ် ဟင်းသီးဟင်းရွက်ဆီ မက်ထရစ်တန်ချိန်ပေါင်း ၁၄ သန်း တင်သွင်း မှုတွင် စားအုန်းဆီထုတ်ကုန်များ၏ ဝေစုမှာ များပြားစွာ ပါဝင်ကြောင်း၊ ၎င်းပမာဏအနက် မက် ထရစ်တန်ချိန် ၈ မှ ၈.၅ သန်းခန့်ကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် နှစ်စဉ် စားအုန်းဆီကြမ်းထွက်ရှိမှုဖြင့် မက်ထရစ်တန်ချိန် ၃.၂ - ၃.၅ သန်းခန့် ရှိ၍ အိန္ဒိယသို့ မက်ထရစ်တန်ချိန် ၁ သန်းခန့်တင်သွင်းခြင်းဖြင့် အိန္ဒိယဆီအုန်းဈေးကွက်တွင် အဓိက ကျသော ဆီအုန်းတင်သွင်းသူအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ အိန္ဒိယ၏ တင်သွင်းမှုစုစုပေါင်းတွင် ထိုင်းနိုင်ငံမှ တင်သွင်းမှုမှာ ၁၅ ရာခိုင်နှုန်းရှိကြောင်းဖြင့် သိရသည်။

Source: The Hindu Business Line, 28 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကုန်ပြတ်လပ်သည့်ဒေသများသို့ ကြက်သွန်နီများ ဖြန့်ဖြူးပေးရန် အင်ဒိုနီးရှားအစိုးရက ပြင်ဆင်

အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကြက်သွန်နီ တန်ချိန် ၅,၇၅၀ ကို ၂၀၂၃ ခုနှစ်တွင် သိုလှောင်နိုင်ခဲ့ပြီး အခြေခံစားသောက်ကုန် ပြတ်လပ်မှုဖြစ်ပေါ်နေသော နိုင်ငံ၏ဒေသများသို့ ဖြန့်ဖြူးပေးရန် အဆင်သင့်ဖြစ်လျက်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းဆိုင်ရာညွှန်ကြားရေးမှူးချုပ်  Prihasto Setyanto က ဂျာကာတာမြို့တွင် သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် လက်ရှိပူပြင်းနေသောရာသီဥတုနှင့် မိုးခေါင်ရေရှားမှုဒဏ်တို့၏ သက် ရောက်မှုဒဏ်ခံနေရသော ဒေသများကို ကူညီရန် အရန်ကြက်သွန်နီများကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်အတွက် ကြက်သွန်နီ တန်ချိန် ၈,၇၅၀ ရရှိရန် ကြိုးပမ်းနေကြောင်း၊ ထို့အပြင် စားသောက်ကုန်သိုလှောင်မှုပြတ်လပ်ခြင်းကို ဖြေရှင်းရာတွင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန်  နိုင်ငံတစ်ဝှမ်းမှ အဓိကစားနပ်ရိက္ခာ ထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်သည့် ကြိုးပမ်းမှုများအပါအဝင်  အစီအမံများစွာကို ချမှတ်ထားပြီဖြစ်ကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးကို ရေရှည်တည်ငြိမ်မှုရှိအောင် အကူအညီဖြစ်စေဖို့ မျှော်လင့်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေးကဏ္ဍကို ခြိမ်းခြောက်လာနိုင်သည့် အယ်လ်နီညို၏ပူပြင်းမှုဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရာတွင် အကူအညီဖြစ်စေမည့် အမျိုးသားရေးလှုပ်ရှားမှုများကို ရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးဖြင့် အကောင်အထည် ဖော်ရန် လက်ရှိကာလတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလှုပ်ရှားမှုအနေဖြင့် နိုင်ငံ၏ အခြေခံအစားအစာများဖြစ်သည့် အထူးသဖြင့်  ဆန်ကဲ့သို့ အရန်စားနပ်ရိက္ခာများကို သိုလှောင်နိုင်ရေးအပေါ် အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ၎င်းက အတည်ပြုပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလအထိ ခြောက်သွေ့ရာသီကို ပိုမိုကြာရှည်စွာ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းထားသဖြင့် အယ်လ်နီညိုအပေါ် တုံ့ပြန်ခြင်းဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှုသည် နိုင်ငံ၏ စားနပ်ရိက္ခာသိုလှောင်မှုကို တည်ငြိမ်နေစေရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ရှင်းပြသည်။

Source: Antara News, 25 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ Nashik ဒေသ၌ ကြက်သွန်နီလေလံပွဲများ ရပ်ဆိုင်းလျက်ရှိ

အိန္ဒိယ၊ Nashik ခရိုင်ရှိ စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်ရှာဖွေရေးကော်မတီ (Agricultural Produce Market Committee - APMCs) ကုန်စည်ဒိုင်များတွင် ပြုလုပ်သော ကြက်သွန်နီလေလံ ပွဲများမှာ ရပ်တန့်လျက်ရှိကြောင်း၊ လယ်သမားများအနေဖြင့် အမြတ်ရဖွယ်မရှိသော စျေးနှုန်း အခြေအနေများကြောင့် ၎င်းတို့၏ ကြက်သွန်နီကုန်များကို လေလံပွဲများသို့ ယူဆောင်လာရန် တုံ့ ဆိုင်းလျက်ရှိကြောင်း၊ ဒေသခံခေါင်းဆောင်များနှင့် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့တို့က လယ်သမားများ ကို ဖျန်ဖြေဆွဲဆောင်စည်းရုံးရန် ကြိုးပမ်းခဲ့သော်လည်း အခြေအနေများမှာ မတည်မငြိမ်ဖြစ်နေဆဲ ပင် ဖြစ်ကြောင်း The Hindu Business Line သတင်းစာတွင် ဖော်ပြထားသည်။

Pimpalgaon မြို့ရှိ APMC ကုန်စည်ဒိုင်၏ လေလံပွဲတွင် အစိုးရပိုင်ဖြစ်သည့် အမျိုးသား လယ်ယာသမဝါယမဆိုင်ရာရောင်းဝယ်ရေးအဖွဲ့ချုပ် (National Agricultural Cooperative Marketing Federation- NAFED) ပါဝင်လာစေရန် လယ်သမားများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ လေလံတင်ခြင်းလုပ်ငန်းစဉ်တွင် NAFED အနေဖြင့် ကိုယ်တိုင် မပါဝင်ခဲ့ခြင်းသည် ၎င်းတို့၏ ထုတ်ကုန်များအတွက် စျေးနှုန်းနိမ့်ကျစေသည်ဟု လယ်သမားများ၏ စွပ်စွဲခဲ့မှု အပေါ် Lasalgaon မြို့ရှိ APMC ကုန်စည်ဒိုင်သည် ရဲတပ်ဖွဲ့၏ ကာကွယ်မှုကို ရယူ၍ လေလံပွဲများ ပြန်လည်စတင်ခဲ့သည်။

ထို့အတူ Yeola မြို့၏ APMC ကုန်စည်ဒိုင်တွင် လယ်သမားများသည် ၎င်းတို့၏ ကြက် သွန်နီကုန်များကို စျေးကွက်သို့ ယူဆောင်လာရန် ငြင်းဆိုခဲ့ပြီးနောက် NAFED သည် ကြက်သွန်နီ ဝယ်ယူမှုအတွက် ၎င်းတို့ထံ မချဉ်းကပ်ခဲ့ကြောင်း APMC ၏ တာဝန်ရှိသူများက မှတ်ချက်ပြု ဖြေကြားခဲ့သည်။ ထို့အပြင် NAFED သည် စင်တာအနည်းငယ်ကိုသာ ဖွင့်လှစ်ထားရှိပြီး ကြက်သွန် နီ အကြီးစားဝယ်ယူမှုမျိုး ဆောင်ရွက်ခဲ့ခြင်း မရှိဟု သတင်းစာတွင် ဖော်ပြထားသည်။

Lasalgaon မြို့တွင် ကြက်သွန်နီ ၄၇၅,၂၀၀ကီလိုဂရမ်ကိုသာ လေလံတင်လျက် ၁၀၀ ကီလို ဂရမ်လျှင် အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည့် ဈေးနှုန်း ရူပီငွေ ၂,၁၅၀ ဖြင့် လည်းကောင်း၊ Pimpalgaon Baswant မြို့တွင် ကြက်သွန်နီ ၇၂၀,၀၀၀ ကီလိုဂရမ်ကို ၁၀၀ ကီလိုဂရမ်လျှင် ရူပီငွေ ၂,၁၅၀ ဖြင့် လည်းကောင်း၊ နမ်ပူမြို့ရှိ APMC တွင် ကြက်သွန်နီ ၁,၃၂၇,၀၀၀ ကီလိုဂရမ်ကို ၁၀၀ ကီလိုဂရမ်လျှင် ရူပီငွေ ၂,၂၀၀ ဖြင့် လည်းကောင်း လေလံတင်ရောင်းချခဲ့သည်။ NAFED ၏ လက်ရှိဝယ်ယူမှု စျေးနှုန်းနှင့်အညီ Nashik ခရိုင်ရှိ လယ်သမားများသည် ၁၀၀ ကီလိုဂရမ်လျှင် အနိမ့်ဆုံးစျေးနှုန်း ရူပီ ငွေ ၂,၄၁၀ ဖြင့် ရောင်းချနိုင်ရေး တောင်းဆိုနေကြခြင်းဖြစ်သည်။

လေလံပွဲတွင် NAFED ၏ ကြေညာထားသည့် နှုန်းထားထက် နိမ့်ကျသော ကြက်သွန်နီ ဈေးနှုန်းများကို ကမ်းလှမ်းမည်ဆိုပါက လယ်သမားခေါင်းဆောင်များက ၎င်းတို့၏ သပိတ်မှောက် ဆန္ဒပြမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

ဗဟိုအစိုးရကမူ တောင်သူများနှင့် စားသုံးသူများကို အထောက်အပံ့ဖြစ်စေရန်အတွက်  ကြက်သွန်နီတန်ချိန် ၂ သိန်းကို ဝယ်ယူမည်ဟု ထုတ်ပြန်ကြေညာခဲ့ရာ NCCF နှင့် NAFED တို့သည် ဒေသအသီးသီးရှိ စားသုံးသူများအတွက် သက်သာသောနှုန်းထားဖြစ်သည့် တစ်ကီလိုလျှင် ရူပီးငွေ ၂၅ နှုန်းဖြင့် ကြက်သွန်နီများကို ရောင်းချပေးမည်လည်းဖြစ်သည်။

ဈေးကွက်မှ ကြက်သွန်နီတန်ချိန် နှစ်သိန်းကိုသာ ၀ယ်ယူမည့် အစိုးရ၏ အစီအစဉ်အပေါ်  Lasalgaon မြို့နယ် လယ်သမားများက ကျန်ကြက်သွန်နီများအပေါ် စိုးရိမ်မှုများ မြင့်တက်လာကာ အစိုးရ၏ သတ်မှတ်နှုန်းထားဖြင့် မည်သူက ဝယ်ယူမည်နည်းဟု မေးခွန်းထုတ်နိုင်ကြောင်း သတင်း စာတွင် ဖော်ပြထားသည်။

Source: The Hindu Business Line, 25 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ ကွမ်ရှီကျွမ်းဒေသ၌ ဒေသတွင်းသစ်သီးဝလံ ကုန်သွယ်ရေးဗဟိုဌာနများ တည်ထောင်

တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီကျွမ်း (Guangxi Zhuang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရသည် ဝယ်လိုအားများပြားလာမှုနှင့်အတူ တရုတ်နိုင်ငံ၏ အာဆီယံနိုင်ငံများနှင့် သစ်သီးဝလံ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရန်အတွက် Chongzuo ၊ Nanning နှင့် Qinzhou ဒေသများတွင် တရုတ်-အာဆီယံ သစ်သီးဝလံ ကုန်သွယ်မှုဗဟိုဌာနများကို တည်ထောင်ခဲ့ကြောင်း မကြာသေးမီ က ထုတ်ပြန်ကြေညာခဲ့ပါသည်။ China News Service သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ ဗဟိုဌာနများကို တရုတ်-အာဆီယံ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဖြန့်ဖြူးမှုစင်တာဟု ခေါ်ဆို သော စီမံကိန်းအောက်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် အာဆီယံနိုင်ငံများအကြား ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းကြောင်းဆက်သွယ်ဆောင်ရွက် မှု တိုးတက်စေရန်အတွက် ရည်ရွယ်ကြောင်း သိရှိရပါသည်။

စီမံကိန်းအရ တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်မှု၊ ခင်းကျင်းပြသမှု၊ ငွေပေးချေမှု၊ ကုန်ပစ္စည်းသိုလှောင်မှု၊ ပြုပြင်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများကို အဆင့်အတန်းမြင့်မားစေရန်အတွက် သစ်သီးဖြန့်ဖြူးမှု၊ ကုန်သွယ်မှုနှင့် ပြုပြင် ထုတ်လုပ်မှုလုပ်ငန်းများပါဝင်သည့် ပြီးပြည့်စုံသောကုန်သွယ်မှုစနစ်တစ်ရပ်ကို ထူထောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အကဲဖြတ်လေ့လာသူများ၏ အဆိုအရ ကုန်သွယ်မှုဌာနများကို တည် ထောင်ခြင်းဖြင့် တရုတ်-လာအို မီးရထားလမ်းကို မှီခိုနေရသော လက်ရှိ သစ်သီးဝလံတင်သွင်းမှု၊ သယ်ယူပို့ဆောင်မှု ပြုလုပ်နေသည့်ကွန်ရက်ကို တိုးတက်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ စားသုံးသူများနှင့် အာဆီယံနိုင်ငံများမှ သစ်သီးကုန်သွယ်မှုပြုသူများအတွက် သယ်ယူပို့ဆောင်မှု စရိတ်များ လျော့ကျစေမည်ဖြစ်သဖြင့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၂ဝ၂၃ ခုနှစ် ဇူလိုင်လ၌ တင်ပြသည့် China Media Group ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ရေလမ်း ကုန်သွယ်မှုစင်္ကြန်အသစ်ဖြစ်သည့် ကွမ်ရှီဒေသသည် ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်ကာလတွင် ပြည်ပကုန်သွယ်မှုတန်ဖိုး ယွမ် ၃၃၉.ဝ၇ ဘီလီယံ (ဒေါ်လာ ၄၆.၅ဝ ဘီလီယံ) ရှိခဲ့ပြီး နှစ်အလိုက် ၄၃.၂% တိုးတက်ခဲ့ကြောင်း၊ ၎င်း၏ အကြီးမားဆုံး ကုန်သွယ် ဖက်ဖြစ်သည့် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ယွမ် ၁၆၁.၃၈ ဘီလီယံရှိခဲ့ပြီး နှစ်အလိုက် ၉၂.၆% တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ကွမ်ရှီဒေသ ကနဦးလွတ်လပ်သော ကုန်သွယ်မှုဇုန်၌ ပါဝင်သည့် Qinzhou မြို့၏ ဆိပ်ကမ်း နေရာအနီးတွင် သစ်သီးဝလံ ကုန်သွယ်မှုဌာန ရှိသဖြင့် Qinzhou ဆိပ်ကမ်းမှတစ်ဆင့် အာဆီယံ နိုင်ငံများဖြစ်ကြသည့် မလေးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်း ဈေးကွက်များသို့ ပင်လယ်ရေကြောင်း ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး တရုတ်စားသုံးသူများအတွက် အရည်အသွေးမြင့်မားသော အပူ ပိုင်းဒေသသစ်သီးများဖြစ်ကြသည့် ဒူးရင်း၊ သရက်နှင့် တောကြက်မောက်သီး (longan) တို့ကို စားသုံးနိုင်မည့် အခွင့်အလမ်းရရှိစေမည်ဖြစ်ပါသည်။ အဆိုပါ သစ်သီးကုန်သွယ်မှုဌာန၏ ဖွင့်ပွဲ အခမ်းအနားတွင် မလေးရှားနိုင်ငံမှ ပထမဆုံးသင်္ဘော တင်ပို့လိုက်သည့် ဒူးရင်းသီးများကို ပြုပြင် ထုတ်လုပ်ခြင်း၊ သယ်ယူခြင်းနှင့် သတ်မှတ်ထားသော အအေးခန်းသိုလှောင်ရုံ နေရာတွင် သိုလှောင် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Qinzhou ဆိပ်ကမ်းသည် ပျှမ်းမျှအားဖြင့် ကွန်တိန်နာတစ်ခုလျှင် သင်္ဘောခကုန်ကျစရိတ် ၁ဝဝဝဝ ယွမ် ပိုမိုလျော့နည်းသက်သာသဖြင့် Friendship Pass မှသစ်သီးတင်သွင်းမှုနှင့် နှိုင်းယှဉ် ပါက ဈေးနှုန်းအကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း၊ လာမည့် ၃ နှစ်တာကာလအတွင်း Qinzhou သည် တရုတ်-အာဆီယံသစ်သီးကုန်သွယ်မှုဈေးကွက်နှင့် အွန်လိုင်းစင်္ကြန်ကို တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂ဝ၂၅ ခုနှစ်တွင် နှစ်စဉ်သစ်သီးတင်သွင်းမှုနှင့် တင်ပို့မှုပမာဏ တန်ချိန် ၆ဝဝ,ဝဝဝ တန်ကျော် ရောက်ရှိရန်ခန့်မှန်းထားကြောင်း သိရှိရပါသည်။ Qinzhou ဆိပ်ကမ်းသည် အာဆီယံနိုင်ငံများမှ သင်္ဘောလိုင်း ၃၆ ခုရှိသော ဆိပ်ကမ်း ၂၆ ခုတို့ဖြင့် ဆက်သွယ် ဆောင်ရွက် လျက်ရှိပြီး အကောက်ခွန်အာဏာပိုင်များမှ ဆိပ်ကမ်းလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရန် ၂၄ နာရီအကောက်ခွန်ရှင်းလင်းမှု ဆောင်ရွက်နိုင်မည့်လုပ်ငန်းကို အကောင်အထည်ဖော်ဆောင် လျက်ရှိကြောင်း သိရှိရပါသည်။ Qinzhou ဆိပ်ကမ်းသည် တင်းကြပ်သော သင်္ဘောတင်ပို့မှု စည်း ကမ်းလိုအပ်ချက်ရှိသည့် အချို့သော လတ်ဆတ်သော သစ်သီးများဖြစ်ကြသည့် ဒူးရင်းသီးနှင့် သရက်သီးတို့ကို သယ်ယူပို့ဆောင်ရာတွင် ကြာမြင့်ချိန်ကို ၂ ရက်ပိုမို လျော့နည်းသက်သာစေသည့်  ပထဝီအနေအထားဆိုင်ရာ အကျိုးကျေးဇူးကို ရရှိစေကြောင်း သိရှိရပါသည်။ ၂ဝ၂၃ ခုနှစ် ပထမ ၅ လအတွင်း ကွမ်ရှီဒေသ၏ အာဆီယံနိုင်ငံများမှ သစ်သီး တင်သွင်းမှုမှာ ယွမ် ၃.၆၆ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး နှစ်အလိုက် ၁၉၃.၇% တိုးတက်လာခဲ့ပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Chongqing ဒေသတွင် အာဆီယံနိုင်ငံများမှ လယ်ယာ ထွက်ကုန်များတင်သွင်း ဖြန့်ဖြူးသည့်ကွန်ရက်ကို တည်ဆောက်လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ် နိုင်ငံအတွင်း အခြားသောဒေသများသို့ ပြန်လည်ပို့ဆောင် ဖြန့်ဖြူးမည်ဖြစ်ပါသည်။ Chongqing ဒေသသည် ကွမ်ရှီနှင့် ယူနန်ဒေသများမှ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သို့ ကုန်းလမ်း-ရေလမ်း သယ်ယူပို့ဆောင်မှုလမ်းကြောင်းများကို လည်ပတ်ဆောင်ရွက်နိုင်ရန် အထောက်အပံ့ပေး လျက်ရှိသည့်ဒေသဖြစ်ပါသည်။ လွတ်လပ်သောကုန်သွယ်မှုဇုန်မှ ကိန်းဂဏန်းများအရ ကုန်သွယ်မှု စင်္ကြန်သည် ၂ဝ၂၂ ခုနှစ်တွင် ၅၃,ဝဝဝ TEUs (Twenty-foot Equivalent Units) ကို သယ်ယူ ပို့ဆောင်နိုင်ခဲ့ပြီး နှစ်အလိုက် ၂ဝ% တိုးတက်ခဲ့ကာ ကုန်စည်တန်ဖိုး ယွမ် ၁၃.၅ ဘီလီယံဖိုး ရှိခဲ့သဖြင့် နှစ်အလိုက် ၁၈% တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

အာဆီယံနိုင်ငံများသည် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ကာ အာဆီယံ-တရုတ်ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၃.၅၉ ထရီလီယံသို့ တိုးတက်ခဲ့ပြီး နှစ်အလိုက် ၂.၈% တိုးတက်ခဲ့ကာ တရုတ်နိုင်ငံ၏ပြည်ပ ကုန်သွယ်မှု၏ ၁၅.၃% ရှိခဲ့ကြောင်း သိရှိရပါသည်။ ကွမ်ရှီဒေသတွင် အာဆီယံနိုင်ငံ များပါဝင်သည့် ကုန်စည်ပြပွဲများနှင့် ကုန်သွယ်မှုခင်းကျင်းပြသပွဲများစွာ ကျင်းပပြုလုပ်လျက်ရှိပြီး ဒေသတွင်း ဈေးကွက်အခွင့်အလမ်းများကို ရရှိစေသည့်အပြင် တရုတ်နှင့်အာဆီယံပူးပေါင်း ဆောင်ရွက်မှု ပြယုဂ်တစ်ခုဖြစ်သည့် Chongqing မှစတင်သည့်ကုန်သွယ်မှုစင်္ကြန်မှတစ်ဆင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းကို လျင်မြန်ချောမွေ့စေခြင်းတို့ကြောင့်  တရုတ်နှင့် အာဆီယံနိုင်ငံများ အကြား အနာဂတ်ကုန်သွယ်မှု အလားအလာကောင်းများကို ဖြစ်ထွန်းစေလျက်ရှိပါသည်။

Source: Global Times, 28th August, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ