Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

မိုဇမ်ဘစ်ဘက်မှ ပဲစင်းငုံတင်ပို့ခြင်းမပြုပဲ ထိန်းသိမ်းထားကြောင်း အိန္ဒိယကုန်သည်များက စွပ်စွဲ

အိန္ဒိယနိုင်ငံတွင် အာဖရိကအရှေ့ပိုင်းဒေသရှိ မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ တင်သွင်းမှုမှာ သိသာစွာ နှေးကွေးကျဆင်းလျက်ရှိရာ ပြည်တွင်း၌ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းစေရေးမှာ နှောင့်နှေးမှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိုဇမ်ဘစ်ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ဆိပ်ကမ်းသို့ ရောက် ရှိနေပြီးဖြစ်သော ပဲစင်းငုံတန်ချိန် ၁.၅ သိန်းကျော်ကို တင်ပို့ခြင်းမပြုပဲ ထိန်းသိမ်းထားရှိ လျက် ငွေကြေးပိုမိုရရှိအောင် လုပ်ဆောင်နေကြသည်ဟု အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်များက စွပ်စွဲ ပြောဆိုလျက်ရှိကြောင်း Economic Times သတင်းဌာနက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖော်ပြထားပါသည်။

အိန္ဒိယပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကဲ့သို့သော အဓိကပဲများ ပြတ်လပ်မှုကို ကြုံတွေ့နေရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွက် လက်လီဈေးနှုန်းဖောင်းပွ မှုမှာ ၅.၀၂% သို့ ကျဆင်းခဲ့သော်လည်း ပဲမျိုးစုံဈေးနှုန်းများမှာမူ ဩဂုတ်လ၌ ဈေးနှုန်းဖောင်းပွမှု ၁၃% ရှိရာမှ စက်တင်ဘာလတွင် ၁၆.၄% သို့ မြင့်တက်ခဲ့သည်။

ကုန်သည်များနှင့် ပြုပြင်ထုတ် လုပ်သူလုပ်ငန်းရှင်များ လက်ဝယ်၌ ပဲမျိုးစုံ သိုလှောင်ထားရှိ နိုင်ခွင့် ပမာဏအပေါ် မကြာသေးမီ ကာလများအတွင်း အိန္ဒိယအစိုးရက ပိုမိုတင်းကျပ်သည့် အစီ အမံများ ချမှတ်ခဲ့ပြီးနောက် ပဲစင်းငုံဈေးနှုန်းများမှာ တည်ငြိမ်မှုရှိလာခဲ့သည်။ အာဖရိကဒေသထွက် ပဲစင်းငုံများ၏ ဈေးနှုန်းများမှာ ၅% ကျဆင်းခဲ့ကြောင်း၊ ကုန်စည်တင်သွင်းမှုများ အဆင်ပြေချောမွေ့မှုရှိပါက ဈေးနှုန်းများသည် ၁၀% ခန့် ထပ်မံကျဆင်းနိုင်ကြောင်း သိရှိရသည်။

ပဲစင်းငုံဈေးနှုန်းများသည် အချိန်ကာလတစ်ရပ်အထိ တည်ငြိမ်မှုရှိနေခဲ့ကြောင်း၊ ပဲစင်းငုံ ၁ ကီလိုဂရမ်လျှင် ၉၅ - ၉၆ ရူပီးနှုန်းရှိရာမှ ၇၅ - ၈၀ ရူပီးနှုန်းအထိ ကျဆင်းမည်ဟု မျှော်မှန်းထားသော်လည်း မိုဇမ်ဘစ်နိုင်ငံဘက်မှ ကုန်စည်ဝင်ရောက်မှု နှောင့်နှေးနေခြင်းကြောင့် ၁ ကီလိုဂရမ် လျှင် ရူပီး ၉၀ နှုန်းသို့သာ ဈေးနှုန်းကျဆင်းမှုရှိကြောင်း၊ အချို့သော မိုဇမ်ဘစ် ကုန်သည်များသည် အိန္ဒိယသို့ပဲတင်ပို့မှုကို တားဆီးပိတ်ဆို့လျက် ဈေးနှုန်းများကိုမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်းဖြင့် မဟာရဋ္ဌပြည်နယ်အခြေစိုက် ပဲတင်သွင်းသည့် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

Source: Economic Times, 18 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံ၌ အယ်လ်နီညိုကြောင့် သီးနှံများထိခိုက်မှုကို အဆင့်သုံးဆင့်ဖြင့် ကာကွယ်မည်

အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားသုတေသနနှင့် တီထွင်ဆန်းသစ်မှုအေဂျင်စီ (BRIN) သည် အယ်လ်နီညိုဖြစ်စဉ်၏ ပူပြင်းခြောက်သွေ့မှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးနိုင်မည့် အန္တရာယ်ကို  အဆင့်သုံးဆင့်ဖြင့် ကျော်လွှားရန် လယ်သမားများအား ဖိတ်ခေါ်အသိပေးခဲ့ပါသည်။

BRIN အေဂျင်စီအဖွဲ့၏ စားနပ်ရိက္ခာသီးနှံသုတေသနဗဟိုဌာန၊ အကြီးအကဲ Yudhistira Nugraha ၏ ပြောကြားမှုအရ အဆိုပါအဆင့်သုံးဆင့်မှာ သီးနှံစိုက်ပျိုးမှု အခြေအနေပြ ပြက္ခဒိန်၏ အချက်အလက်စနစ်အား အများဆုံးအသုံးပြုခြင်း၊ ဆန်စပါး စိုက်ပျိုးမှုအစား ရင့်မှည့်မှု မြန်ဆန် သော သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းနှင့် ရေကိုအလေအလွင့်မဖြစ်စေဘဲ အသုံးပြုခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါအဆင့် ၃ ဆင့်ကို ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် သီးနှံများဖြစ်ထွန်းမှု မရှိခြင်းကို အောင်မြင်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်းဖြင့် ၆-၁၀-၂၀၂၃ နေ့တွင် ပြောကြားခဲ့ ပါသည်။

ပထမအဆင့် သီးနှံစိုက်ပျိုးမှု အခြေအနေပြ ပြက္ခဒိန် သတင်းအချက်အလက်စနစ်သည် စိုက်ပျိုးရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့် ကြိုတင်သတိပေးစနစ်ဖြစ်ကြောင်း၊ တောင်သူ များအား ၎င်းတို့၏မြေယာများ၌ စိုက်ပျိုးနိုင်သည့် အသင့်လျော်ဆုံးအချိန်များကို သတင်းအချက် အလက် ပြန်ကြားပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ သို့သော် အင်ဒိုနီးရှားနိုင်ငံရှိ လယ်သမား အများ အပြားသည် မိရိုးဖလာစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြသောကြောင့် ယခုကဲ့သို့ ပံ့ပိုးပေးသည့် ပထမအဆင့် အစီအစဉ်ကို ပါဝင်ဆောင်ရွက်မှု နည်းပါးကြောင်း သိရှိရသည်။

ဒုတိယအဆင့်တွင် လယ်သမားများသည် ဆန်စပါးနှင့်နှိုင်းယှဉ်ပါက အချိန်တိုအတွင်း ရိတ်သိမ်းနိုင်မည့် အစားထိုးသီးနှံများဖြစ်သည့် ပဲတီစိမ်းနှင့် နှံစားပြောင်း ကဲ့သို့သော သီးနှံများကို ရွေးချယ် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်နှင့် စပ်လျဉ်း၍ တောင်သူများအနေဖြင့် မိမိတို့၏ ရေပမာဏကို ပိုမိုသတိပြု သိုလှောင်အသုံးပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရန် သတ်မှတ်ထားသည့် အပင်များအတွက် လိုအပ်သောရေပမာဏအတိအကျကို အလေးထား အသုံးပြုရမည် ဖြစ်ကြောင်း၊ ကာလကြာရှည်မည့် ခြောက်သွေ့ရာသီတွင် ရေကို ထိန်းသိမ်းထားရန်မှာ အရေးကြီးသဖြင့် ဆည်မြောင်းစနစ်များကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်းဖြင့် Nugraha က အကြံပြုပြောကြားခဲ့သည်။

Source: Antara News, 7 Oct 2023  (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရော်ဘာလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

မျက်မှောက်ကာလ သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်နေသည့်နိုင်ငံများတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများမှာ ရော်ဘာဈေးနှုန်းကျဆင်းမှု၊ လုပ်သားစရိတ်တိုးမြှင့်မှု၊ လုပ်သားရှားပါးမှု၊ ရောဂါများ၊ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်ကြောင်း အိန္ဒိယရော်ဘာဘုတ်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ M. Vasanthagesan က ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံ၊ Guwahati မြို့၌ သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) ၏ နှစ်ပတ်လည်ရော်ဘာညီလာခံနှင့် အစည်းအဝေးပွဲများကို ကျင်းပရာတွင် အိန္ဒိယရော်ဘာဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ Sawar Dhanania က ANRPC သည် သဘာဝရော်ဘာ စိုက်ပျိုးသည့်နိုင်ငံများအားလုံးအတွက် တူညီသောပြဿနာများကို ဦးစားပေး၍ သင့်လျော်သော မူဝါဒများ ချမှတ်သင့်ပါကြောင်း၊ ရော်ဘာစိုက်ပျိုးခြင်းကဏ္ဍတွင် စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးရေး၊ ရေရှည် တည်တံ့သော စိုက်ပျိုးမှုအလေ့အထများ မြှင့်တင်ရေး၊ ထောက်ပံ့ရေးကွင်းဆက်များ အားကောင်းစေရေး၊ ရော်ဘာအခြေခံ သစ်ထုတ်ကုန်များအတွက် တန်ဖိုးထပ်တိုးမြှင့်ရေး စသည်ဖြင့် မည်သည့်နေရာ၌မဆို ရှိကြသော ရော်ဘာစိုက်ပျိုးသူများအတွက် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မလေးရှားရော်ဘာဘုတ်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်နှင့် ANRPC ဥက္ကဋ္ဌဖြစ်သူ Dato' Dr Zaroissani Mohd Nor က ANRPC ၏ နှစ်ပတ်လည်ထုတ်ပြန်ချက်ကို တင်ပြခဲ့ရာတွင် အသင်း၏ ရည်မှန်းချက်မှာ ရော်ဘာလုပ်ငန်း၏ကုန်ထုတ်စွမ်းအားကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်၊ ရော်ဘာထုတ်လုပ်မှုမပြုမီကဏ္ဍတွင် တန်ဖိုးထပ်တိုးရန်၊ နောက်ဆက်တွဲ ၀င်ငွေရင်းမြစ်များကို ရှာဖွေနိုင်ရန်၊ သဘာဝရော်ဘာ၏ ဂေဟစနစ် တိုးတက်ကောင်းမွန်စေမည့် အထောက် အထားများကို ရင်းနှီးနိုင်ရန်၊  ရော်ဘာတောင်သူများ၏ ကောင်းကျိုးချမ်းသာကို ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်းဖြင့် တင်ပြခဲ့ပါသည်။

သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် ကြုံတွေ့နေရသည့် ရော်ဘာဈေး နှုန်းကျဆင်းမှု၊ လုပ်သားစရိတ်တိုးမြှင့်မှု၊ လုပ်သားရှားပါးမှု၊ ရောဂါများ၊ ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို စုပေါင်းအင်အားဖြင့် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ရော်ဘာကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအပြင် ရော်ဘာထုတ်လုပ်မှုနှင့် ရော်ဘာ အခြေခံထုတ်ကုန်များ ထုတ်လုပ်မှုတွင် ဖူလုံမှုရှိစေရေးတို့အတွက် အဓိကအားဖြင့် ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ တာယာထုတ်လုပ်သူများအသင်း (ATMA) ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ငွေကြေးထောက်ပံ့မှုတို့ဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်များရှိ မြေဧရိယာ ဟက်တာ ၂ သိန်းတွင် ရော်ဘာတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် အကြီးမားဆုံးစီမံကိန်း ဖြစ်သည့် ရော်ဘာစိုက်ပျိုးရေး INROAD စီမံကိန်းကို  စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း Vasanthagesan က ပြောကြားခဲ့ပါသည်။

Source: Economic Times, 9 Oct 2023  (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မလေးရှား၏ စားအုန်းဆီတင်ပို့မှု ကျဆင်းပြီး ၁၁ လအတွင်း ကုန်လက်ကျန် အမြင့်ဆုံးရောက်ရှိ

မလေးရှားနိုင်ငံ၌ စားအုန်းဆီသိုလှောင်မှုသည် စက်တင်ဘာလကုန်တွင် ၁၁ လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ၁၀-၁၀-၂၀၂၃ နေ့တွင် စာရင်းထုတ်ပြန်ခဲ့မှုနှင့်အတူ ဝယ်လိုအားနည်းပါးနေခြင်းအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

မလေးရှား၏ စားအုန်းဆီလက်ကျန်ပမာဏသည် သြဂုတ်လထက် ၉.၆ ရာခိုင်နှုန်းမြင့်တက်လျက် စက်တင်ဘာလ၌ မက်ထရစ်တန်ချိန် ၂.၃၁ သန်းအထိ ရောက်ရှိခဲ့ရာ ၅ လဆက်တိုက် မြင့်တက်ခြင်းဖြစ်ကြောင်း၊ စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုသည် စက်တင်ဘာလတွင် ၄.၃၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁.၈၃သန်း ထွက်ရှိခဲ့ကြောင်း၊ သို့သော် တင်ပို့မှုမှာ တန်ချိန် ၁.၂ သန်းသို့ ကျဆင်းခဲ့ကြောင်း သိရပါသည်။

ရိုက်တာသတင်းဌာန၏စစ်တမ်း၌မူ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်ပမာဏသည် ၁၂.၀၅ ရာခိုင်နှုန်းမြင့်တက်လျက် တန်ချိန် ၂.၃၈ သန်းခန့်ရှိနိုင်ကြောင်း၊ ထုတ်လုပ်မှုမှာ တန်ချိန် ၁.၈၆ သန်းနှင့် တင်ပို့မှုမှာ တန်ချိန် ၁.၃၂ သန်း ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။

စျေးကွက်ခန့်မှန်းချက်များနှင့်အညီ မလေးရှား၏ စားအုန်းဆီသိုလှောင်မှုပမာဏသည် မြင့် တက်လာခြင်းဖြစ်ပြီး  ဒီဇင်ဘာလအကုန်တွင် လက်ကျန် တန်ချိန် ၂.၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ စားအုန်းဆီသည် စျေးနှုန်းသက်သာမှုရှိသော စားသုံးဆီများနှင့် ယှဉ်ပြိုင်နေခဲ့ရကြောင်း မွန်ဘိုင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ စားအုန်းဆီ သုံးစွဲမှု မြင့်မားသည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် သိုလှောင်မှုများ မြင့်တက်လာခဲ့ပြီး ၎င်းတို့၏၀ယ်လိုအားမှာ လာမည့်လများအတွင်း အသင့်အတင့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အခြားကုန်သည်တစ်ဦးက ပြောဆိုသည်။

သို့သော် မလေးရှားပြည်တွင်း၌မူ ဝယ်လိုအားမြင့်တက်လာကြောင်း၊ MPOB ၏ အချက်အလက်များအရ မလေးရှားနိုင်ငံအတွင်း စားအုန်းဆီသုံးစွဲမှုသည် စက်တင်ဘာလတွင် တန်ချိန် ၄၉၄၀၀၀ ရှိပြီး လအလိုက်နှိုင်းယှဉ်ပါက နှစ်ဆခန့်မြင့်တက်လာခဲ့ကြောင်း မွန်ဘိုင်းမြို့အခြေစိုက် Sunvin Group ၏ သုတေသနအကြီးအကဲ Anilkumar Bagani က ပြောကြားခဲ့သည်။

အယ်လ်နီညိုဖြစ်စဉ်၏ ပူပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေက စားအုန်းဆီ ထုတ်လုပ်မှုကို အကျပ်အတည်းဖြစ်ပေါ်စေလျက်ရှိသော်လည်း လက်ကျန်သိုလှောင်မှု ပမာဏမြင့်တက်လာခဲ့ခြင်းသည် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းကို ကျဆင်းမှု ဖြစ်စေကြောင်း သိရှိရသည်။

Source: The Edge Malaysia, 10 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံ၌ ဈေးနှုန်းများကျဆင်းရေးအတွက် ဆန်ရောင်းလိုအားမြှင့်တင်ရန် အစိုးရကစီစဉ်

စပါးဈေး မြင့်တက်မှုနှင့် စားသုံးကုန်ဈေးနှုန်းများ မြင့်တက်မှုကို လျော့ချရန်အတွက် အစိုးရအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ဆန်ရောင်းလိုအားအပိုင်းကို မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ၈-၁၀-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

စပါးဈေးနှုန်းများ မြင့်တက်လာမှုအပေါ် လယ်သမားများက ပျော်ရွှင်ကျေနပ်မှုရှိနေသော်လည်း စားသုံးသူများအတွက်မှာမူ မပြေလည်မှုများ ဖြစ်ပေါ်နေသည်ဟု အနောက်ဂျာဗားပြည်နယ်ရှိ ဆူဘန်ဒေသတွင် စပါးရိတ်သိမ်းမှုအား စစ်ဆေးစဉ် သမ္မတ ဂျိုကိုဝီက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အင်ဒိုနီးရှားစာရင်းအင်းဌာန၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအချက်အလက်များအရ ကြိတ်ခွဲရန် အသင့်အခြောက်လှန်းပြီး စပါးဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၇၃၈၆ အင်ဒိုနီးရှားရူပီး (အမေရိကန် ဒေါ်လာ ၀.၄၇) ရှိပြီး သြဂုတ်လ၌ ၁ ကီလိုဂရမ်လျှင် ရူပီး ၆၇၆၀ ဖြစ်ရာ ၉.၃% ဈေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။

လက်ရှိ စပါးဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်းများ မြင့်တက်လာမည့်အခြေအနေကို မျှော်မှန်းထားရန် လိုအပ်ကြောင်း၊ ဆန်ဈေးနှုန်းများ ကျဆင်းစေရေးအတွက် ဈေးကွက်အတွင်း ဆန်အမြောက်အမြားကို ပေးသွင်းခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ဂျကာတာမြို့ရှိ Cipinang ဆန်လက်ကားဈေးကွက်တွင် အဆိုပါ နည်းဗျူဟာသည် ဆန်ဈေးနှုန်း ကျဆင်းစေရေးအတွက် ထိရောက်မှုရှိကြောင်း၊ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဆန်စပါးထုတ်လုပ်မှု လျော့ကျသော်လည်း အရန်ဆန်များ လုံလောက်စွာထားရှိခြင်းကြောင့် ပြဿနာမရှိနိုင်ပါကြောင်း သမ္မတဂျိုကိုဝီက ပြောကြားခဲ့သည်။

Source: Antara News, 8 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၉ လအတွင်း ဆန်တန်ချိန် ၄ သိန်းခွဲကျော် ကမ္ဘောဒီးယားတင်ပို့

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း နိုင်ငံပေါင်း ၅၇ နိုင်ငံသို့ ဆန် ၄၅၆၅၈၁ တန် တင်ပို့ခဲ့ပြီး စုစုပေါင်း၀င်ငွေ အမေရိကန်ဒေါ်လာ ၃၂၇.၄ သန်း ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဆန်ဝယ်ယူသည့် ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယား၏ ပြည်ပတင်ပို့သည့် ဆန်အမျိုးအစားများတွင် ဆန်မွှေး၊ အော်ဂဲနစ်ဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် ဂျပွန်နီကာဆန်များ ပါဝင်သည်။ CRF ၏ အထွေထွေအတွင်းရေးမှူးချုပ် Lun Yeng က အစိုးရအဖွဲ့သစ်၏ ဆန်တင်ပို့မှု မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ဆန်စပါးဈေးကွက်သစ်များကို ဖွင့်လှစ်တင်ပို့နိုင်ခဲ့ကြောင်း  Khmer Times သို့ ပြောကြားခဲ့သည်။ CRF သည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၇၀၀၀၀၀ တင်ပို့နိုင်ရေး ရည်မှန်းချက် ချမှတ်ထားပြီး တရုတ်နိုင်ငံသည် ကြီးမားသော စျေးကွက်တစ်ခု ဖြစ်သည်ဟုဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၁ နှစ်လျှင် ဆန်တန်ချိန် ၂၅၀၀၀၀ တင်ပို့ရန် အင်ဒိုနီးရှားနိုင်ငံနှင့် ဆန်ကုန်သွယ်ရေး သဘောတူစာချုပ်ကို စက်တင်ဘာလတွင် ချုပ်ဆိုခဲ့ပြီး လာမည့်နှစ်မှစတင်၍ တင်ပို့မည်ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင်လတွင် ဖိလစ်ပိုင်ဈေးကွက်သို့ ပထမဆုံးအကြိမ် ဆန်တင်ပို့နိုင်ခဲ့သည်။

Source: Khmer Times, 9 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ခြောက်သွေ့ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်ကြောင့် အိန္ဒိယ၏ဝါဂွမ်းအထွက် ထိခိုက်ဖွယ်ရှိ

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ၂ဝ၂၃-၂၄ ခုနှစ် (အောက်တိုဘာ-စက်တင်ဘာ) သီးနှံရာသီ၌ ဩဂုတ် - စက်တင်ဘာလများအတွင်း ကာလကြာရှည်စွာ ရာသီဥတုခြောက်သွေ့မှု ဖြစ်ပေါ်ခြင်းနှင့်အတူ ပန်း‌ရောင်ဝါသီးထိုးပိုး အန္တရာယ်ကြောင့် ဝါသီးနှံပင်များ ထိခိုက်ပျက်စီးခဲ့ရာ ဝါဂွမ်းအထွက်ပမာဏနှင့် အရည်အသွေးတို့ကို ထိခိုက်နိုင်ကြောင်း သိရှိရပါသည်။ မုတ်သုံဝင်ရောက်မှု နှောင့်‌နှေးခြင်းက ဝါသီးနှံစိုက်ပျိုးမှုကို ၁၅ ရက်မှ ၂ဝ ရက်အထိ နောက်ကျစေခဲ့ပြီး စိုက်ပျိုးဧရိယာသည်လည်း ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

၂ဝ၂၃ ခုနှစ် မေလမှ စက်တင်ဘာလအတွင်း လအလိုက် မိုးရွာသွန်းမှုနှင့် ခြောက်သွေ့မှုတို့မှာ တစ်လှည့်စီဖြစ်ပေါ်ခဲ့ကြောင်း၊ အောက်တိုဘာလအတွက်မူ သေချာစွာစောင့်ကြည့်သွား ရမည်ဖြစ်ကြောင်း၊ ဩဂုတ်လမှ စက်တင်ဘာလအတွင်း ၄၅ ရက်ကြာ ပူပြင်းခြောက်သွေ့မှု ဖြစ်ပေါ်ခဲ့သဖြင့် ဝါအထွက်နှုန်းလျော့နည်းခဲ့ကာ အရည်အသွေးကိုလည်း ထိခိုက်ခဲ့ကြောင်း အိန္ဒိယဝါဂွမ်းအသင်း၏ ဥက္ကဌဖြစ်သူ Atul Ganatra က ပြောကြားခဲ့ပါသည်။

ဝါဂွမ်းအသင်း၏ခန့်မှန်းချက်အရ ၂ဝ၂၂-၂၃ ခုနှစ်အတွက် စက်တင်ဘာလကုန်၌ စာရင်းပိတ် ဝါဂွမ်းကုန်လက်ကျန်မှာ အထုပ်ရေ ၂၇ သိန်းရှိမည်ဟု သိရှိရပါသည်။ Ganatra က ၂ဝ၂၃-၂၄ ခုနှစ် ဝါဂွမ်းသီးနှံ ကုန်သွယ်မှုအခြေအနေမှာ အောက်တိုဘာလ ကုန်ခန့်တွင် သိသာထင်ရှားလာ မည်ဖြစ်ကြောင်းနှင့် ဝါဂွမ်းကုန်ကြမ်း ရောင်းချမှုကိုမူ စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Ganatra က လွန်ခဲ့သောရာသီကာလတွင် ဈေးကွက်အတွင်း ဝါဂွမ်းရောက်ရှိမှုနှောင့်နှေး ခဲ့ပြီး လယ်သမားများအနေဖြင့် နှစ်အလိုက်ပျှမ်းမျှဈေးနှုန်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၇၅ဝဝ နှုန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း၊ ၎င်းနှုန်းထားသည် အစိုးရကသတ်မှတ်သည့် အခြေခံ ရည်ညွှန်းဈေးဖြစ်သော ချည်မျှင်ရှည်ဝါ ၁ ကွင်တယ်လျှင် ရူပီး ၆၃၈ဝ နှုန်းထက် ၂ဝ ရာခိုင်နှုန်း ပိုမို မြင့်မားနေကြောင်း၊ ယခုနှစ်တွင် အခြေခံရည်ညွှန်းဈေးမှာ ရူပီး ၇ဝ၂ဝ ဖြစ်သဖြင့် လယ်သမားများ အနေဖြင့် ယခင်နှစ်နည်းတူ ၂ဝ ရာခိုင်နှုန်း ပိုမိုရရှိရန်ရည်မှန်းထားပြီး ဈေးကွက်ကို စောင့်ကြည့် မည့် အခြေအနေရှိကြောင်း၊ နေ့စဉ်ဈေးကွက်သို့ဝင်ရောက်မှုမှာ ဝါသီးနှံအဟောင်းနှင့် အသစ် အပါအဝင် ဝါဂွမ်းထုပ်ရေ ၅ဝဝဝဝ မှ ၅၅ဝဝဝ အကြားရှိကြောင်း ပြောကြားခဲ့ပါသည်။

အမျိုးသားဝါဂွမ်းပွဲစားများအသင်း၏ ဒုတိယဥက္ကဌဖြစ်သူ Ramanuj Das Boob က ဝါဂွမ်းသီးနှံဟောင်း ကုန်ကြမ်းဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ရူပီး ၇၂ဝဝ မှ ၇၃ဝဝ အကြားရှိပြီး ဝါဂွမ်းအသစ်၏ ကုန်ကြမ်းဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ရူပီး ၇ဝဝဝ ခန့်ရှိသဖြင့် ရည်ညွှန်းဈေး အနီးတစ်ဝိုက်တွင်ရှိကြောင်းနှင့် ဝါဂွမ်းစေ့ဈေးနှုန်းများ ကျဆင်းလာသဖြင့် ဝါဂွမ်းအသစ်များ အပေါ် ဖိအားများဖြစ်ပေါ်လျက်ရှိကြောင်း၊ ချည်မျှင်စက်ရုံများမှ ဝါဂွမ်းဝယ်ယူမှုမရှိသဖြင့် ဝယ်လိုအား နည်းပါးပြီး ဈေးကွက်မှာအလွန် အရောင်းအဝယ်အေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဝါဂွမ်းစိုက်ပျိုးသည့်ဒေသများဖြစ်သော ဟာရီယာနာနှင့် ရာဂျပ်စတန် မြောက်ပိုင်းတို့တွင် ပန်းရောင်ဝါသီးထိုးပိုး အများအပြားကျရောက်မှုကြောင့် ဝါဂွမ်းသီးနှံအထွက်ပမာဏနှင့် အရည်အသွေးအပေါ် ထိခိုက်ပြီး ခရိုင် ၆ ခုရှိ လုပ်ကွက်ငယ် ဝါဂွမ်းစိုက်ပျိုးသူ လယ်သမားများမှာ များစွာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ပန်းရောင်ဝါသီးထိုးပိုးကျရောက်မှုကို ၂ဝ၂၁-၂၂ ခုနှစ်၌ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရပြီး ၂ဝ၂၃ ခုနှစ် မိုးသီးနှံရာသီအတွင်း ပိုးမွှားအန္တရာယ် အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း၊ ယခုနှစ် သီးနှံရာသီကာလတွင် ဝါသီးနှံများဆောလျင်စွာပန်းပွင့်ခဲ့မှုနှင့် ပန်းရောင်ဝါသီးထိုးပိုး၏ ဖျက်စီးမှုများကြောင့် ဝါဂွမ်းထွက်ရှိမှုအပေါ် ကြီးမားစွာထိခိုက်မှုတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 7 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရောင်းအဝယ်နည်းပါးသဖြင့် အိန္ဒိယ၏ ကော်ဖီပို့ကုန်ကျဆင်း

အိန္ဒိယနိုင်ငံ၌ လက်ရှိဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်ကာလအတွင်း ကော်ဖီစေ့များ အရောင်း အဝယ်နည်းပါးသဖြင့် ကော်ဖီတင်ပို့မှုပမာဏ အနည်းငယ်ကျဆင်းခဲ့သော်လည်း သင်္ဘောတင်ပို့မှု တန်ဖိုးများမှာ မြင့်တက်လာခဲ့ပါသည်။ ပို့ကုန်လုပ်ငန်းရှင်များက ယခုနှစ် ကျန်ရှိသောကာလများ အတွက် ‌ကော်ဖီသီးနှံ၏ အလားအလာမှာ အပြောင်းအလဲ မြန်ဆန်သော ရာသီဥတုကြောင့် သီးနှံ ထွက်ရှိမှုပမာဏအပေါ် မူတည်လျက်ရှိကြောင်း ပြောကြားခဲ့ကြပါသည်။

ကော်ဖီဘုတ်အဖွဲ့မှ ထုတ်ပြန်သော ကနဦးအချက်အလက်များအရ ယခုဘဏ္ဍာနှစ် ဧပြီလ မှ စက်တင်ဘာလအတွင်း ကော်ဖီတင်ပို့မှုမှာ တန်ချိန် ၁၉၂၅၉၆ တန်သာ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူ၌ တန်ချိန် ၂ဝ၉၈၁၈ တန် တင်ပို့နိုင်ခဲ့ခြင်းကြောင့် ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် တန်ဖိုးအားဖြင့်မူ အဆိုပါကာလများအတွင်း ကော်ဖီတင်ပို့မှုမှာ ဒေါ်လာ ၆ဝ၅ သန်း ရှိခဲ့သဖြင့် ယခင်နှစ်ကာလတူ တင်ပို့မှု တန်ဖိုး ဒေါ်လာ ၅၈၈ သန်းနှင့် နှိုင်းယှဉ်ပါက ၂.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ပထမနှစ်ဝက်ကာလအတွင်း ကော်ဖီတင်ပို့မှုသည် ရူပီးငွေတန်ဖိုးအားဖြင့် ၄၉၉၁ဝ သန်းရှိရာ အိန္ဒိယရူပီးငွေ၏ တန်ဖိုးကျဆင်းမှုအရ ယခင်နှစ်ကာလတူ တင်ပို့မှု တန်ဖိုး ရူပီး ၄၆ဝ၈ဝ သန်းအပေါ် ၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

အိန္ဒိယကော်ဖီကို အများဆုံးဝယ်ယူလျက်ရှိသည့် ဥရောပသမဂ္ဂနိုင်ငံအချို့တွင် စီးပွားရေး အခြေအနေ အားလျော့လာခြင်းနှင့်အတူ ဝယ်ယူသူအချို့က အသင့်ဖျော်ကော်ဖီများကို ပြောင်းလဲ ရွေးချယ်ခဲ့လာကြခြင်းက ကော်ဖီစေ့တင်ပို့မှုအပေါ် အကျိုးသက်ရောက်ခဲ့သည်။ အိန္ဒိယ ကော်ဖီတင်ပို့သူများအသင်း၏ ဥက္ကဌဖြစ်သူ Ramesh Rajah က စိုက်ပျိုးထုတ်လုပ်သူများသည် ကော်ဖီများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုကြပဲ တုံ့ဆိုင်းနေကြသဖြင့် အာရေးဘီကား ကော်ဖီ ရရှိရန် ခက်ခဲမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း ကော်ဖီဝယ်ယူရန် အမှာစာများရရှိမှု နည်းပါးလျက်ရှိကြောင်း၊ ဒုတိယနှစ်ဝက်တွင် အခြေအနေ ကောင်းမွန်မည်ဟု မျှော်လင့်ရသော်လည်း အဓိကအားဖြင့် ကော်ဖီသီးနှံထွက်ရှိမှု ပမာဏအပေါ်တွင် တည်မှီနေကြောင်း၊ ကော်ဖီအဝယ် အမှာစာအများစုကို အောက်တိုဘာ-နိုဝင်ဘာလများအတွင်း လက်ခံရလေ့ရှိပြီး  ယခုအချိန်မှာ အနည်းငယ်စောသေးကြောင်း၊ အာရေးဘီးကားအတွက် အမှာစာမရှိပဲ ရိုဘတ်စတာကော်ဖီ မှာယူမှု အနည်းငယ်မျှသာရှိကြောင်း ပြောကြားခဲ့ပါသည်။

မုတ်သုံရာသီကာလအတွင်း ကော်ဖီအဓိကစိုက်ပျိုးထုတ်လုပ်သည့် ကာနာတာကာဒေသ၌ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့မှုကြောင့် ၂ဝ၂၃-၂၄ ခုနှစ် ကော်ဖီသီးနှံထုတ်လုပ်မှုအတွက် ရာသီဥတုအခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ ဩဂုတ်လအတွင်းတွင်မူ ရာသီဥတုခြောက်သွေ့ခဲ့ပြီး ကော်ဖီစေ့ ဖွံ့ဖြိုးမှုအတွက် ဖိစီးမှုဖြစ်စေခဲ့ကြောင်း၊ ကော်ဖီ အဓိကစိုက်ပျိုးသည့်ဒေသများတွင် မုတ်သုံကာလအတွင်း မိုးရေချိန်မှာ ၅ဝ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ကြောင်းနှင့် အောက်တိုဘာ လ ၂၀ ရက်နောက်ပိုင်းမှ နိုဝင်ဘာလအတွင်း ကော်ဖီသီးနှံများ ပိုမိုကောင်းမွန်စွာရင့်မှည့်စေရန် အတွက် မိုးရွာသွန်းမှုမရှိရန်လိုအပ်ကြောင်းဖြင့် အိန္ဒိယကော်ဖီဘုတ်အဖွဲ့၏ အတွင်းရေးမှူးနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ KG Jagadeesha က ပြောကြားခဲ့ပါသည်။

အဆိုပါ ကော်ဖီအဖွဲ့အစည်း၏ ပြောဆိုချက်အရ ယခင်နှစ်အတွက် ကော်ဖီစေ့ ထုတ်လုပ်မှု နောက်ဆုံးခန့်မှန်းချက် တန်ချိန် ၃.၅၂ သိန်းထက်ပိုမိုလျက် ၂ဝ၂၃-၂၄ ခုနှစ်၌ ကော်ဖီသီးနှံ တန်ချိန် ၃.၇၄ သိန်း ထွက်ရှိနိုင်မည်ဟု ကနဦးခန့်မှန်းထားသော်လည်း အထွက်လျော့နည်းဖွယ်ရှိ ကြောင်း သိရှိရပါသည်။ Jagadeesha က ကော်ဖီဈေးနှုန်းများမှာ ခိုင်မာမည်ဟုခန့်မှန်းထားပြီး ယခုနှစ်အကုန်ပိုင်းတွင် ကော်ဖီသီးနှံများထွက်ရှိမည်ဆိုပါက ယခင်နှစ်တင်ပို့မှုထက် တန်ဖိုးအားဖြင့် ပိုမိုများပြားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် နှစ်စဉ်ကော်ဖီတန်ချိန် ၃.၅ သိန်းကို ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံကျော်ကို တင်ပို့လျက်ရှိကြောင်းနှင့် ၎င်းပမာဏ၏ ၅၇ ရာခိုင်နှုန်းခန့်သည် ဥရောပသမဂ္ဂသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 6 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရုရှားနှင့် ယူကရိန်းမှ နေကြာဆီများဝင်ရောက်မှုက စားအုန်းဆီဈေးနှုန်းများ ကျဆင်းစေ

ကမ္ဘာ့ထိပ်တန်း နေကြာဆီထုတ်လုပ်သည့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ၎င်းတို့၏ ငွေကြေးတန်ဖိုးများ ကျဆင်းသည့်အခြေအနေကို အသုံးချလျက် ဈေးကွက်ဝေစု ပိုမိုရရှိရန် ဆောင်ရွက်မှုကြောင့် စားသုံးဆီဈေးကွက်အတွင်း ဈေးသက်သာသော နေကြာဆီများ အလျှံအပယ် ဝင်ရောက်မှုဖြစ်ပေါ်လျက်  စားအုန်းဆီဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

ဒူဘိုင်းမြို့အခြေစိုက် Glentech Group မှ အမှုဆောင်အရာရှိချုပ် Vipin Gupta က ပရီမီယံအရည်အသွေးအဆင့်ရှိပြီး ပဲပုတ်ဆီထက် ဈေးနှုန်းချိုသာသော ပင်လယ်နက်ဒေသမှ နေကြာဆီများသည် ကမ္ဘာ့ဈေးကွက်သို့ အလုံးအရင်းဖြင့် ရောင်းချလျက်ရှိရာ စားအုန်းဆီအပါအဝင် အခြားသော စားသုံးဆီများအပေါ် ဖိအားများဖြစ်ပေါ်စေလျက်ရှိကြောင်း ပြောဆိုပါသည်။

အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသို့ သင်္ဘောတင်ပို့မည့် နေကြာဆီကြမ်း မက်ထရစ် ၁ တန်၏ သယ်ယူပို့ဆောင်မှုနှင့် အာမခံစရိတ်အပါအဝင် ဆိပ်ကမ်းအရောက် CIF တန်ဖိုးသည် ၈၉၅ ဒေါ်လာရှိပြီး စားအုန်းဆီကြမ်း ၁ တန်၏ CIF ဈေးနှုန်းမှာ ဒေါ်လာ ၈၅၀ ရှိကြောင်း၊ လွန်ခဲ့သော ၁ နှစ်တာကာလ၌ နေကြာဆီကြမ်း ၁ တန်သည် စားအုန်းဆီကြမ်း ၁ တန်ထက် ဒေါ်လာ ၄၀၀ ကျော် ဈေးနှုန်းပိုမိုခဲ့ရာမှ ယခု ၄၅ ဒေါ်လာမျှသာ ကွာဟမှုရှိကြောင်း၊ ရုရှားနိုင်ငံ၌ နေကြာစေ့ စိုက်ပျိုး ထုတ်လုပ်မှုမှာ တန်ချိန် ၁၇ သန်းအထိ စံချိန်တင်ထွက်ရှိပြီး ရောင်းလိုအားမြင့်မားလျက်ရှိကြောင်း၊ ရုရှား၏ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်မှုမှာ အရှိန်မြင့်တက်မှုနှင့်အတူ ပြည်ပသို့ နေကြာဆီတင်ပို့မှု မှာလည်း ယခင်နှစ်ကထက် တန်ချိန် ၀.၈ သန်းပိုမိုလျက် တန်ချိန် ၄.၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ လွန်ခဲ့သော ၃ လအတွင်း နေကြာဆီဈေးနှုန်းများမှာ ဒေါ်လာငွေတန်ဖိုးအရ ကျဆင်းခဲ့သော်လည်း ရူဘယ်ငွေကြေး၏ တန်ဖိုးမှာ ကျဆင်းလျက်ရှိသဖြင့် ရုရှားလယ်သမားများအနေဖြင့် အကျိုးအမြတ်ရရှိနေဆဲဖြစ်ကြောင်းဖြင့် ကုန်သည်များက ပြောဆိုကြပါသည်။

ပင်လယ်နက်ဒေသကောက်ပဲသီးနှံသဘောတူညီချက်မှ ရုရှားနိုင်ငံကနှုတ်ထွက်ခဲ့ပြီးနောက် နေကြာဆီများ သင်္ဘောတင်ပို့နိုင်ရန် ကြိုးပမ်းနေရသည့် ယူကရိန်းနိုင်ငံသည် နေကြာစေ့များကို ရောင်းချရန်အတွက်လည်း အားထုတ်လုပ်ဆောင်လျက်ရှိကြောင်း၊ ယူကရိန်း၏ အိမ်နီးချင်းနိုင်ငံ များသည် တင်သွင်းလာသည့် နေကြာစေ့များအား ကြိတ်ခွဲထုတ်လုပ်လျက် နေကြာဆီများကို ပြန် လည်တင်ပို့လျက်ရှိကြောင်းဖြင့် ယူကရိန်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ခန့်မှန်းချက်အရ ယူကရိန်း၏ နေကြာစေ့ စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၁၂.၂ သန်းထက်ပိုမိုလျက် ယခုနှစ်တွင် တန်ချိန် ၁၄ သန်းသို့ ရောက်ရှိနိုင်ကြောင်း၊ အလားတူ ဥရောပသမဂ္ဂသည်လည်း ယခင်နှစ်၌ နေကြာစေ့တန်ချိန် ၉.၂ သန်းထွက်ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၁၀.၆ သန်းအထိ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

စားအုန်းဆီနှင့် နေကြာဆီတို့ကို တင်သွင်းမှုအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံသည် နိုဝင်ဘာ လ ၁ ရက်နေ့မှ စတင်မည့် ဈေးကွက်ရာသီနှစ်တွင် နေကြာဆီကို တန်ချိန် ၃.၂ သန်းခန့်အထိ စံချိန်တင် တင်သွင်းဖွယ်ရှိကြောင်း၊ သို့ရာတွင် စားအုန်းဆီတင်သွင်းမှုမှာ ၈ ရာခိုင်နှုန်းခန့် လျော့ကျ လျက် တန်ချိန် ၉ သန်းခန့်ရှိနိုင်ကြောင်း၊ ပုံမှန်အားဖြင့် အိန္ဒိယ၏ နေကြာဆီ တင်သွင်းမှုမှာ လစဉ် တန်ချိန် ၂ သိန်းခန့်သာဖြစ်သော်လည်း လွန်ခဲ့သော လအနည်းငယ်ခန့်မှစပြီး တန်ချိန် ၃ သိန်းအထိ တိုးတက်တင်သွင်းမှုရှိလာကြောင်းဖြင့် GGN Research မှ ဆီကုန်သည် Nirav Desai က ပြောဆို ခဲ့သည်။

သို့ရာတွင် နေကြာဆီ ရောင်းလိုအားမှာ စားအုန်းဆီနှင့် တူညီမှုမရှိပဲ ကန့်သတ်ချက်ရှိပြီး တစ်ဟုန်ထိုး ရောင်းချမှုများအရ ဒီဇင်ဘာလခန့်တွင် ကုန်လက်ကျန် ပြတ်လပ်ဖွယ်ရှိပြီး ဈေးနှုန်း များသည်လည်း ဇန်နဝါရီလ၌ ၁ တန်လျှင် ဒေါ်လာ ၁၅၀ ခန့်အထိ ထပ်မံမြင့်တက်လာနိုင်ကြောင်း စင်ကာပူအခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ၌ စက်တင်ဘာလကုန်ရှိ စားအုန်းဆီလက်ကျန်ပမာဏသည် ၁၁ လတာ အတွင်း အများဆုံးအဖြစ်ရောက်ရှိလျက် အောက်တိုဘာလ ဒုတိယရက်သတ္တပတ်ရှိ စားအုန်းဆီ ဈေးနှုန်းများမှာ ၃ လခွဲကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 11 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

သီးထပ်စပါးများအား ဆည်ရေပေးဝေ၍ စိုက်ပျိုးရန် ထိုင်းအစိုးရစီစဉ်

ထိုင်းနိုင်ငံ၌ ယခုနှစ် မိုးရွာသွန်းမှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုရရှိခဲ့ရာ လယ်သမားများ ၏ စပါးသီးထပ်စိုက်ပျိုးမှုကို အထောက်အကူဖြစ်စေရေး သိုလှောင်ထားရှိသည့် ဆည်ရေများအား ပေးဝေရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းတော်ဝင်ဆည်မြောင်းဌာန၏ အစီရင်ခံစာအရ ယခုနှစ်၌ မုတ်သုံမိုးရွာသွန်းမှုက ဇူလိုင် လမှစတင်၍ ဆည်တာတမံ အများအပြားတွင် ရေသိုလှောင်မှုပမာဏကို တိုးတက်စေခဲ့ကြောင်း၊  နိုင်ငံ၏ မြောက်ဘက်အနိမ့်ပိုင်းဒေသ၊ အလယ်ပိုင်းလွင်ပြင်ဒေသနှင့် အရှေ့မြောက်ဒေသများ၌ မိုး ရေချိန် မြင့်မားခဲ့ကြောင်း၊ အစောပိုင်းကာလများတွင် ဆည်တာတမံများ၌ ရေမျက်နှာပြင်နိမ့်ကျမှု ကြောင့် ဆည်ရေသောက်လယ်မြေများတွင် စပါးသီးထပ်စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေပေးဝေမှုကို လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ယခုအခါ ဆည် ၁၄ ခုတွင် ကန်ရေပြည့် သိုလှောင်နိုင်စွမ်းပမာဏ၏ ၈၁ ရာခိုင်နှုန်းကျော်အထိ ရေသိုလှောင်ထားရှိပြီး အခြားဆည် ၁၇ ခု၌ ၈၀ ရာခိုင်နှုန်းအထိ ဆည်ရေစုဆောင်းထားပြီးဖြစ်ကြောင်း၊ ဆည်ရေသိုလှောင်နိုင်မှုမှာ ခန့်မှန်းထား သည်ထက် ပိုမိုလျက်ရှိရာ ယခုနှစ် စပါးသီးထပ်စိုက်ပျိုးရန်အတွက် ဆည်ရေပေးဝေမည်ဖြစ်ပြီး ယခင်နှစ် စိုက်ပျိုးနိုင်မှုနှင့် များစွာကွာခြားမှုမရှိပဲ သီးထပ်စပါးဧရိယာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆည်ရေပေးဝေရန်အတွက် ဆန်စပါးစိုက်ပျိုးရေးကော်မတီထံမှ အတည်ပြုချက်ရယူရန် လိုအပ်သကဲ့သို့ အမျိုးသားရေအရင်းအမြစ်ကော်မတီထံသို့လည်း ထပ်ဆင့်တင်ပြ အတည်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Thamanat Prompow က ၁၁-၁၀-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုနှင့် စပ်လျဉ်း ၍ Chi-Moon မြစ်ဝှမ်း‌ဒေသ၏ အခြေအနေမှာ ရက် ၂၀ ခန့် သို့မဟုတ် နိုဝင်ဘာလ ၁၀ ရက်နေ့ ခန့် အတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနသည် အလယ်ပိုင်း လွင်ပြင်ဒေသရှိ ရေတားဆီးရေးဇုန်နယ်မြေများအတွင်း စပါးစိုက်ခင်းများသို့ ရေအမြောက်အမြား ဝင်ရောက်နစ်မြုပ်မှု၏ သက်ရောက်ထိခိုက်မှုများကို လျော့ချနိုင်ရန်အတွက် အကောင်းဆုံး စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိကြောင်း ဝန်ကြီး Thamanat က ပြောကြားခဲ့သည်။

ယခုနှစ် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ရေအသုံးချနိုင်မှုမှာ ကုဗမီတာပေါင်း ၃၁.၈၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူ၌ သုံးစွဲနိုင်မှုအောက် ရေကုဗမီတာပေါင်း ၆.၈၇ ဘီလီယံ လျော့နည်းလျက်ရှိကြောင်း သိရှိရသည်။

Source: Bangkok Post, 12 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ