Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်မှ တရုတ်သို့ ဆန်တင်ပို့မှု တိုးမြှင့်မည်

    ဗီယက်နမ်ဆန်များအား တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှုအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Tran Quoc Toan ဦးဆောင်လျက် ဆန်တင်ပို့သည့် ဗီယက်နမ်ကုမ္ပဏီ ၁၉ ခုမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ခရီးစဉ်အတွင်း ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးအသင်းနှင့် Xinfadi Group တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ကိုယ်စား လှယ်အဖွဲ့သည် တရုတ်နိုင်ငံ မြောက်ပိုင်းနယ်မြေဒေသများနှင့် ဆန်ရောင်းဝယ်ကုန်သွယ်ရန် အဆို ပြုခဲ့ပြီး အထူးသဖြင့် တရုတ်နိုင်ငံရှိ ဆန်စပါးလုပ်ငန်းရှင်များ အပါအဝင် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ အေဂျင်စီများနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ဗီယက်နမ်ဆန်များအား တရုတ်နိုင်ငံသို့တင်ပို့မှု မြှင့်တင်ရန်နှင့် ပေါ်ပေါက်လာနိုင်သည့် ပြသနာရပ်များကို ပူးပေါင်းဖြေရှင်းနိုင်ရန်အတွက် သတင်း အချက်အလက် ဖလှယ်သည့် လမ်းကြောင်းများကို ထူထောင်လျက် ကုန်သွယ်ရေး အထောက်အကူပြု လုပ်ငန်းများကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဗီယက်နမ် ဆန် စပါးထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ၏ သမားရိုးကျလက်လီရောင်းချမှုနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှု လမ်းကြောင်းများသို့ နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရေး အထောက်အပံ့ပြုမည့် ကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရန်အတွက်လည်း နှစ်နိုင်ငံဘက်မှ စဉ်းစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် Vietnam Economic News သတင်းဌာနက ဖော်ပြထားသည်။

     ဗီယက်နမ်မှ တရုတ်သို့ ဆန်တင်ပို့မှုမှာ မကြာသေးမီနှစ်များအတွင်း ပိုမိုတိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံ ဆန်တင်သွင်းမှု စုစုပေါင်းတွင် ၂၀% ခန့်ကို ဈေးကွက်ဝေစုရယူထားသည်။ ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ မှုမှာ တန်ချိန် ၈၃၄၂၀၀ ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၂၃.၂ သန်းရရှိကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၉ လတာအတွင်း တရုတ်နိုင်ငံသည် ဗီယက်နမ်ထံမှ တန်တန်ချိန် ၈၆၉၀၀၀ ခန့်ကို တင်သွင်းထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူ တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက ၄၁.၁% တိုးတက်လာခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်ဈေးကွက်၌ ရေပန်းစားလူကြိုက်များသည့် ဆန်အမျိုးအစားများကို ပေးသွင်းနိုင်စွမ်းရှိပြီး အစဉ်အလာအားဖြင့် ကာလရှည်ကြာစွာ မိတ်ဖက်ဆောင်ရွက်မှုကို ထူထောင်ထားရှိနိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃-၂၄ ဈေးကွက်ရာသီ၌ သကြားအထွက်ကျဆင်းမည်ဟု အိန္ဒိယလုပ်ငန်းရှင်များ ခန့်မှန်း

   အိန္ဒိယနိုင်ငံ၌ ယခုနှစ် အောက်တိုဘာလမှ စတင်သည့် သကြားစျေးကွက်တင်ရောင်းချမှု ရာသီအတွက် ယခင်နှစ် ထုတ်လုပ်မှုအောက် ၉% ကျဆင်းလျက် စုစုပေါင်း သကြားထုတ်လုပ်မှုမှာ တန်ချိန် ၃၃၇ သိန်းခန့်ရှိမည်ဟု အိန္ဒိယသကြားစက်ရုံများအသင်းက ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။

  အိန္ဒိယ၏ ပြည်တွင်း သကြားစားသုံးမှုမှာ ပျမ်းမျှအားဖြင့် တန်ချိန် ၂၇၈.၅ သိန်းရှိသဖြင့် ယခုထုတ်လုပ်မှု ခန့်မှန်းချက် တန်ချိန် ၃၃၇ သိန်းသည် ပြည်တွင်းဝယ်လိုအားအတွက် လုံလောက်သည်ဟု အာမခံပါကြောင်း၊ အဆိုပါ ပမာဏတွင် အီသနောထုတ်လုပ်မည့် သကြားပမာဏ ပါဝင်ခြင်းမရှိသေးကြောင်း၊ ဒီဇင်ဘာလတွင် စတင်မည့် ၂၀၂၃-၂၀၂၄ အီသနောထောက်ပံ့ရေးနှစ် အတွက် အီသနောကုန်ကြမ်းနှင့်စပ်လျဉ်း၍ အီသနောဝယ်ယူရေး စျေးနှုန်းလွှာကို ထုတ်ပြန်ကြေ ညာပြီးသည့်နောက်မှသာ သကြားမှအီသနောသို့ ကူးပြောင်းမှုကို ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ ကြံစိုက်ဧကစုစုပေါင်းမှာ ၂၀၂၃-၂၄ ခုနှစ်တွင် ဟက်တာ ၅၇ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အိန္ဒိယသကြားစက်ရုံများအသင်းက ဖော်ပြထားသည်။

  အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ခုနှစ်တွင် သကြားတန်ချိန် ၁၁၂ သိန်းကို စံချိန်တင် တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၂-၂၃ ခုနှစ် သကြားဈေးကွက်ရာသီအတွင်း သကြားတန်ချိန် ၆၁ သိန်းမျှသာ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်အတွက် အစိုးရက တင်ပို့ခွင့်မပြုသေးကြောင်းဖြင့် သိရှိရပါသည်။

Source: Economic Times, 31 Oct 2023

 

ထိုင်းနိုင်ငံသည် သကြားဈေးနှုန်းများအပေါ် ထိန်းကျောင်းဆောင်ရွက်

   ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Phumtham Wechayachai ဦးဆောင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီသည် စားသုံးသူများအပေါ် အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်အတွက် သကြားစျေးနှုန်းများအား ထိန်းကျောင်းသွားမည်ဟု ၂၀၂၃ခုနှစ် အောက်တိုဘာလ ၃၀ရက်၊  တနင်္လာနေ့တွင် သဘောတူညီခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

   ကော်မတီအနေဖြင့် သကြားတင်ပို့မှုအပေါ် တင်းကျပ်လျက် စက်ရုံထွက် မူလရောင်းဈေး များအတိုင်း သကြားဖြူ (Granulated Sugar)  အား တစ်ကီလိုဂရမ်လျှင် ၁၉ ဘတ်နှင့် သန့်စင်ပြီး သကြား (Refined Sugar) အား တစ်ကီလိုဂရမ်လျှင် ၂၀ ဘတ်စသည့် စျေးနှုန်းများဖြင့် သတ်မှတ်မည့် အစီအမံများကို ထုတ်ပြန်နိုင်ရေး သဘောတူညီခဲ့သည်။ ပြည်ပသို့ သကြားတစ်တန်နှင့် အထက် တင်ပို့သူများသည် ဝန်ကြီးဌာနထံမှ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ အဆိုပါ အစီအမံများကို အင်္ဂါနေ့တွင် ကျင်းပမည့် အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူ သွားမည်ဖြစ်ကြောင်း Mr Phumtham က ပြောကြားခဲ့ပါသည်။

   သကြားထုတ်လုပ်သူလုပ်ငန်းရှင်များထံမှ မိုးခေါင်မှုကြောင့် ကြံဈေးနှုန်းများ မြင့်တက် လာသဖြင့် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း ပြောကြားမှုကို ကိုးကားလျက် အောက်တိုဘာ ၂၈ ရက်နေ့မှ စတင်၍ စက်ရုံ၏ မူလသကြားဈေးနှုန်းအပေါ် တစ်ကီလိုဂရမ်လျှင် ၄ ဘတ်နှုန်းမြှင့်တင်မည်ဟု ကြံနှင့်သကြားဘုတ်အဖွဲ့က ၂၇-၁၀-၂၀၂၃ ရက်၊ သောကြာနေ့တွင် ကြေညာခဲ့ပြီးနောက် ကော်မတီအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

   လက်ရှိ စက်ရုံပေါက်ဈေးအရ သကြားဖြူမှာ တစ်ကီလိုဂရမ်လျှင် ၁၉ ဘတ်၊ သန့်စင်ပြီး သကြားမှာ တစ်ကီလိုဂရမ်လျှင် ၂၀ ဘတ် ဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများအရ သကြားဖြူမှာ တစ်ကီလို ဂရမ်လျှင် ၂၄ ဘတ်၊ သန့်စင်ပြီးသကြားမှာ တစ်ကီလိုဂရမ်လျှင် ၂၅ ဘတ်ဖြင့် သတ်မှတ်ထားကြောင်း သိရပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းအတွက် ၂ ဘတ်နှုန်းနှင့် ဘုတ်အဖွဲ့၏ ရန်ပုံငွေအတွက် ၂ ဘတ်နှုန်းဖြင့် သကြား ၁ ကီလိုဂရမ်အပေါ် စုစုပေါင်း ၄ ဘတ်နှုန်း တိုးမြှင့်ခြင်းက လက်လီရောင်းစျေးနှုန်းများ ပိုမိုမြင့်တက်လာစေရန် တွန်းအားဖြစ်စေခဲ့သည်။

  ကြံနှင့် သကြားဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ စက်ရုံပေါက်ဈေးနှုန်းထက် မြင့်တက်ပြီး သကြားဖြူမှာ တစ်ကီလိုလျှင် ၂၃ ဘတ်အထိ၊ သန့်စင်ပြီးသကြားဖြူမှာ တစ်ကီလိုလျှင် ၂၄ ဘတ်အထိ တိုးလာခြင်းဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများမှာလည်း သကြားဖြူမှာ တစ်ကီလိုဂရမ်လျှင် ၂၈ ဘတ်၊ သန့်စင်ပြီးသကြားမှာ တစ်ကီလိုဂရမ်လျှင် ၂၄ ဘတ်ဖြင့် လိုက်ပါမြင့်တက်လာကြောင်း သိရသည်။

  သကြားဈေးနှုန်း မြှင့်တက်သဖြင့် သကြား ပါဝင်အသုံးပြုထားသည့် ထုတ်ကုန်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ အထူးသဖြင့် သောက်သုံးဖွယ်ရာများဖြစ်သည့် အချိုရည်များ၊ သစ်သီး ဖျော်ရည်များ၊ အားဖြည့်အချိုရည်များနှင့် နို့ထွက်ထုတ်ကုန်များအပြင် မုန့်မျိုးစုံနှင့် ဖုတ်ထားသော ကုန်ပစ္စည်းများ စသည့်ထုတ်ကုန်များအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်းဖြင့် သိရသည်။

 ထိုင်းနိုင်ငံ ကြံစိုက်ပျိုးသူများအသင်း၏ အစီရင်ခံစာအရ အဓိကကြံစိုက်ပျိုးသည့်ဒေသများတွင် ရေပြတ်လပ်မှုရှိနိုင်၍ ၂၀၂၃ - ၂၀၂၄ ရာသီအတွက် ကြံအထွက်ပမာဏမှာ တန်ချိန် ၈၀ သန်းအထိ ကျဆင်းနိုင်ကြောင်း၊ ယခင်ရာသီတွင် တန်ချိန် ၉၄ သန်းရှိမည်ဟု ခန့်မှန်းခဲ့သဖြင့် ယခုနှစ်၌ ၁၀% ခန့် ကျဆင်းသွားကြောင်း၊ ထိုင်းနိုင်ငံ၏ နှစ်စဉ်ပြည်တွင်း သကြားသုံးစွဲမှုမှာ တန်ချိန် ၂.၅ သန်းခန့် ရှိပြီး ယခုနှစ်အတွင်း သကြားတန်ချိန် ၈ သန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း၊ သကြားတင်ပို့မှုသည် ယခုနှစ်တွင် တန်ချိန် ၈ သန်းရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၆ သန်းသို့ လျော့ကျသွားဖွယ်ရှိကြောင်း သိရပါသည်။

Source: Bangkok Post, 31 Oct 2023

ထိုင်းနိုင်ငံတွင် စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက်မည့် အစီအမံများ အဆိုပြု

   ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၃-၂၄ ခုနှစ် သီးနှံရိတ်သိမ်းရာသီတွင် စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဘတ်ငွေ ၆၉ ဘီလီယံ ကျခံသုံးစွဲလျက် ဆောင်ရွက်မည့် အစီအမံများကို အမျိုးသား ဆန်စပါးမူဝါဒ ကော်မတီသို့ အဆိုပြုတင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

  အဆိုပြုထားသော အသုံးစရိတ်သည် ရောင်းလိုအားမြင့်မားသည့် ကာလများအတွင်း စပါးတန်ချိန် ၁၄ သန်းကို ထိန်းသိမ်းရာ၌ သုံးစွဲရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါ အစီအမံများတွင် စပါးရောင်းချမှုကို ရွှေ့ဆိုင်းထားနိုင်ရန်တွက် ချေးငွေများထုတ်ပေးခြင်း၊ ဆန်စပါးဝယ်ယူ စုဆောင်း ခြင်း၊ စပါးများရောင်းချမှုမပြုပဲ သိုလှောင်ထားရခြင်းအတွက် နစ်နာကြေးငွေများ ပေးအပ်ခြင်းနှင့် လယ်သမားများသို့ လယ် ၁ ရိုင် (၀.၃၉၅၄ ဧက) လျှင် ဘတ်ငွေ ၁၀၀၀ နှုန်း ထောက်ပံ့ခြင်းတို့ ပါဝင် သည်။

   လာမည့်နိုဝင်ဘာလတွင် စတင်မည့် ဆန်စပါးထုတ်လုပ်မှု လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲ နိုင်ရန် ရည်ရွယ်အဆိုပြုထားသော အစီအမံများတွင် စပါးရောင်းချမှုကို ကြန့်ကြာစေခြင်းဖြင့် စပါးတန်ချိန် ၃ သန်းကို ထိန်းသိမ်းနိုင်ရန် ချေးငွေထုတ်ပေးရာတွင် ဘတ်ငွေ ၁၀.၁ ဘီလီယံကို သုံးစွဲ မည်ဖြစ်သည်။ ၎င်းပမာဏ၌ တစ်တန်လျှင် ဘတ် ၁၅၀၀ နှုန်းဖြင့် သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ ထောက်ပံ့မှုလည်း ပါဝင်သည်။ လယ်သမားများထံရှိ စပါးကျီများတွင် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ လာမည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကာလအတွင်း စပါးကို ၁ လ မှ ၅ လ ကြာမြင့်သည်အထိ သိုလှောင်ထားရှိမည်ဟု ခန့်မှန်းရသည်။ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးဘဏ်နှင့် စိုက်ပျိုးရေးသမဝါယမအသင်းများထံမှ ချေးငွေရယူရာတွင် ၎င်းတို့၏ စပါးများကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

   အဆိုပြု အစီအမံများ၌ စပါးတန်ချိန် ၁ သန်းကို ဝယ်ယူစုဆောင်းခြင်း၊ တန်ဖိုးမြှင့်တင်ခြင်းတို့အတွက် ချေးငွေပေးအပ်ရာတွင် ဘတ်ငွေ ၄၈၁ သန်း သုံးစွဲမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ ဝယ် ယူထားရှိသော စပါးများကို သိုလှောင်ထိန်းသိမ်းထားရှိရန် သဘောတူညီမှုပြုသည့် လုပ်ငန်းရှင်များအား အတိုးနှုန်းပေးချေရမှုအတွက် အစိုးရက ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ပြီး စပါးတန်ချိန် ၁၀ သန်းအတွက် ဘတ်ဂျက်မှ ဘတ်ငွေ ၂.၁၂ ဘီလီယံ အသုံးပြုမည်ဖြစ်သည်။ ယခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဝယ်ယူရေးကာလများအတွက် ၂ လမှ ၆ လကြာ သိုလှောင်ထိန်းသိမ်းထားမှုအပေါ် အတိုးနှုန်း ၄% ကို အစိုးရက ထောက်ပံ့ပေးခြင်းဖြစ်သည်။

   ထိုင်းအစိုးရသည် လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးမှု ၁ ရိုင်လျှင် ဘတ် ၁၀၀၀ နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် စိုက်ပျိုး ဧရိယာ ၂၀ ရိုင်ထက် မပိုပဲ သို့မဟုတ် စုစုပေါင်း ဘတ် ၂၀၀၀၀ အထိ ထောက်ပံ့မည်ဖြစ်သည်။ ဤအစီအမံတွင် အိမ်ထောင်စု ၄.၆၈ သန်းအတွက် ဘတ်ဂျက်ရန်ပုံငွေမှ ဘတ် ၅၆.၃ ဘီလီယံ ကျခံမည်ဖြစ်သည်။

 ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က လယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင် များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဆွေးနွေးပြီးနောက် အဆိုပါအစီအမံများကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပြု အစီအမံ ၄ ရပ်သည် စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် အရေးတကြီး ဖော်ဆောင်ရမည့် မဟာဗျူဟာဖြစ်သည်ဟု မှတ်ယူထားကြောင်း၊ အစိုးရသည် စပါးအပေါင်ခံခြင်းနှင့် ၀င်ငွေအာမခံခြင်းကဲ့သို့သော မူဝါဒရေးရာ စွက်ဖက်မှုများကို လုပ်ဆောင်မှုမပြုပဲ လယ်သမားများအတွက် စပါးဈေးနှုန်းများကို စီမံခန့်ခွဲနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။

    ၂၀၂၃-၂၄ သီးနှံနှစ်အတွက် စပါးအထွက်ပမာဏမှာ တန်ချိန် ၃၂ သန်းရှိမည်ဟု ခန့်မှန်းထား ကြောင်း၊ ပင်မသီးနှံရာသီမှ စပါးစုစုပေါင်း တန်ချိန် ၂၅.၆ သန်းခန့် ထွက်ရှိနိုင်ပြီး ယခင်နှစ် ထုတ် လုပ်မှုအောက် ၆% ကျဆင်းဖွယ်ရှိကြောင်း၊ ပင်မသီးနှံရာသီချိန်ပြင်ပ စိုက်ပျိုးထုတ်လုပ်မှုတွင် ယခင်နှစ် ထွက်ရှိမှုအောက် ၁၂% လျော့ကျလျက် စပါး တန်ချိန် ၆.၇၈ သန်းခန့်သာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Wattanasak Suriam က ပြောကြားခဲ့သည်။

Source: Bangkok Post, 31 Oct 2023

အယ်လ်နီညိုအကျိုးသက်ရောက်မှု လျော့နည်းသက်သာစေရေး အင်ဒိုနီးရှားအစိုးရက မူဝါဒချမှတ်

    အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် ကာလကြာရှည်စွာ ခြောက်သွေ့မှု၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို လျော့နည်းသက်သာစေရေးအတွက် နိုင်ငံ၏ ဘတ်ဂျက်ရန်ပုံငွေအပေါ် အခြေပြုသည့် စီးပွားရေးမူဝါဒတစ်ရပ်ကို အစိုးရက ချမှတ်ခဲ့ ပါသည်။

     အယ်လ်နီညိုရာသီဥတုကြောင့် ဆန်ကဲ့သို့သောကုန်စည်များ ဈေးနှုန်းမြင့်တက်ခဲ့မှုနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားသောဖိအားများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံဘတ်ဂျက်ရန်ပုံငွေအား အသုံးပြုလျက် လူမှုရေးအထောက်အပံ့များကို ထိရောက်စွာ ဖြန့်ဝေပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ အယ်လ်နီညို၏ သက်ရောက်မှုအတွက်သာမက ကမ္ဘာ့စီးပွားရေးယိုယွင်းလာမှုနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလာခြင်း၏ အကျိုးသက်ရောက်မှုတို့အတွက်ကိုပါ လျော့နည်းသက်သာစေရန် ရည်ရွယ်ပြီး မူဝါဒချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က ၂၇-၁၀-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

     အဆိုပါ စီးပွားရေးမူဝါဒတွင် အစီအစဉ် (၃) ရပ်ပါဝင်ပြီး ယင်းတို့အနက် ပထမအစီအစဉ် သည် လူမှုရေးအကူအညီများကို ဆန်နှင့်ငွေသားထောက်ပံ့မှုပုံစံဖြင့်  ထိရောက်စွာဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းအားကို ထိန်းသိမ်းနိုင်ရန်၊ ဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရန်အတွက် ၎င်းအစီအစဉ်ကို ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ လာမည့်ဒီဇင်ဘာလတွင် ပြည်သူ ၂၁.၃ သန်းသို့ ဆန် ၁ဝ ကီလိုဂရမ်စီကို ဖြန့်ဖြူးပေးနိုင်ရန် နိုင်ငံတော်ဘတ်ဂျက်မှ အင်ဒိုနီးရှားရူပီး ၂.၆၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆၇.၄ သန်း) ကို သုံးစွဲမည်ဖြစ်ကြောင်း၊ ထို့အပြင် အင်ဒိုနီးရှား ပြည်သူ ၁၈.၈ သန်းအတွက် ရူပီး ၂ဝဝဝဝဝ (၁၂.၅ အမေရိကန်ဒေါ်လာ) နှုန်းဖြင့် တိုက်ရိုက်ငွေသားထောက်ပံ့မှုကို နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ လစဉ်ပေးအပ်မည်ဖြစ်ရာ နိုင်ငံတော်ရန်ပုံငွေမှ ရူပီး ၇.၅၂ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၄၇၁.၆ သန်း)ကို ကျခံအသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

     ဒုတိယအစီအစဉ်အရ ၂ဝ၂၃ ခုနှစ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများအတွက် အသေးစားစီးပွားရေးလုပ်ငန်း ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပြီး ရန်ပုံငွေ ရူပီး ၂၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၆ ဘီလီယံ) ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီး Indrawati က ပြောကြားခဲ့ပါသည်။

    တတိယအစီအစဉ်သည် ဝင်ငွေနည်းပါးသော ပြည်သူများအတွက် အိမ်ရာများရရှိမှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်လျက် အိမ်ရာကဏ္ဍကို ခိုင်မာအားကောင်းအောင် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ၎င်းအစီအစဉ်အရ အစိုးရအနေဖြင့် ရူပီးငွေ ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၅၄ဝဝဝ) တန်ဖိုးအောက်လျော့နည်းသော နေအိမ်အသစ်များကို ရောင်းချရာတွင် တန်ဖိုးမြှင့်ခွန် (Value-Added Tax) ကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဝင်ငွေနည်းပါးသော ပြည်သူများ အတွက် အိမ်ထောင်စုတစ်ခုလျှင် ၁၄ လကြာ အုပ်ချုပ်မှုစရိတ် ရူပီး ၄ သန်း (အမေရိကန်ဒေါ်လာ ၂၅ဝဝဝဝ) ကို အစိုးရက ထောက်ပံ့မည်ဖြစ်ကြောင်း၊  အစိုးရအနေဖြင့် စုပေါင်းအိမ်ရာဖူလုံရေး အစီ အစဉ် (Integrated Welfare Home Program) အောက်၌ ထောက်ပံ့မှုရရှိမည့် ဝင်ငွေနည်းပါးသူ အရေအတွက်ကို ၁၈ဝဝ ဦးအထိ တိုးချဲ့ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဝန်ကြီး Indrawati က ပြောကြားခဲ့သည်။

   အဆိုပါ အစီအစဉ် ၃ ရပ်ကို မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မသေချာမရေရာ ဖြစ်နေသော ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများမှ နိုင်ငံ၏စီးပွားရေးကို လွတ်မြောက်ရှင်သန်စေမည်ဟု အင်ဒိုနီးရှားအစိုးရက မျှော်မှန်းလျက်ရှိသည်။

Source: Antara News, 27 Oct 2023

၁၅ နှစ်အတွင်း ဝါဂွမ်းအထွက် အနိမ့်ဆုံးဖြစ်မည်ဟု အိန္ဒိယဝါဂွမ်းအသင်းက ခန့်မှန်း

    အိန္ဒိယနိုင်ငံဝါဂွမ်းအသင်းက ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီအတွက် ပထမအကြိမ် ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အိန္ဒိယ၏ ဝါဂွမ်းအထွက်ပမာဏမှာ ၁၇ဝ ကီလိုဂရမ်ဝင် ဘေထုပ်ရေ ၂၉၅.၁ဝ သိန်းခန့်သာရှိပြီး ၁၅ နှစ်အတွင်း ဝါဂွမ်းအထွက် အနိမ့်ဆုံးဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။ ယခင်နှစ်၌ ဝါဂွမ်းအထုပ်ရေ ၃၁၈.၉ဝ သိန်းထွက်ရှိခဲ့သဖြင့် ယခုနှစ်တွင် ၇.၅% ကျဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

   အိန္ဒိယဝါဂွမ်းအသင်း ဥက္ကဌဖြစ်သူ Atul Ganatra က အယ်လ်နီညိုရာသီဥတု၏ အကျိုး သက်ရောက်မှုနှင့်အတူ ဝါဂွမ်းစိုက်ဧရိယာ ၅.၅% လျော့နည်းခဲ့မှုတို့ကြောင့် ယခုနှစ် ဝါဂွမ်းအထွက်မှာ ၂ဝဝ၈-၂၀ဝ၉ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရာသီဥတု ကောင်းမွန်ခြင်း မရှိသဖြင့် အိန္ဒိယနိုင်ငံရှိ ဝါဂွမ်းစိုက်ပျိုးသည့် ပြည်နယ်များတွင် ဝါဂွမ်းထွက်ရှိမှုသည် ၅% မှ ၂ဝ% ကြား ကျဆင်းဖွယ်ရှိကြောင်း ဝါဂွမ်းအသင်းက ခန့်မှန်းလျက်ရှိသည်။

   အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ပထမအကြိမ် ကြိုတင်ခန့်မှန်းချက်တွင် ယခင်နှစ် ဝါဂွမ်းထွက်ရှိမှု  ၁၇၀ ကီလိုဂရမ်ဝင် အထုပ်ရေပေါင်း ၃၃၆.၆ သိန်း အောက် လျော့နည်းလျက် ၂ဝ၂၃-၂၄ ခုနှစ်၌ ဝါဂွမ်းဘေထုပ် ၃၁၆.၆ သိန်း ထွက်ရှိနိုင်မည်ဟု ဖော်ပြခဲ့ပါသည်။

    ယခင်နှစ်၌ ဝါဂွမ်းဘေထုပ်ပေါင်း ၁၂.၅ဝ သိန်း တင်သွင်းခဲ့ရာမှ ယခုနှစ်တွင် ဘေထုပ် ၂၂ သိန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း၊ ၂ဝ၂၃-၂၄ ခုနှစ် ရာသီကာလအတွက် စာရင်းဖွင့် ဝါဂွမ်း ဘေထုပ် ၂၈.၉၀ သိန်း၊ စိုက်ပျိုးထွက်ရှိမှု ဘေထုပ် ၂၉၅.၁၀ သိန်းနှင့် တင်သွင်းမှုပမာဏတို့ အပါ အဝင် ဈေးကွက်အတွင်း ဝါဂွမ်းဘေထုပ်ပေါင်း ၃၄၆ သိန်း ရရှိနိုင်မည်ဖြစ်ပြီး ယခင်နှစ် ဝါဂွမ်း ထုပ်ရေ ရရှိနိုင်မှု ၃၅၅.၄ဝ သိန်းအောက် လျော့နည်းမည်ဖြစ်ကြောင်း၊ ၂ဝ၂၃-၂၄ ရာသီကာလ အတွင်း ချည်မျှင်စက်ရုံများ၌ ဘေထုပ် ၂၈ဝ သိန်း၊ အသေးစားစက်မှု လုပ်ငန်းများတွင် ဘေထုပ် ၁၅ သိန်းနှင့် စက်ရုံမဟုတ်သော အခြားသုံးစွဲမှု ဘေထုပ် ၁၆ သိန်းဖြင့် ပြည်တွင်း ဝါဂွမ်းဝယ်လိုအားမှာ  ဘေထုပ် ၃၁၁ သိန်းခန့် ရှိနိုင်ကြောင်း အိန္ဒိယဝါဂွမ်းအသင်းက ခန့်မှန်းထားသည်။

    ၂ဝ၂၃-၂၄ ရာသီကာလအတွင်း ဝါဂွမ်းပိုလျှံမှုမှာ ဘေထုပ် ၃၅ သိန်းခန့်ရှိမည်ဖြစ်ပြီး ၎င်းအနက် ဘေထုပ် ၁၄ သိန်းခန့်ကို ပြည်ပသို့ တင်ပို့လျက် ရာသီကုန် စာရင်းပိတ်လက်ကျန်မှာ ဝါဂွမ်းဘေထုပ် ၂၁ သိန်းခန့် ရှိနိုင်ကြောင်း အိန္ဒိယဝါဂွမ်းအသင်းက ပြောကြားခဲ့သည်။

 အိန္ဒိယနိုင်ငံ မြောက်ပိုင်းဇုန်ရှိ ဝါဂွမ်းအဓိကစိုက်ပျိုးထုတ်လုပ်သော ပြည်နယ်များဖြစ်သည့် ရာဂျပ်စတန်၊ ဟာရီယာနာနှင့် ပန်ဂျပ်တို့တွင် ယခင်နှစ်ကနည်းတူ ဝါဂွမ်းထုပ်ရေ ၄၃ သိန်း၊ အလယ်ပိုင်းဇုန်ဖြစ်သော ဂူဂျရတ်၊ မဟာရဋ္ဌနှင့် မဒ္ဒရာပရာဒေ့ရှ်တို့၌ ယခင်နှစ်ထွက်ရှိမှုပမာဏ ဘေထုပ် ၁၉၄.၆၂ သိန်း အောက်လျော့နည်းလျက် ဝါဂွမ်းထုပ်ရေ ၁၇၉.၆ဝ သိန်း၊ တောင်ပိုင်းဇုန်ရှိ တဲလန်ဂါနာ၊ အန္တရာပရာဒေ့ရှ်၊ ကာနာတကာနှင့် တမီနာဒူတို့တွင် ယခင်နှစ်ထွက်ရှိသော ဝါဂွမ်းထုပ်ရေ ၇၄.၈၅ သိန်းအောက် လျော့ကျပြီး ဘေထုပ် ၆၇.၅ဝ သိန်းခန့် အသီးသီး ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 31 Oct 2023

ပဲစင်းငုံများ လျင်မြန်စွာတင်ပို့နိုင်ရေး ဆောင်ရွက်ပေးရန် အိန္ဒိယမှ မိုဇမ်ဘစ်သို့ တောင်းဆို

   ပြည်တွင်း၌ ပဲပြတ်လပ်မှုကို ပြည်ပမှတင်သွင်းခြင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်နေရသည့် အိန္ဒိယနိုင်ငံသည် မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ တင်ပို့မှုနှောင့်နှေးလျက်ရှိသည့်အပေါ် စိုးရိမ်မှု ရှိကြောင်းဖော်ပြလျက် ၎င်းတို့၏ ဆိပ်ကမ်းများတွင် ပဲစင်းငုံ သင်္ဘောတင်ပို့မှုများကို လျင်မြန်စွာ ရှင်းလင်းနိုင်ရေး ဆောင်ရွက်ပေးရန် မိုဇမ်ဘစ်နိုင်ငံသို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

   အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Rohit Kumar Singh သည် ၂၇-၁၀-၂၀၂၃ ရက်၊ သောကြာနေ့တွင် မိုဇမ်ဘစ်နိုင်ငံ သံအမတ်ကြီး Ermindo A Pereira နှင့်တွေ့ဆုံခဲ့ရာ၌ ပဲစင်းငုံနှင့်ပတ်သက်သော ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

   အိန္ဒိယအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် မိုဇမ်ဘစ်နိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီးများကြောင့် ပဲစင်းငုံများ သင်္ဘောတင်ပို့ရာတွင် နှောင့်နှေးမှု ဖြစ်ပေါ်စေလျက်ရှိသည့်အပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် သွင်းကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် လိုအပ်သောမူဝါဒများကို ချမှတ် ဆောင် ရွက်လျက်ရှိရာ မိုဇမ်ဘစ်နိုင်ငံဖက်မှ ပဲစင်းငုံများ သင်္ဘောတင်ပို့မှု ချောမွေ့ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လက်ရှိကာလ၌ မိုဇမ်ဘစ်ဆိပ်ကမ်းတွင် ဆိပ်ကမ်းရှင်းလင်းနိုင်ရေးကို စောင့်ဆိုင်း နေရဆဲဖြစ်ရာ အမြန်ရှင်းလင်းနိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ ထို့အပြင် နှစ်နိုင်ငံအကြား ရေးထိုးထားသည့် ပဲစင်းငုံကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံရှိ ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများအပေါ် ထားရှိသည့် ကတိကဝတ်ကို ဖော်ညွှန်းလျက်ရှိသဖြင့် ၎င်းနားလည်မှု စာချွန်လွှာကို လက်ကိုင်ထားဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် အတွင်းဝန် Rohit Kumar Singh က အလေးပေး ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

    မိုဇမ်ဘစ် သံအမတ်ကြီး Ermindo A Pereira က ပဲစင်းငုံကုန်သွယ်မှုနှင့် စပ်လျဉ်းသည့် လက်ရှိ ပြဿနာများကို ဖြေရှင်းရန်အတွက် လိုအပ်သော စီမံဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံများကို ချောမွေ့စွာ တင်ပို့မှု သေချာခိုင်မာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ မိုဇမ်ဘစ်နိုင်ငံမှ ပဲစင်းငုံများ တင်သွင်းမှု ချောမွေ့ခြင်းသည် ရှေ့လာမည့်လများအတွင်း ပဲစင်းငုံရရှိလွယ်မှုကို တိုးမြှင့်စေပြီး အိန္ဒိယ စားသုံးသူများအတွက် ဝယ်ယူရရှိရန် လွယ်ကူစေမည်ဖြစ်ရာ ယခုတွေ့ဆုံဆွေးနွေးမှုသည် အရေးပါမှုရှိကြောင်း  အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Source: Economic Times, 27 Oct 2023

အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မိုးသီးနှံများအထွက်လျော့ကျမည်ဟု အိန္ဒိယအစိုးရခန့်မှန်း

   အိန္ဒိယနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်တိုက် ခတ်မှု ပြောင်းလဲခြင်းသည် ၂၀၂၃-၂၄ ခုနှစ် စိုက်ပျိုးရေးရာသီအတွင်း မိုးသီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုရှိပြီး သီးနှံအများအပြားသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက အထွက်ကျဆင်း ဖွယ်ရှိကြောင်း ၂၇-၁၀-၂၀၂၃ နေ့တွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ယခုနှစ် မိုးသီးနှံများအတွက် ကနဦးအထွက်ပမာဏ ပထမအကြိမ် ခန့်မှန်းချက်များအရ သိရှိရသည်။

  အိန္ဒိယအစိုးရသည် ၂၀၂၃-၂၄ ခုနှစ် မိုးသီးနှံရာသီအတွင်း ဆန်တန်ချိန် ၁၁၁ သန်း အပါ အဝင် ကောက်ပဲသီးနှံ တန်ချိန်ပေါင်း ၁၅၈.၀၆ သန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။ ယခု ပထမအကြိမ် ခန့်မှန်းချက်များအရ မိုးရာသီ ကောက်ပဲသီးနှံ တန်ချိန်ပေါင်း ၁၄၈.၅၇ သန်းခန့်သာ ထွက်ရှိဖွယ်ရှိရာ ယခင်နှစ် စိုက်ပျိုးထုတ်လုပ်နိုင်မှု တန်ချိန် ၁၅၅.၇၁ သန်းအပေါ် ၄.၆% ကျဆင်းမည်ဖြစ်သည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်၌ ဆန်တန်ချိန် ၁၁၀.၅၁ သန်းထွက်ရှိ မှုနှင့် နှိုင်းယှဉ်ပါက ၃.၈% လျော့နည်းလျက် ယခုနှစ်တွင် တန်ချိန် ၁၀၆.၃၁ သန်းခန့်သာ ထွက်ရှိနိုင် ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 အဓိကမိုးသီးနှံဖြစ်သော စပါးအား စိုက်ပျိုးမှုဧရိယာသည် ယခင်နှစ်ထက် ဟက်တာ ၂ သိန်း ခန့် ပိုမိုသော်လည်း ၂၀၂၃ ခုနှစ် ဩဂုတ်လသည် ၁၉၀၁ ခုနှစ်နောက်ပိုင်း၌ အခြောက်သွေ့ဆုံး ကာလဖြစ်ပေါ်ခဲ့ခြင်းက မိုးရေချိန်ရရှိမှုအပေါ် မှီခိုနေရသည့် နေရာဒေသများစွာတွင် စိုက်ပျိုးမှုကို ထိခိုက်စေပြီး အထွက်လျော့နည်းမှုသို့ ဦးတည်လျက်ရှိကြောင်း ဌာနဆိုင်ရာ အရာရှိများက ပြော ဆိုကြပါသည်။

 ယခုနှစ် အနောက်တောင်မုတ်သုံလေဝင်ရောက်မှုမှာ နောက်ကျမှုရှိပြီး ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ၏ နေရာဒေသအချို့၌ မိုးသည်းထန်မှုဖြစ်ပေါ်လျက် ဩဂုတ်လတွင် မိုးရွာသွန်းမှုမှာ ၃၂% လျော့နည်းခဲ့သည်။ စက်တင်ဘာလ၌ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပြီး အောက်တိုဘာလ ၁၉ ရက်နေ့၌ ပြန်လည်ထွက်ခွာခဲ့သော ၂၀၂၃ ခုနှစ် မုတ်သုံရာသီကာလအတွင်း မိုးရွာ သွန်းမှုမှာ ပုံမှန်အောက် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၌ ကာလရှည် ခြောက်သွေ့မှု ရာသီသည် စက်တင်ဘာလကုန်ပိုင်းမှ စတင်ခဲ့ပြီး အမေရိကန် မိုးလေဝသအေဂျင်စီဖြစ်သော NOAA က သမုဒ္ဒရာ ရေထု ပူနွေးမှုဖြစ်ပေါ်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံဧရိယာ၏ ၂၁% ခန့်၌ ခြောက်သွေ့မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

  အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ရာသီဥတုပြောင်းလဲသည့် အခြေအနေများကြောင့် ယခုနှစ် မိုးသီးနှံရာသီအတွက် ပဲမျိုးစုံထွက်ရှိမှုမှာ ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၇.၆၂ သန်းအောက် ၆.၆% ကျဆင်းလျက် တန်ချိန် ၇.၁၂ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ ပဲတီစိမ်းထွက်ရှိနိုင်မှုကို ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁.၇၂ သန်းအောက် ၁၈% လျော့နည်းလျက် တန်ချိန် ၁.၄၁ သန်း၊ မတ်ပဲအထွက်ပမာဏအား ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁.၇၇ သန်းအောက် ၁၄.၇% လျှော့ချ လျက် တန်ချိန် ၁.၅၁ သန်း အသီးသီးထွက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ သို့သော် ယခင်နှစ်စိုက်ပျိုးမှုဧရိယာအောက် ၅% ခန့်လျော့ကျလျက် ယခုနှစ် မိုးရာသီတွင် ဟက်တာ ၄၃.၈၇ သိန်း ခန့်သာ စိုက်ပျိုးထားနိုင်ခဲ့သည့် ပဲစင်းငုံကိုမူ ယခင်နှစ်အထွက်ပမာဏ တန်ချိန် ၃.၃၁ သန်းထက် ၃.၃% ပိုမိုပြီး တန်ချိန် ၃.၄၂ သန်းထွက်ရှိနိုင်မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားသည်။

  စက်မှုကုန်ကြမ်း သီးနှံများတွင် ကြံစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်က တန်ချိန် ၄၉၀.၅၃ သန်းရှိရာမှ ယခုနှစ်၌ ၁၁.၄% ကျဆင်းလျက် တန်ချိန် ၄၃၄.၇၉ သန်း၊ ဝါသီးနှံသည် ၂၀၂၂ ခုနှစ်၌ ထုတ်လုပ်နိုင်ခဲ့သော ၁၇၀ ကီလိုဂရမ်ဝင် ဘေထုပ် ၃၃.၆၆ သန်းမှ ၅.၉% လျော့ကျပြီး ဘေထုပ် ၃၁.၆၆ သန်းခန့်နှင့် ဂုန်လျှော်သည် ၁၈၀ ကီလိုဂရမ်ဝင် ဘေထုပ် ၉.၃၉ သန်းမှ ၂.၁% လျော့ကျပြီး ဘေထုပ် ၉.၁၉ သန်းခန့် ထွက်ရှိနိုင်ကြောင်း သိရှိရသည်။

  ပဲပုတ်အဓိကစိုက်ပျိုးသော မဒ္ဒရာပရာဒေ့ရှ်နှင့် မဟာရဋ္ဌ ပြည်နယ်များတွင် ဩဂုတ်လ၌ ကာလကြာရှည်စွာ ခြောက်သွေ့မှုနှင့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဆီထွက်သီးနှံ ထုတ်လုပ်နိုင်မှုမှာ ယခင်နှစ်တွင် တန်ချိန် ၂၆.၁၅ ထွက်ရှိရာမှ ယခု ၁၇.၇% လျော့ကျလျက် တန်ချိန် ၂၁.၅၃ သန်းခန့်သာ ရရှိနိုင်ကြောင်း၊ ပဲပုတ်အထွက်ပမာဏသည် တန်ချိန် ၁၄.၉၉ သန်းမှ ၂၃.၁% ကျဆင်းပြီး တန်ချိန် ၁၁.၅၃ သန်းသို့ လည်းကောင်း၊ မြေပဲသည် တန်ချိန် ၈.၅၆ သန်းမှ ၈.၅% လျော့ကျပြီး တန်ချိန် ၇.၈၃ သန်းသို့လည်းကောင်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

  အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် ဂျိုဝါ၊ ဘာဂျရာ၊ ရာဂီအစရှိသော နှံစားပြောင်းမျိုးစုံ၏ အသေးစိတ် အထွက်ပမာဏခန့်မှန်းချက်ကို ထုတ်ပြန်ခြင်းမပြုသော်လည်း မိုးရာသီ နှံစားသီးနှံများ ထုတ်လုပ်မှုမှာ ယခင်နှစ်၌ တန်ချိန် ၃၇.၅၈ သန်းရှိရာမှ ၆.၅% ကျဆင်းလျက် ယခုနှစ်တွင် တန်ချိန် ၃၅.၁၄ သန်းခန့် ထွက်ရှိနိုင်ကြောင်း၊ ၎င်းတို့အနက် အစေ့ထုတ်ပြောင်းသည် တန်ချိန် ၂၃.၆၇ သန်း ထွက်ရှိခဲ့ရာမှ ၅% လျော့ကျပြီး တန်ချိန် ၂၂.၄၈ သန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

Source: The Hindu Business Line, 28 Oct 2023

 

အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၈၀၀ သတ်မှတ်

၁။      အိန္ဒိယပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ ဈေးကွက်ဈေးနှုန်းများကို ထိန်းညှိနိုင်ရန်အတွက် အစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု အပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၈၀၀ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

၂။       အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၈-၁၀-၂၀၂၃ နေ့တွင် အမိန့်ကြော်ငြာ စာ ထုတ်ပြန်ရာ၌ ဘန်ဂလောနှင်းဆီနှင့် ခရစ်ရှနာပူရမ် ကြက်သွန်နီ အမျိုးအစားများမှအပ ပြုပြင် ထုတ်လုပ်ထားခြင်းမရှိသော HS Code 07031010 နှင့် HS Code 07122000 ခေါင်းစဉ်များ အောက်ရှိ ကြက်သွန်နီ အားလုံးအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို သင်္ဘောပေါ်အရောက် FOB ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ သတ်မှတ်ကြောင်း၊ အမိန့်ထုတ်ပြန်ချက်သည် ၂၉-၁၀-၂၀၂၃ နေ့မှ ၃၁-၁၂-၂၀၂၃ နေ့အထိ သက်ရောက်မည်ဖြစ်ကြောင်း၊ သို့သော် အမိန့်ထုတ်ပြန်မှု မတိုင်မီ အကောက်ခွန်ဦးစီးဌာန၌ ပြည်ပတင်ပို့ရန် မှတ်ပုံတင်ထားပြီး သက်ဆိုင်ရာအကောက်ခွန်စခန်းသို့ ရောက်ရှိဆောင်ရွက်ဆဲ ကြက်သွန်နီပို့ကုန်များမှာ ကင်းလွတ်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆိပ် ကမ်းရှင်းလင်းဆဲ ကြက်သွန်နီပို့ကုန်များကို ၃၀-၁၁-၂၀၂၃ နေ့အတွင်း အပြီးသတ် တင်ပို့ရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

၃။      မဟာရဋ္ဌပြည်နယ်ရှိ အဓိကဈေးကွက်ဖြစ်သော လာဆယ်ဂွန် ကုန်စည်ဒိုင်တွင် ကြက်သွန်နီ ပျမ်းမျှ လက်ကားဈေးနှုန်းများသည် လွန်ခဲ့သော သီတင်းပတ်၌ ၁၈% မြင့်တက်ခဲ့ပြီး ရက်သတ္တ နှစ်ပတ်အတွင်း ဈေးနှုန်းမြင့်တက်မှုမှာ ၆၀% ရှိကြောင်း၊ ၂၅-၁၀-၂၀၂၃ နေ့၌ ဒေလီမြို့တွင် အရည် အသွေး အကောင်းဆုံး ကြက်သွန်နီ၏ အမြင့်ဆုံးဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ရူပီး ၅၀ နှုန်းရှိပြီး ‌လက်လီအရောင်းဆိုင်များ၌ ၁ ကီလိုဂရမ်လျှင် ၆၅ ရူပီးမှ ၈၀ ရူပီးအတွင်း ရောင်းချလျက်ရှိ ကြောင်း၊ မိုးကြက်သွန်နီအသစ်များ ဈေးကွက်အတွင်းတင်ရောက်လာမည့် ဒီဇင်ဘာလတိုင်အောင် ကြက်သွန်နီ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်ဖွယ်ရှိသည်ဟု ခန့်မှန်းရကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

Source: Economic Times, 28 Oct 2023

အိန္ဒိယနိုင်ငံ၌ အဓိက ဆည်တာတမံများတွင် ရေသိုလှောင်မှုလျော့ကျ

အိန္ဒိယနိုင်ငံအတွင်းရှိ အဓိကရေလှောင်တမံ ၁၅၀ ခု၌ ရေသိုလှောင်မှုအဆင့်သည် သိုလှောင်နိုင်စွမ်းပမာဏ ကုဗမီတာ ၁၇၈.၇၈၄ ဘီလီယံအပေါ် ယခင်ရက်သတ္တပတ်တွင် ၇၄% ရှိခဲ့ရာမှ ယခုသီတင်းပတ်၌ ၇၃% သို့ ကျဆင်းခဲ့ပါသည်။

ရေသိုလှောင်နိုင်မှုမှာ ယခင်နှစ်ထက် ၁၉% လျော့နည်းခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်တာကာလ၏ ပျမ်းမျှနှင့်နှိုင်းယှဉ်လျှင် ၈% ကျဆင်းခဲ့ပါသည်။ ဗဟိုရေကော်မရှင်၏ အပတ်စဉ်သတင်းလွှာအရ နိုင်ငံအတွင်း နယ်မြေဒေသများအားလုံးတွင် ရေသိုလှောင်မှုအဆင့်များ ကျဆင်းခဲ့ခြင်းနှင့်အတူ လက်ရှိရေသိုလှောင်နိုင်မှုမှာ ကုဗမီတာ ၁၂၉.၆၃၆ ဘီလီယံဖြင့် ယခင်ရက်သတ္တပတ်၏ ကုဗမီတာ ၁၃၂.၀၃၇ ဘီလီယံထက် လျော့နည်းခဲ့ပါသည်။ အဓိကအကြောင်းအရင်းမှာ နိုင်ငံ၏ ဒေသအများအပြား၌ မိုးရွာသွန်းမှု မရှိခြင်း၊ မိုးရေအလုံအလောက်မရရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်းဖြင့် သိရပါသည်။

အိန္ဒိယမိုးလေဝသဦးစီးဌာန၏ အချက်အလက်များအရ ခရိုင် ၇၁၃ ခုအနက် ၈% သည် ယခုလ အစကတည်းက မိုးရွာသွန်းမှုမရှိခဲ့ကြောင်း၊ ၃၄% မှာ မိုးရေချိန် အလွန်နည်းပါးခဲ့ကြောင်း၊ ၁၈% မှာ မိုးရေချိန် နည်းပါးမှုရှိကြောင်း၊ ၁၂% သာ မိုးရေချိန် ပုံမှန်ရရှိခဲ့ကြောင်း သိရပါသည်။

ဗဟိုရေကော်မရှင်၏ အချက်အလက်များအရ ရေသိုလှောင်မှုနှင့်စပ်လျဉ်း၍ ရေလှောင်ကန် ၁၀၆ ခုသည် သာမန်အဆင့်၏ ၈၀% ကျော်ရှိကြောင်း၊ ၄၄ ခုမှာ ၈၀% နှင့် ၈၀% အောက်ရှိကြောင်း၊ အဆိုပါ ၄၄ ခုအနက် ၁၃ ခု ၏ ‌ရေသိုလှောင်မှုသည် သာမန်အဆင့်၏ ၅၀ % အောက်ရှိကြောင်း၊  ယခင်သီတင်းပတ်၌ ကိန်းဂဏန်းများမှာ ၁၁၄၊ ၃၆၊ ၁၁ အသီးသီးဖြစ်ခဲ့၍ ယခုရက်သတ္တပတ်၏ ကိန်းဂဏန်းများအရ မိုးရေခံရပ်ဝန်းများတွင် မိုးရွာသွန်းမှု နည်းပါးလျက်ရှိသည်ဟု ညွှန်ပြနေကြောင်းဖြင့် သိရပါသည်။

ဆောင်းသီးနှံများကို စိုက်ပျိုးချိန်တွင် ရေသိုလှောင်မှု နည်းပါးခြင်းသည် အထူးသဖြင့် ဆည်မြောင်းရေဖြင့် စိုက်ပျိုးမည့်ဒေသများအတွက် စိုးရိမ်ဖွယ်ရှိပြီး အရှေ့မြောက်မုတ်သုံရာသီ ဝင်ရောက်မှုနောက်ကျခြင်းမှာလည်း အိန္ဒိယမိုးလေဝသဌာန၏ ခန့်မှန်းမှုများကို အားနည်းစေဖွယ် ရှိပါသည်။

ဗဟိုရေကော်မရှင်၏ သတင်းလွှာအရ အိန္ဒိယတောင်ပိုင်းဒေသများ၏ အခြေအနေမှာ အနည်းငယ်စိုးရိမ်ရကြောင်း၊ ရေသိုလှောင်နိုင်စွမ်း ကုဗမီတာ ၅၃.၃၃၄ ဘီလီယံ ဝင်ဆံ့မှုအပေါ် ယခင်ရက်သတ္တပတ်တွင် ၄၉% ရှိခဲ့ရာမှ ကုဗမီတာ ၂၅.၃၆၁ ဘီလီယံဖြင့် ၄၈% သာရှိကြောင်း၊ ပြည်နယ်အများအနက် တမီလ်နာဒူး၊ ကီရာလာဒေသများတွင် အခြေအနေ တိုးတက်လာခဲ့သော်လည်း ကာနာတကာ၊ အင်ဒရာပရာဒေ့ရှ်နှင့် တီလန်ဂါနာပြည်နယ်များတွင် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့ကြောင်း သိရပါသည်။

နိုင်ငံ၏ မြောက်ပိုင်းဒေသများတွင် ရေဝင်ဆံ့နိုင်မှုပမာဏ ကုဗမီတာ ၁၉.၆၆၃ ဘီလီယံ အပေါ် ယခင်သီတင်းပတ်တွင် ၈၂.၃% ရှိခဲ့ရာမှ ယခု ကုဗမီတာ ၁၅.၉၁၄ ဘီ လီယံဖြင့် ၈၀.၉% ရှိကြောင်း၊ နိုင်ငံအရှေ့ပိုင်းဒေသများ၌ ရေဝင်ဆံ့နိုင်မှုပမာဏမှာ ကုဗမီတာ ၂၀.၄၃၀ ဘီလီယံ ရှိပြီး ယခင်သီတင်းပတ်တွင် ရေသိုလှောင်မှုအဆင့် ၈၀% ရှိခဲ့ရာမှ ယခု ကုဗမီတာ ၁၅.၇၆၄ ဘီလီယံ ဖြင့် ၇၇.၁% သို့ကျဆင်းခဲ့ကြောင်း၊ အလယ်ပိုင်းဒေသများ၌ ယခင်သီတင်းပတ်တွင် ရေသိုလှောင် ဝင်ဆံ့နိုင်မှု၏ ၈၄% သိုလှောင်ထားရှိရာမှ ယခု ၈၃% သို့ လျော့ကျသွားကြောင်း၊ အနောက်ပိုင်းဒေသများတွင် ရေသိုလှောင်နိုင်မှုမှာ ဝင်ဆံ့နိုင်မှု၏ ၁% လျော့ကျလျက် ၈၈% သိုလှောင်ထားကြောင်း Hindu Business Lineသတင်းဌာနက ဖော်ပြထားပါသည်။

Source: The Hindu Business Line, 20 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ