အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီမူဝါဒ ပြင်ဆင်သတ်မှတ်
အင်ဒိုနီးရှားနိုင်ငံ၌ ၁၈-၄-၂၀၂၃ ရက်နေ့တွင်ကျင်းပခဲ့သည့် စားအုန်းဆီမူဝါဒသုံးသပ်ရေး ညှိနှိုင်းအစည်းအဝေး၏ ရလဒ်များနှင့်အညီ စားသုံးဆီကဏ္ဍအပေါ် ထိန်းချုပ်သည့်မူဝါဒဖြစ်သည့် ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့်အစီအစဉ် (Domestic Market Obligation - DMO Scheme) ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမူဝါဒဌာနမှ ဌာနမှူး Mr. Kasan က ပြောကြားခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ စတင်ကျင့်သုံးမည့် အဆိုပါစားအုန်းဆီ မူဝါဒအသစ်အရ ဘူးသွင်းထုပ်ပိုးပြီးစနစ်နှင့် ဘူးသွင်းထုပ်ပိုးခြင်းမပြုပဲ တစ်လုံးတစ်ခဲတည်း (Bulk) ဖြန့်ဖြူးသည့်စနစ်တို့ဖြင့် ထုတ်လုပ်သူများက အစိုးရထံ ရောင်းချပေးရမည့် စားအုန်းဆီပမာဏမှာ ယခင်က ၁ လလျှင် တန်ချိန် ၄.၅ သိန်း သတ်မှတ်ခဲ့ရာမှ ယခု ၁ လလျှင် တန်ချိန် ၃ သိန်းသာ ရောင်းချပေးရန် တာဝန်ရှိမည်ဖြစ်ကြောင်း၊ ပြည်ပသို့ စားအုန်းဆီတင်ပို့ရန်အတွက် ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့် DMO ပမာဏ သတ်မှတ်ချက် အခြေခံမြှောက်ဖော်ကိန်းအချိုးကိုမူ ၁း၆ မှ ၁း၄ သို့ လျော့ချခဲ့ကြောင်း၊ တစ်နည်းအားဖြင့် စားအုန်းဆီ ထုတ်လုပ်သူက ပြည်တွင်း၌ တန်ချိန် ၃ သိန်း ရောင်းချပေးပါက ပြည်ပသို့ တန်ချိန် ၁၂ သိန်း တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ရာမဒန်နှင့် အိဒ် ပွဲတော်နောက်ပိုင်း ပြည်တွင်း စားသုံးဆီဝယ်လိုအား မြင့်တက်လာမှုအပေါ် ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် DMO အစီအစဉ်အား ပြောင်းလဲပြင်ဆင် သတ်မှတ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပြည်တွင်းဈေးကွက်၌ Minyakita ခေါ် ဘူးသွင်းထုပ်ပိုးပြီး စားသုံးဆီများ ပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် လုပ်ငန်းရှင်များမှ ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့် စားအုန်းဆီ ပမာဏသတ်မှတ်ချက်တွင် ဘူးသွင်းထုပ်ပိုးပြီး စားအုန်းဆီ ၇၀% နှင့် Bulk စနစ်ဖြင့် ဖြန့်ဖြူးမည့် စားသုံးဆီ ၃၀% ပါဝင်မည်ဖြစ်ပါသည်။
အဆိုပါ စနစ်နှစ်မျိုးလုံးဖြင့် ဖြန့်ဖြူးသော စားသုံးဆီများသည် မကြာသေးမီက နိုင်ငံ၏ဒေသများစွာတွင် ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် အစိုးရအထောက်အပံ့ဖြင့် ထုတ်လုပ်ရောင်းချသည့် စားအုန်းဆီဈေးနှုန်းအား တစ်လီတာလျှင် အမြင့်ဆုံးလက်လီဈေးနှုန်း အင်ဒိုနီးရှား ရူပီး ၁၄၀၀၀ သတ်မှတ်ထားမှုအပေါ် ကျော်လွန်ရောင်းချမှုများရှိနေသည်ကို စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်မှုကြီးကြပ်ရေးကော်မရှင်က (Business Competition Supervisory Commission) က ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ဘူးသွင်းထုပ်ပိုးပြီး စားအုန်းဆီ ထုတ်လုပ်မှုသည် စုစုပေါင်းပြည်တွင်းရောင်းလိုအား၏ ၂၄% သာရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။
စားအုန်းဆီ လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးသူများနှင့် လက်လီရောင်းချသူများအနေဖြင့် မူဝါဒအသစ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်မှုမူဝါဒဌာန၏ ဌာနမှူး Mr. Kasanက ပြောကြားခဲ့ပါသည်။
Source: TEMPO.CO, 27 April 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)