Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Samsung Vietnam အားစီးပွားရေးလုပ်ငန်းများတိုးချဲ့ရာတွင် ပံ့ပိုးပေးမည်ဟု ကမ်းလှမ်းခဲ့သည့် Bac Ninh ပြည်နယ်

          ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ Bac Ninh ပြည်နယ်သည် Samsung Vietnam အားဒေသတွင်း လုပ်ငန်းလည်ပတ်ရာတွင်လွယ်ကူချောမွေ့စေရေး ပံ့ပိုးပေးမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကော်မတီ၏ဥက္ကဌ Vuong Quoc Tuan က ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၂၁ ရက်နေ့ကကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် Tuan က ပြည်နယ်၏စီးပွားရေး အရွယ်အစားသည်သိသာစွာတိုးချဲ့လျှက်ရှိပြီး Samsung Vietnam အတွက် ကျယ်ပြန့်ပြီး အားကောင်းသောစီးပွားရေးဂေဟစနစ်ကိုဖန်တီးလျှက်ရှိကြောင်းနှင့် Samsung Vietnam ၏ supplier ၇၀ ရာခိုင်နှုန်းသည် Bac Ninh ပြည်နယ်မှဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးက Samsung Vietnam အား နည်းပညာလွှဲပြောင်းမှုအရှိန်မြှင့်တင်ရန်၊ ပြည်တွင်းလုပ်ငန်းများက ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်သို့ဝင်ရောက်ရာတွင် ပံ့ပိုးပေးရန်နှင့်  အရည်အသွေးမြင့်လုပ်သားထုလေ့ကျင့်ရေးတွင် ရင်းနှီးမြှုပ်နှံရန်တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Samsung Vietnam ၏ CEO ဖြစ်သူ Na Ki Hong က Samsung သည် Bac Ninh ပြည်နယ်အာဏာပိုင်များထံမှပံ့ပိုးမှုကို အစဉ်အမြဲရရှိခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် များစွာသော စိန်ခေါ်မှုများရှိနေသော်လည်း ပြည်နယ်အုပ်ချုပ်သူများ၏ပံ့ပိုးမှုကြောင့် အခက်အခဲများကို ကျော်လွှားနိုင်ကာ ယခုနှစ်အတွက်ရည်မှန်းချက်ပြည့်မီမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် ၎င်းတို့၏ပထမဆုံးမိုဘိုင်းဖုန်းစက်ရုံကို ဖွင့်လှစ်ပြီးချိန်မှစ၍ Samsung သည် Bac Ninh ပြည်နယ်တွင် Samsung Display၊ Samsung Electronics နှင့် Samsung SDI စသည့် အဓိကစီမံကိန်း ၃ ခုကို ထပ်မံတိုးချဲ့ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

ကမ္ဘောဒီးယားတွင် ဗီယက်နမ်ထုတ်ကုန်များက ထိုင်းထုတ်ကုန်များကို အစားထိုးလာ

               ထိုင်းနယ်စပ်ရှိကမ္ဘောဒီးယားပြည်နယ်ဖြစ်သည့် Koh Kong ရှိလက်လီရောင်းချသူများ သည် ထိုင်းနိုင်ငံကနယ်စပ်ပိတ်ပင်မှုကြောင့် လိုအပ်လျက်ရှိသည့် ကုန်ပစ္စည်းများကို ဗီယက်နမ်ထံမှ တင်သွင်းလျက်ရှိကြောင်း သိရပါသည်။ ထိုင်းကုန်သည်တစ်ဦးဖြစ်သည့် Pornchai Limploypitat က ကမ္ဘောဒီးယားရှိ ၎င်းထံမှဝယ်ယူသူများသည် အသင့်စားအစားအစာ၊ အသင့်စားခေါက်ဆွဲနှင့် ‌ဆောက်လုပ်ရေးပစ္စည်းများပါဝင်သည့်ထိုင်းကုန်ပစ္စည်းများပြတ်လပ်မှုကြောင့် ဗီယက်နမ်ထံမှစားသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ် ကုန်ပစ္စည်းများသည် ထိုင်းကုန်ပစ္စည်းများကဲ့သို့ Koh Kong ဈေးကွက်များတွင် မကျော်ကြား ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် နယ်စပ်အငြင်းပွားမှုပြသနာဖြစ်ပွားပြီး နောက် ကုန်ပစ္စည်းများတင်ပို့မှုပိတ်ပင်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် Koh Kong သို့ ကုန်ပစ္စည်းများကို Hat Lek နယ်စပ်ဂိတ်မှတစ်ဆင့်တင်ပို့ပြီး ၂၀၂၄ ခုနှစ်တွင် နှစ်ဖက် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ ဘတ် သန်း ၃၀ ရှိပြီး ထိုင်းနိုင်ငံကတင်ပို့မှုမှာ ဘတ် ၂၃ သန်းတန်ဖိုးရှိကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်ပတ်အတွင်း ဘီစကွတ်များ၊ နို့များ၊ ချောကလက်များနှင့် ခေါက်ဆွဲ အစရှိသည့် ဗီယက်နမ်အမှတ်တံဆိပ်များ Koh Kong ဈေးကွက်များတွင် နေရာယူလာကြောင်း သိရှိရပါသည်။

Bangkok Post

DOCA (ရန်ကုန်)                                                                           

အရှေ့တောင်အာရှဈေးကွက်များသို့ ဂျုံတင်ပို့ရန် ရုရှားရည်မှန်း

               ရုရှားသည်  ဂျုံတင်ပို့ရန်အတွက် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်များသို့ ရည်ရွယ်ထားကြောင်း စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုအေဂျင်စီ အကြီးအကဲ Ilya Ilyushin က ဇူလိုင်လ ၁၇ ရက်နေ့ကပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးမားဆုံး ဂျုံတင်ပို့သူဖြစ်သည့်ရုရှားသည် အစဉ်အလာဈေးကွက်များဖြစ်သည့် အီဂျစ်နှင့် တူရကီတို့က ပြည်တွင်းထုတ်လုပ်သူများကိုပံ့ပိုးရန် အခါအားလျော်စွာတင်သွင်းမှုပိတ်ပင်သည့်အတွက် စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့မှုကွဲပြားရန် ဈေးကွက်များရှာဖွေလျှက်ရှိကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် ရုရှားသည် ဗီယက်နမ်သို့ဂျုံတင်ပို့မှုကို လေးဆအထိအရှိန်မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ Ilyushin က ယခုအခါ ၎င်းတို့ရည်မှန်းချက်သည် အရှေ့တောင်အာရှဈေးကွက်သို့ ဝင်ရောက်ရန်ဖြစ်ကြောင်း၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်သာမက မလေးရှားနှင့် ဖိလစ်ပိုင်တို့ပါ ပါဝင်ကြောင်းနှင့် ထိုနိုင်ငံများသည် ဝယ်လိုအားနှင့်ဂျုံတင်သွင်းမှုသိသာထင်ရှားသည့် နိုင်ငံကြီး များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့်ရာသီတွင် ဘင်္ဂလားဒေ့ရှ်သည် ရုရှားဂျုံ တတိယအကြီးမားဆုံးဝယ်ယူသူဖြစ်ကြောင်း သိရပါသည်။ အချို့ဒေသများတွင်အထွက်နှုန်း ကျဆင်းမှုများရှိနေသော်လည်း ရုရှားသည် ၂၀၂၅ ခုနှစ်တွင် ဂျုံတန်ချိန် ၁၃၅ သန်းရိတ်သိမ်းရန် မျှော်မှန်းထားပြီး တန်ချိန် ၄၅ သန်းတင်ပို့ရန်စီစဉ်ထားကြောင်း သိရပါသည်။ ရုရှား၏ဂျုံ ထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်း၏ ဘုတ်အဖွဲ့ဝင်နှင့် Bio-ton agricultural holding ၏ CEO ဖြစ်သူ Eduard Zernin က ရုရှားသည် အရှေ့တောင်အာရှဈေးကွက်တွင် ဩစတေးလျ၊ အမေရိကန်နှင့် ကနေဒါတို့ထံမှ ပြင်းထန်သည့်ယှဉ်ပြိုင်မှုများနှင့်ရင်ဆိုင်ရနိုင်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ထိုပြင်းထန်သည့်ယှဉ်ပြိုင်မှုများအတွက် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post

DOCA (ရန်ကုန်)                                                                           

ထိုင်းနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မည့် Omoda & Jaecoo

          ထိုင်းနိုင်ငံတွင်ကားဈေးကွက်နှေးကွေးနေသော်လည်း တရုတ်လျှပ်စစ်ကားထုတ်လုပ် သည့် Omoda & Jaecoo သည် လျှပ်စစ်ကားများအရောင်းလှုံ့ဆော်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် စီစဉ်နေကြောင်း သိရပါသည်။ တရုတ်ကုမ္ပဏီ Cherry ၏ ကုမ္ပဏီခွဲဖြစ်သည့် Omoda & Jaecoo သည် ယခုနှစ် စတုတ္ထ ၄ လပတ်ကာလတွင်စတင်လည်ပတ်ရန် ရည်ရွယ်ထားသည့် လျှပ်စစ်ကားဘက်ထရီစက်ရုံတည်ဆောက်ရန်အတွက် ဘတ် ၇ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဟု အစော ပိုင်းကာလကကြေညာခဲ့ပါသည်။ ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Qi Jie က ၎င်းတို့သည် ရင်းနှီးမြှုပ်နှံမှု ဘက်ဂျက်ကိုဖြတ်တောက်ရန်အစီအစဉ်အရှိပဲ ထိုအစား ကားရောင်းချမှုအရှိန်မြှင့်တင်ရန် အရောင်းမြှင့်တင်ခြင်းကမ်ပိန်းများအတွက် ဘက်ဂျက်မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် ထိုကမ်ပိန်းသည် ပြိုင်ဘက်လျှပ်စစ်ကားကုမ္ပဏီများ အထူးသဖြင့် တရုတ်နိုင်ငံမှကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန်အတွက် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ များစွာသောတရုတ်လျှပ်စစ်ကား ထုတ်လုပ်သူများသည် ရောင်းချမှုအရှိန်မြှင့်တင်ရန် ဈေးနှုန်းဗျူဟာနှင့် အမှတ်တံဆိပ် တည်ဆောက်ခြင်းတို့တွင် အရောင်းမြှင့်တင်ရေးကမ်ပိန်းများ၌ ငွေသုံးစွဲလျှက်ရှိကြောင်း သိရပါ သည်။ Mr Qi ၏အဆိုအရ ကုမ္ပဏီသည် ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်လျှပ်စစ်ကားအစိတ်အပိုင်းများကို ပြည်တွင်းအရင်းအမြစ်များပိုမိုသုံးစွဲ ရန် တွန်းအားပေးနေခြင်းအပေါ်စိုးရိမ်မှုမရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် စုစုပေါင်းကုန်ကျစရိတ် ၏ ၅၀ ရာခိုင်နှုန်းကို ထိုင်းပြည်တွင်းအရင်းအမြစ်များအတွက် သုံးစွဲသွားမည်ဟု ပြောကြားခဲ့ပါ သည်။ ယခုနှစ်၏ပထမ ၆ လတာကာလတွင် ကုမ္ပဏီသည် ထိုင်းနိုင်ငံ၌ အရောင်းပြခန်း ၄၂ ခု ဖွင့်လှစ်ထားပြီး ၂၀၂၅ ခုနှစ်ကုန်တွင် ၇၀ ထိတိုးမြှင့်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း Omoda & Jaecoo သည် ထိုင်းနိုင်ငံ ၌ ကားအစီးရေ ၁၀၀၀ ခန့်ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

Bangkok Post 

DOCA (ရန်ကုန်)                                                                          

ဖိလစ်ပိုင်တွင် လုပ်ငန်းပေါင်း ၂၀၀၀ ကျော်လည်ပတ်လျှက်ရှိသည့် အင်ဒိုနီးရှားလက်လီစတိုးများ

          အင်ဒိုနီးရှားလက်လီစတိုးဆိုင်ပေါင်း ၂၀၀၀ ကျော်သည် ဖိလစ်ပိုင်တွင်လုပ်ငန်းလည်ပတ် လျှက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားတွင် ဆက်လက်တိုးချဲ့ရန်စီစဉ်လျှက်ရှိကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso ၏အဆိုအရ သိရပါသည်။ Santoso က အင်ဒိုနီးရှား လက်လီကုန်သည်များအသင်းကဖွင့်လှစ်ထားသည့် စတိုးဆိုင်ပေါင်း ၂၄၀၀ သည် အင်ဒိုနီးရှား ထုတ်ကုန်များပြည်ပသို့ကုန်သွယ်မှုမြှင့်တင်ရန်နှင့် တင်ပို့မှုအရှိန်မြှင့်တင်ရန် ကူညီပေးခဲ့ကြောင်း နှင့် မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများသို့တိုးချဲ့ရန် မျှော်လင့်ကြောင်း ဂျကာတာမြို့ တွင် ဇူလိုင်လ ၁၇ ရက်နေ့ကကျင်းပခဲ့သည့် 2025 National Retail Day တွင် ပြောကြားခဲ့ပါ သည်။ ကုန်ပစ္စည်းများအပြင် အင်ဒိုနီးရှားသည် ဝန်ဆောင်မှုကဏ္ဍတင်ပို့မှုမြှင့်တင်ရန် ရည်ရွယ် ထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားလက်လီကုန်သည်များအသင်းဥက္ကဌဖြစ်သူ Solihin က ဖိလစ်ပိုင်တွင်ဖွင့်လှစ်ထားသည့်စတိုးဆိုင်များသည် အင်ဒိုနီးရှားတွင်ဖွင့်လှစ်ထားသည့် ၎င်းတို့၏ ဆိုင်များကဲ့သို့တူညီသည့်စံနှုန်းနှင့်ဝန်ဆောင်မှုများပေးကြောင်း ပြောကြားခဲ့ပါသည်။ ထိုစတိုး ဆိုင် ၂၄၀၀ ထဲမှအချို့မှာ ဆယ်စုနှစ်ချီလည်ပတ်ခဲ့ပြီးဖြစ်ပြီး ဆက်လက်တိုးချဲ့လျှက်ရှိကာ အင်ဒိုနီးရှားထံမှ၎င်းတို့၏ထုတ်ကုန်များကို ပမာဏများပြားစွာ တင်သွင်းလျှက်ရှိကြောင်း သိရပါ သည်။ Solihin က အသင်းအနေဖြင့်ဘင်္ဂလားဒေ့ရှ်သို့တိုးချဲ့ရန်အဆင်သင့်ဖြစ်နေကြောင်းနှင့် မကြာမီစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Antara News

DOCA (ရန်ကုန်)                                                                            

West Sulawesi တွင် ချောကလက်စက်ရုံတည်ထောင်ရန်ရင်းနှီးမြှုပ်နှံသူများကို ဆွဲ‌ဆောင်မည့် အင်ဒိုနီးရှားနိုင်ငံ

          အင်ဒိုနီးရှားနိုင်ငံ Transmigration ဝန်ကြီး Muhammad IFtitah Sulaiman Suryanagara သည် West Sulawesi တွင် ချောကလက်စက်ရုံတည်ထောင်ခြင်းအားဖြင့် ကိုကိုးပြုပြင်ထုတ်လုပ်ခြင်းကိုပံ့ပိုးရန်အတွက် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန် စီစဉ်နေ ကြောင်း သိရပါသည်။ Surtanagara က Transmigration ဧရိယာများရှိ ကိုကိုးများသည် အာမခံချက်ရှိသောအလားအလာရှိကြောင်း၊ ထိုဒေသတွင်ချောကလက်စက်ရုံများတည်ထောင် ပါက ဒေသခံများအတွက် ကိုကိုးကုန်ကြမ်းတင်ပို့ခြင်းကိုသာ မီခိုနေရခြင်းကိုလျှော့ချနိုင်ကြောင်း နှင့် West Sulawesi ရှိ Transmigration ဧရိယာများသည် ကိုကိုး၊ ဆီအုန်း၊ ငါးလုပ်ငန်းနှင့် ခရီးသွားကဏ္ဍတို့ပါဝင်သည့် ရင်းနှီးမြှုပ်နှံသူများရောက်ရှိလာနိုင်သည့် များစွာသောစီးပွားရေး အခွင့်အလမ်းများကို ကမ်းလှမ်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ဘက်ပေါင်းစုံလေ့လာမှုများနှင့်အတူ ကြီးမားသောရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရွေးထုတ်နိုင်ကြောင်း သိရပါသည်။ လူသားအရင်းအမြစ်အရည်အသွေးမြှင့်တင်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများက ဒေသသို့ ရင်းနှီးမြှုပ်နှံမှုပြုရန် တုံ့ဆိုင်းမနေဘဲဝင်ရောက်လာနိုင်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် West Sulawesi အုပ်ချုပ်ရေးမှူး Suhardi Duka က ၎င်းတို့သည် ခရိုင်တစ်ခုခြင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးစင်တာများအဖြစ် ဆောင်ရွက်ရန် အတွက် Transmigration ဧရိယာများပြင်ဆင်ထားကြောင်းနှင့် West Sulawesi သည် နိုင်ငံ၏ စတုတ္ထအကြီးမားဆုံး ကိုကိုးထုတ်လုပ်သူဖြစ်ကြောင်း ပြောကြားခဲ့ကြာင်း သိရှိရပါသည်။

Antara News

DOCA (ရန်ကုန်)                                                                             

အင်ဒိုနီးရှားနိုင်ငံ East Sumba တွင်ကျွဲနွားမွေးမြူရေးတွင် ရင်းနှီးမြှုပ်နှံရန် ဘရာဇီးစိတ်ဝင်စား

             ဘရာဇီးရင်းနှီးမြှုပ်နှံသူများသည် အင်ဒိုနီးရှားနိုင်ငံ East Sumba တွင် ကျွဲနွားမွေးမြူရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ Transmigration ဝန်ကြီး  Muhammad Iftitah Sulaiman Suryanagara က ဘရာဇီးရင်းနှီး မြှုပ်နှံသူများအတွက် East Sumba သည် ပြီးပြည့်စုံစွာသင့်လျော်ကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်တွင်းလူမှုအသိုင်းအဝိုင်းကို စစ်မှန်သောအကျိုးအမြတ်များသယ်ယူလာပေးနိုင်မည့် ရင်းနှီး မြှုပ်နှံသူများကိုပံ့ပိုးပေးရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ East Sumba သည်မွေးမြူရေးအတွက် အထူးစီးပွားရေးဇုန်(SEZ)အနေဖြင့် ဒီဇိုင်းဆွဲထားသည့်အတွက် ကျွဲနွား မွေးမြူမည့်ဘရာဇီးရင်းနှီးမြှုပ်နှံသူများအတွက် ဗျူဟာမြောက်ဒေသဖြစ်ကြောင်း သိရပါသည်။ သို့သော် SEZ သည် ရင်းနှီးမြှုပ်နှံသူများကင်းမဲ့နေသောကြောင့် ဆက်လက်မဖွံ့ဖြိုးနိုင်ကြောင်း သိရပါသည်။ ယခုတွင်မူ ဘရာဇီး၏စိတ်ဝင်စားမှုနှင့်အတူ Suryanagara သည် ထိုဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာအတွက် နှစ်နိုင်ငံကြားဆက်လက်ဆွေးနွေးသွားမည်ဟု သိရပါသည်။ ၎င်း၏ဝန်ကြီးဌာနသည်လည်း East Sumba ဖွံ့ဖြိုးတိုးတက်ရေးအတွက် Transmigration Settlement Development Program  အောက်တွင် ဘဏ္ဍာငွေချမှတ်ပေးရန် လုပ်ကိုင်လျှက်ရှိကြောင်း သိရပါသည်။ ထိုဘဏ္ဍာငွေများကို ရေသန့်ရရှိရေး၊ ၃ ကီလိုမီတာရှည် သော လမ်းမများတိုးတက်ရေးနှင့် အများသုံးအိမ်သာများပြင်ဆင်ရေးအတွက် အသုံးပြုသွားမည်ဟု သိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည်လည်း East Sumba တွင်ကျွဲနွားမွေးမြူ ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ‌ရှေ့ပြေးစီမံကိန်းပြင်ဆင်လျှက်ရှိကြောင်း သိရပါသည်။

Antara News

DOCA (ရန်ကုန်)                                                                             

ဗီယက်နမ်လုပ်ငန်းများတင်ပို့မှုအရှိန်မြှင့်တင်ရေးကူညီပေးနိုင်ရန် စင်ကာပူကုန်သွယ်ရေး အခမ်းအနားကျင်းပ

          စင်ကာပူနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးသည် ဗီယက်နမ်လုပ်ငန်းများတင်ပို့မှုအရှိန်မြှင့်တင် ရေးကူညီပေးနိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်များသို့ဝင်ရောက်မှုတိုးချဲ့ရန် ရည်ရွယ်၍ စင်ကာပူ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်သွင်းသူများနှင့် တင်ပို့သူများအသင်း(SFVIEA) နှင့် ပူးပေါင်း၍ ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်ပွဲ‌တော် ၂၀၂၅ ကို ဇူလိုင်လ ၁၈ ရက်နေ့ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုပွဲတော်ကို ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့သူ ၁၁ ဦးနှင့် စင်ကာပူနိုင်ငံတွင်လည်ပတ်နေသည့် များစွာသောဗီယက်နမ်စားသောက်ဆိုင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ပါဝင်သူများသည် စင်ကာပူဈေးကွက်သို့ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်ရေးအားကောင်းသောအလားအလာရရှိရန်အတွက် ဗီယက်နမ်မှ အထူးစိုက်ပျိုးရေး ထုတ်ကုန်များကို ပြသခဲ့ကြောင်း သိရပါသည်။ စင်ကာပူနိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ် Tran Phuoc Anh က ဗီယက်နမ်သည်ဒေသတွင်းထိပ်တန်း သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့သူ များထဲမှတစ်ခုဖြစ်လာကြောင်းနှင့် ပွဲတော်သည်နှစ်နိုင်ငံအပြန်အလှန်စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအားကောင်းစေရန်အတွက် ကုန်သွယ်မှုမြှင့်တင်ရေးအခမ်းအနား ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ SFVIEA ၏ ဒုတိယဥက္ကဌဖြစ်သူ Tai Seng Yee ကတင်သွင်းမည့်သစ်သီး နှင့် ဟင်းသီးဟင်းရွက်များအတွက် အရည်အသွေးလိုအပ်ချက်များပါဝင်သည့် စင်ကာပူဈေးကွက် လိုအပ်ချက်များအပေါ် ပါဝင်သည့်အချက်များ၏အကျဉ်းချုပ်နှင့် ပြည်တွင်းစားသုံးသူများ၏ ဦးစားပေးမှုများကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ စင်ကာပူနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံး၏ အကြီးအကဲ Cao Xuan Thang က စင်ကာပူသည် အဓိက transshipment အချက်အချာအဖြစ်ရပ်တည်နေပြီး ထိုဈေးကွက်တွင် ဗီယက်နမ်ကုန်စည်များတည်ရှိမှု အားကောင်းခြင်းသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက အခြားဒေသတွင်းဈေးကွက်များသို့ ဝင်ရောက်ရန်ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ပွဲတော်သည် စင်ကာပူစီးပွားရေး လုပ်ငန်းများနှင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များကို ချိတ်ဆက်ရန်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရပါသည်။ စင်ကာပူအာဏာပိုင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များသည် ဒူးရင်း၊ သရက်သီးများ၊ လိုင်ချီး၊ အုန်းသီး၊ နဂါးမောက်သီး၊ မှိုနှင့် အုန်းသီးများပါဝင်သည့် များစွာသော ဗီယက်နမ်ထုတ်ကုန်များအပေါ် အသိအမှတ်ပြုခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်) 

                                                                            DOCA (ရန်ကုန်)

ချီလီနိုင်ငံ၏အကြီးမားဆုံးကော်ဖီကုန်စည်ပြပွဲတွင် ဗီယက်နမ်ကော်ဖီပွဲဦးထွက်မိတ်ဆက်

          ဗီယက်နမ်ကော်ဖီသည် ချီလီနိုင်ငံ ဆန်တီယာဂိုမြို့တော်ရှိ Espacio Riesco exhibition centre တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိကျင်းပခဲ့သည့် ချီလီနိုင်ငံ၏အကြီးမားဆုံး ကော်ဖီကုန်စည်ပြပွဲတွင် ပွဲဦးထွက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ ချီလီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးကလက်ခံကျင်းပသည့် ဗီယက်နမ်ပြခန်းတွင် robusta၊ arabica၊ roasted ground ကော်ဖီ၊ အသင့်ဖျော်ကော်ဖီ၊ drip bag ကော်ဖီနှင့် ကော်ဖီ capsules များနှင့် အခြား အမျိုးအစားများတို့ပါဝင်သည့် ကျယ်ပြန့်သောကော်ဖီထုတ်ကုန်များကို ပြသခဲ့ကြောင်း သိရပါ သည်။ ထိုအမျိုးအစားများထဲတွင် ဗီယက်နမ် robusta ကော်ဖီသည် အဓိကစိတ်ဝင်စားလူကြိုက် များမှုကိုရရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးမားဆုံးကော်ဖီ ထုတ်လုပ်သူဖြစ်ပြီး နှစ်စဉ်ကော်ဖီတန်ချိန် ၂ သန်းပတ်လည် ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါ သည်။ ဗီယက်နမ်ကော်ဖီထုတ်ကုန်များသည် ဥရောပ၊ အမေရိကန်၊ ဂျပန်၊ ရုရှား၊ ယူကေနှင့် ကနေဒါအစရှိသည့် အဓိကဈေးကွက်များပါဝင်သည့် နိုင်ငံပေါင်း ၈၀ ကျော်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ ထိုအခမ်းအနားတွင် ကော်ဖီထုတ်လုပ်သည့်၊ ကော်ဖီသောက်သုံး သည့် နိုင်ငံများမှစီးပွားရေးလုပ်ငန်းပေါင်း ၁၅၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ ချီလီ နိုင်ငံဆိုင်ရာဗီယက်နမ်သံရုံး၏အဆိုအရ ထိုအခမ်းအနားသည် ဗီယက်နမ်၏နိုင်ငံ‌တော်အမှတ် တံဆိပ်မြှင့်တင်ရန်၊ ပို့ကုန်ဈေးကွက်များတိုးချဲ့ရန်နှင့် လတ်တင်အမေရိကအစရှိသည့် ဒေသများ တွင် အခွင့်အလမ်းသစ်များရှာဖွေရန် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့များတင်ပို့ရာမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ရရှိရန် ဗီယက်နမ်ရည်မှန်း

         ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့များတင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရရှိပြီး ၂၀၂၄ ခုနှစ်ကထက် ၂.၇ ရာခိုင်နှုန်းမြင့်တက်ရန်ရည်ရွယ်ထားကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ထိုရည်မှန်း ချက်ပြည့်မီရန်အတွက် ကဏ္ဍသည် ဒုတိယနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ပတ်လည် ရရှိရန်လိုအပ်ကြောင်း သိရပါသည်။ ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်သည် သီဟိုဠ်စေ့တန်ချိန် ၃၄၆၈၀၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၂.၃၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၂၀.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုသို့မြင့်တက်မှုသည် တင်ပို့မှုပမာဏကျဆင်းမှုကိုဖာထေးပေးရန်ကူညီပေးခဲ့သည့် တင်ပို့သည့် ဈေးနှုန်းများသိသာစွာမြင့်တက်မှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်ကို ၆၈၀၅ အမေရိကန်ဒေါ်လာကျော်ရှိပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်၊ အမေရိကန်နှင့် နယ်သာလန်တို့သည် ဗီယက်နမ်၏ ထိပ်တန်းသီဟိုဠ်စေ့ဝယ်ယူသည့် ၃ နိုင်ငံ ဖြစ်ပြီး စုစုပေါင်းတင်ပို့သည့်တန်ဖိုး၏ ၂၂ ရာခိုင်နှုန်း၊ ၂၁.၆ ရာခိုင်နှုန်းနှင့် ၈.၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ တင်ပို့မှုစဉ်ဆက်မပြတ်ကြီးထွားရန်အတွက် ဝန်ကြီးဌာနသည် ယူအေအီးနှင့် ဆော်ဒီအာရေဗျတို့ပါဝင်သော ဝယ်လိုအားကောင်းသည့် ထွန်းသစ်စဈေးကွက် များသို့ ဝင်ရောက်ရန်ကြိုးပမ်းမှု အရှိန်မြှင့်တင်ရန် တောင်းဆိုထားကြောင်း သိရပါသည်။ ဗီယက်နမ်၏တတိယအကြီးမားဆုံးသီဟိုဠ်ဈေးကွက်ဖြစ်သည့် ဥရောပသမဂ္ဂသည်လည်း လတ်တလောနှစ်များတွင် စဉ်ဆက်မပြတ်ဝယ်ယူမှုကြီးထွားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် သီဟိုဠ်စေ့တန်ချိန် ၇၃၀၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၃၇ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၀.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ