Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ရုရှားရေနံကုမ္ပဏီနှင့် အိန္ဒိယ‌ရေနံကုမ္ပဏီတို့ အိန္ဒိယသို့ ရေနံပိုမိုရောင်းချနိုင်ရန် စာချုပ်ချုပ်ဆို

     ရုရှားနိုင်ငံရှိ အကြီးမားဆုံးရေနံထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော Rosneft မှ အမှုဆောင် အရာရှိချုပ် Mr. Igor Sechin နှင့် အိန္ဒိယ ထိပ်တန်းရေနံသန့်စင်သည့် ကုမ္ပဏီ ဖြစ်သော India Oil Corp မှ ဥက္ကဌဖြစ်သူ Mr. Shrikant Madhav Vaidya တို့သည် အိန္ဒိယနိုင်ငံသို့ ရေနံ အဆင့်အတန်း အမျိုးမျိုးဖြင့် အမျိုးစုံစွာ တိုးမြှင့်ရောင်းချနိုင်ရန်အတွက် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရှိရသည်။

     အဆိုပါလက်မှတ်ရေးထိုးသည့်အခမ်းအနားတွင် နှစ်ဦးနှစ်ဖက် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ၊ ပြည်တွင်းသုံးငွေကြေးဖြင့် ပြည်တွင်းသုံးငွေကြေးဖြင့် ပေးချေမည့်ကိစ္စ များ၊ Rosneft နှင့် အိန္ဒိယရေနံကုမ္ပဏီများဖြစ်ကြသော Sakhalin-1 ၊ Taas-Yuryakh နှင့် Vankorneft တို့နှင့် စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

     ရှရှားနိုင်ငံထံမှ ရေနံဝယ်ယူတင်သွင်းမှုမြင့်တက်လာမှုနှင့်အတူ ရှရှားသည် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံ (၅) နိုင်ငံအနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။

Source: Economic Times, 29 March 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ခန့်မှန်းထားသည့် ပမာဏအောက် ဂျုံအထွက် တန်ချိန် ၁ သန်းခန့် လျော့ကျဖွယ်ရှိ

    အိန္ဒိယနိုင်ငံ၌ ဂျုံအဓိကစိုက်ပျိုးသည့် ပန်ဂျပ်၊ ဟာရီယာနာနှင့် ရာဂျပ်စတန် ပြည်နယ်များ တွင် မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အချိန်အခါမဲ့ မိုးရွာသွန်းမှုနှင့် မိုးသီးများကျရောက်မှု ကြောင့် ဂျုံစိုက်ပျိုးထားရှိမှု၏ ၂၅% မှ ၅၀% ခန့်အထိ ထိခိုက်ဖွယ်ရှိကြောင်း သိရှိရပါသည်။

    အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် သီးနှံများ ထိခိုက်ပျက်စီးမှုအခြေအနေ ကနဦးစာရင်း ကောက်ယူမှုကို ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပန်ဂျပ်နှင့် ဟာရီယာနာ ပြည်နယ်အစိုးရများက အထူးစစ်တမ်းကောက်ယူရေး အမိန့်များထုတ်ပြန်လျက် သီးနှံများထိခိုက် ပျက်စီးမှုရှိသည့် တောင်သူများသို့ အထောက်အပံ့များပေးအပ်မည်ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့ ကြသည်။

   အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်များအရ ယခုနှစ်၌ ဂျုံသီးနှံ စိုက်ပျိုး ထွက်ရှိနိုင်မှုကို တန်ချိန် ၁၁၂.၁၈ သန်း မျှော်မှန်းထားသော်လည်း အချိန်အခါမဲ့မိုးကြောင့် တန်ချိန် ၁ သန်းခန့် ထိခိုက်လျော့နည်းဖွယ်ရှိကြောင်း သိရှိရသည်။

Source: The Hindu Business Line, 27 March 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

အိန္ဒိယနိုင်ငံ၌ ပဲဈေးကွက် စောင့်ကြည့်ကြပ်မတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်

        အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် တစ်လတာအတွင်း ၈% မှ ၁၀% အထိ မြင့်တက်ခဲ့ပြီး ကုလားပဲဈေးနှုန်းသည်လည်း ၄% မှ ၅% ခန့် မြင့်တက်ခဲ့ရာ ဗဟိုအစိုးရ အနေဖြင့် ဈေးကွက်အခြေအနေ စောင့်ကြည့်ကြပ်မတ်ရေးကော်မတီတစ်ရပ်အား ဖွဲ့စည်း၍ ဈေးကွက်အတွင်း ပဲစင်းငုံ ဝယ်ယူရရှိနိုင်မှုမြှင့်တင်ရေး အစီအမံများကို စတင် လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။

       အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာန၏ မတ်လ ၂၇ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အရန်အတွင်းဝန် Ms. Nidhi Khare ဦးဆောင်သော ကော်မတီသည် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းလျက် သွင်းကုန်လုပ်ငန်းရှင်၊ ကုန်သည်ပွဲစား၊ စက်ပိုင်များနှင့် သိုလှောင်သူများ၏ လက်ဝယ်၌ ပဲစင်းငုံများ သိုလှောင်ထားရှိမှုအခြေအနေကို စောင့်ကြည့် ကြပ်မတ်မည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းသည့် ပဲများ အရေအတွက်ကောင်းမွန်စွာဖြင့် ပုံမှန်ဝင်ရောက်မှုရှိသော်လည်း ကုန်သည်များက ဈေးကွက် အတွင်းသို့ ပေးသွင်းဖြန့်ဖြူးမှု မရှိဟု သတင်းများ လက်ခံရရှိသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ၏ ရည်ရွယ်ချက်မှာ ဈေးကွက်အတွင်း လက်ဝါးကြီးအုပ် သိုလှောင်မှုနှင့် မရိုးမဖြောင့်သော ဈေးကစားမှုများကို ကိုင်တွယ်လိုခြင်းဖြစ်ကြောင်း၊ အလားတူ ကြိုတင်ကာကွယ်မှုအနေဖြင့် အခြားသောပဲများအား သိုလှောင်ထားရှိမှုအခြေအနေကိုလည်း အနီး ကပ် စောင့်ကြည့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

       ပြည်တွင်း ပဲမျိုးစုံဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) များမှ တင်သွင်းသည့် ပဲများအပေါ် အကောက်ခွန် သုညရာခိုင်နှုန်း  ခွင့်ပြုထားသည့်နည်းတူ ဖွံ့ဖြိုးမှုအနည်းဆုံးမဟုတ်သော (Non-LDC) နိုင်ငံများထံမှ တင်သွင်းလာသည့် ပဲစင်းငုံလုံးပြည့် (Tur Whole) အပေါ် ကောက်ခံသည့် အခြေခံအကောက်ခွန်နှုန်း ၁၀% ကိုလည်း အိန္ဒိယအစိုးရက ၄-၃-၂၀၂၃ နေ့မှ စတင်ပယ်ဖျက်ပေးခဲ့ကြောင်း သိရှိရသည်။

Source: Press Information Bureau of India, 27 March 2023

(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်အတု ထုတ်လုပ်သည့်သတင်းများ ထွက်ပေါ်ပြီးနောက် အသိအမှတ်ပြုတံဆိပ်များ စစ်ဆေး၍ ဝယ်ယူရန် ထိုင်းနိုင်ငံက အကြံပြုထား

     မကြာသေးမီက ထွက်ရှိလာသည့် သတင်းများအရ တရုတ်နိုင်ငံရှိ စက်ရုံ (၃) ခုက ထိုင်း စံပယ်ဆန်ကို အတုအပပြုလုပ်ခဲ့ကြောင်းနှင့် အခြားသောဆန်များကို အရသာမြှင့်တင်သည့် အနံ့၊ ပစ္စည်းများဖြင့် ပြုပြင်ရောင်းချနေသောကြောင့် ကုန်စည်ထုပ်ပိုးမှုများပေါ်တွင် အသိအမှတ်ပြု တံဆိပ်များအား စစ်ဆေးလျက် ဝယ်ယူသုံးစွဲရန် ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန (DFT) က စားသုံးသူများအား အကြံပြု ပြောကြားထားပါသည်။

   ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုပ်ပိုးမှုများပေါ်တွင် အရည်အသွေး အာမခံချက်ဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များရှာဖွေရန်နှင့် စစ်မှန်သော ထိုင်း ဟုန်မာလီဆန်ကိုသာ ဝယ်ယူကြရန် အကြံပြုထားပြီး အဆိုပါကြံပြုချက်သည် တရုတ်နိုင်ငံမှလာသော ဟုန်မာလီဆန်အတု အစီရင်ခံစာအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန၊ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က တရုတ်နိုင်ငံရှိ ထုတ်လုပ်သူသုံးဦးသည် ထိုင်းစံပယ်ဆန်ကို တုပထုတ်လုပ်နေကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီး ၎င်းတို့ကို တရုတ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ကြောင်းနှင့် အဆိုပါဆန်အတုများသည် ထိုင်းဆန်၏ဂုဏ်သတင်းကို ထိခိုက်စေခဲ့ကြောင်းပြောကြားခဲ့ပါသည်။ 

   တရုတ်နိုင်ငံရှိ ထိုင်းနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးရုံးများသည် တုပ၍ ထုတ်လုပ်ထားသည့် ထုတ်ကုန်များအပေါ် မကြာခဏစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအတွက် အရည်အသွေးအာမခံချက် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံမှ ဝယ်ယူသူများအကြား သတိပြုမိစေရန် အသိပညာပေးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Pattaya Mail, March 20, 2023

စံပယ်ဆန်အတုများ ရောင်းချခဲ့ခြင်းအပေါ် တရုတ်နိုင်ငံရှိ စက်ရုံသုံးခုအား ထိုင်းအာဏာပိုင်များက စွဲချက်တင်ဆောင်ရွက်လျက်ရှိ

     ထိုင်းအာဏာပိုင်များသည် တရုတ်နိုင်ငံ Anhui ပြည်နယ်ရှိ စက်ရုံသုံးခုအပေါ် စံပယ်ဆန်အတုများ ရောင်းချခဲ့မှုအတွက် စွဲချက်တင်ရန် ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှ ဝယ်ယူသူများ ထိုင်းစံပယ်ဆန်စစ်စစ်၏ အရည်အသွေးကို သိရှိနားလည်စေရန်အတွက် စွဲချက်တင်ထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပရာယွန်း အင်ဆာကူ က ပြောကြားခဲ့ပါသည်။      

     တရုတ်နိုင်ငံရှိ ထိုင်းစိုက်ပျိုးရေး ကောင်စစ်ဝန်ရုံးမှ စစ်ဆေးတွေ့ရှိချက်အရ Anhui Huainan Shouxian Yongliang ဆန်စပါးလုပ်ငန်း၊ Anhui Xiangwang ကောက်နှံများ၊ ဆီများနှင့် အစားအသောက်နည်းပညာနှင့် Huainan Chufeng စက်မှုနှင့်ကုန်သွယ်မှုကုမ္ပဏီများသည် ဒေသထွက်ဆန်များကို အနံ၊ အရသာများ ပြုပြင်၍ ထိုင်းစံပယ်ဆန်အဖြစ် ရောင်းချခဲ့ခြင်းဖြစ်ပြီး ရနံ့အတွက် Pyrazine နှင့် Pyrrole ကို အသုံးပြု၍ ဆန်ကို ပြုပြင်ထုတ်လုပ်ရောင်းချခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် အဆိုပါ ဓါတုပစ္စည်းနှစ်မျိုးလုံးကို တရားမဝင် အစားအစာ အနံ့အရသာ အဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

    အဆိုပါ စက်ရုံများသည် ရနံ့တုများကို ဝယ်ယူခဲ့ပြီး စားသောက်ကုန်အတု ပြုလုပ်ခဲ့ခြင်းကြောင့် တရားစွဲဆိုခံထားရပြီး လွန်ခဲ့သည့်ခြောက်နှစ်တွင်လည်း လုပ်ငန်းမှတ်ပုံတင် သက်တမ်းကုန်ဆုံးသွားသည့် အမှုဖြင့်လည်း တရားစွဲဆိုခြင်းခံထားရကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပရာယွန်းအင်ဆာကူက ဆန်အတု နှင့် ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာပြီးနောက် အစားအသောက်အတုအနံ့အရသာများ ရောင်းချသည့် အွန်လိုင်းဆိုင် အများအပြားကို ပိတ်ပစ်ခဲ့ကြောင်း၊ အာဏာပိုင်များကလည်း ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိသောကြောင့် စက်ရုံများကို ပိတ်သိမ်းခဲ့ပြီး သိမ်းဆည်းရမိသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို စုံစမ်းစစ်ဆေးပြီးနောက် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Bangkok Post, March 17, 2023

မလေးရှားနိုင်ငံ၌ ရေလွှမ်းမိုးမှုများနှင့် ဆီအုန်းပင်အိုများပြားမှုကြောင့် စားအုန်းဆီ ဈေးကွက် အကျပ်အတည်းဖြစ်ပေါ်နိုင်

    ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံအတွင်း ရေလွှမ်းမိုးမှုများနှင့် ဆီအုန်းအပင်အိုများ ရှိခြင်းကြောင့် စားအုန်းဆီဈေးကွက် အကျပ်အတည်းဖြစ်နိုင်ကြောင်း မလေးရှားနိုင်ငံ ဆီအုန်းစိုက်ပျိုးသူများအဖွဲ့က ခန့်မှန်းထားပါသည်။

    ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် စားအုန်းဆီအထွက်နှုန်း တိုးတက်မှု မှာ ၃ % အောက် လျော့နည်းတွေ့ရှိရနိုင်ကြောင်း မလေးရှားစားအုန်းဆီအသင်းမှ အမှုဆောင်အရာရှိချုပ် Mr. Joseph Tek က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံ၏ ဒေသအချို့တွင် မိုးသည်းထန်စွာရွားသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ် ခဲ့မှုကြောင့် ကာလတိုအတွင်း စားအုန်းဆီထုတ်လုပ်မှု ကျပ်တည်းနိုင်ပြီး အဓိကအားဖြင့် ဆီအုန်းရိတ်သိမ်းခြင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့သဖြင့် ဆီအုန်းသီးနှံအရည်အသွေးကျဆင်းမှုဖြစ်ပေါ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ကြောင်း သိရပါသည်။

    ထို့အပြင် သက်တမ်း ၂၅ နှစ်ထက် ပိုကြီးသော ဆီအုန်းပင်အရေအတွက် များပြားလာပြီး ဆီအုန်းပင် စိုက်ပျိုးမှု လျော့နည်းလာကြောင်း သိရပါသည်။ မလေးရှားနိုင်ငံ၌ ဆီအုန်းအဓိက စိုက်ပျိုးသည့် ဆာဘတ်(Sabah) ပြည်နယ်တွင် သက်တမ်း ၂၅ နှစ် ထက်ပိုမိုသော ဆီအုန်းပင် အရေအတွက် အများဆုံးရှိပြီး ကုန်ကျစရိတ် ကြီးမြင့်ခြင်းကြောင့် ဆီအုန်းအပင်သစ် ပြန်လည်စိုက်ပျိုးမှုမှာ နှောင့်နှေးကြန့်ကြာမှုရှိကြောင်း၊ လွန်ခဲ့သော ၃ နှစ်ကြာ လာနီညာရာသီဥတု (La Nina) ဖြစ်ပေါ်မှုက ဆီအုန်းပင်၏ အမြစ်ဖွဲ့စည်းမှုကို ဆိုးဝါးစွာထိခိုက်စေပြီး အဆိုပါ အမြစ်ဖွဲ့စည်းမှုကို ပြန်လည်ကောင်းမွန်လာအောင် ဓာတ်မြေဩဇာများဖြင့် ပြုပြင်ခြင်းက အချိန်ကြာမြင့်နိုင်ကြောင်းနှင့် စားအုန်းဆီ ထုတ်လုပ်ရောင်းချမှု အကျပ်အတည်းကြောင့် လတ်တလော ကာလတွင် စားအုန်းဆီ တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၀၀၀ (အမေရိကန်ဒေါ်လာ ၈၈၅) ခန့် ဖြစ်ပေါ်နိုင်ကြောင်း Mr. Joseph Tek က ပြောဆိုပါသည်။

    ယခုနှစ်အတွင်း လာနီညာရာသီဥတုမှ အယ်နီညို (El Nino) ရာသီဥတုသို့ ပြောင်းလဲနိုင်ဖွယ်ရှိမှုနှင့်အတူ ရာသီဥတု အခြေအနေဆိုးဝါးမှု မြင့်တက်လာနေပါသည်။ ကမ္ဘာပေါ်တွင် ဆီအုန်းအားလုံးနီးပါး စိုက်ပျိုးထွက်ရှိရာ အရှေ့တောင်အာရှဒေသတွင် ရာသီဥတု စက်ဝန်းဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဆီအုန်းပင်များ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း သိရပါသည်။

Source: Bloomberg, March 11, 2023

အိန္ဒိယနိုင်ငံတွင် ဝါဂွမ်းထွက်ရှိမှု အထုပ်ရေ ၃၁၃ သိန်းသို့ လျော့နည်းကျဆင်းမည်ဟုခန့်မှန်း

      အိန္ဒိယနိုင်ငံတွင် ၂ဝ၂၂-၂၃ သီးနှံရာသီ (အောက်တိုဘာလ-စက်တင်ဘာလ) အတွင်း ဝါဂွမ်း စိုက်ပျိုးသည့်ဒေသများဖြစ်ကြသော တီလန်ဂါနာ၊ မဟာရာရှ်ထရာ၊ ဟာရီယာနာ၊ ကာနာတကာ၊ ပန်ဂျပ်နှင့် တမီနာဒူ ဒေသများတွင် အထွက်နှုန်း ကျဆင်းမှုနှင့်အတူ ဝါဂွမ်းထွက်ရှိမှုမှာ မူလခန့်မှန်းထားသည့် တစ်ထုပ်လျှင် ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေ (bales) ၃၂၁.၅ သိန်းမှ‌ ၈.၅ သိန်းလျော့ချလျက် အထုပ်ရေ ၃၁၃ သိန်းခန့်သာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ထိုသို့ အထွက်လျော့နည်းမှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့၌ ဂူဂျရတ်ပြည်နယ်၊ Rajkot ဈေးကွက်တွင် ဝါဂွမ်း တစ်ကွင်တယ် (ဝ.၁ တန်) လျှင် ရူပီး ၈ဝဝဝ သို့မြင့်တက်လျက် ဈေးကွက်အတွင်း ဝင်ရောက်လာသည့် ဝါဂွမ်းများမှာ ၁၈ဝဝ ကွင်တယ် ရှိခဲ့ပါသည်။ ဂူဂျာရတ်တွင် ပြုပြင်သန့်စင်ထားသော ဝါဂွမ်း (ရှန်ကာ-၆) ၂၉ မီလီမီတာ ဈေးနှုန်းမှာ တစ်ကန်ဒီ (candy) (၃၅၆ ကီလိုဂရမ်) လျှင် ရူပီး ၆၁၃ဝဝ ရှိခဲ့ပါသည်။

      အိန္ဒိယနိုင်ငံ ဝါဂွမ်းအသင်း၏ ခန့်မှန်းချက်အရ စုစုပေါင်းဝါဂွမ်းရရှိနိုင်မှုမှာ ယခုနှစ် ထုတ်လုပ်မှုမှ ထုပ်ရေ ၃၁၃ သိန်း၊ ပြည်ပမှတင်သွင်းမှု ထုပ်ရေ ၁၂ သိန်းနှင့် ရှေ့ရာသီမှ ကုန်လက်ကျန် ထုပ်ရေ ၃၁.၈၉ သိန်း၊ စုစုပေါင်း ထုပ်ရေ ၃၅၆.၈၉ သိန်း ရှိမည်ဖြစ်ကြောင်း၊ သုံးစွဲမှုအပိုင်းတွင် ပြည်တွင်းသုံးစွဲမှုမှာ ထုပ်ရေ သိန်း ၃ဝဝ တွင် ဆက်လက်တည်တံ့နေမည်ဖြစ်ပြီး ပို့ကုန်မှာ ထုပ်ရေ သိန်း ၃ဝ နှင့် လတ်တလောနှစ်များတွင် အနိမ့်ဆုံးအဖြစ် စာရင်းပိတ်ကုန်လက်ကျန် ထုပ်ရေ ၂၆.၈၉ သိန်းခန့်  ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 16 March, 2023

ကမ္ဘာ့ဈေးကွက်၌ နေကြာဆီဈေးနှုန်းများ ကျဆင်းနေခြင်း

      Economica.net ၏ အစီရင်ခံစာတွင်  ပင်လယ်နက် (Black Sea) ဒေသတွင်း၌ နေကြာဆီ လက်ကားဈေးနှုန်းသည် (၂) လအတွင်း၌ ၁၅ % ကျဆင်းခဲ့ပါကြောင်း၊ နေကြာဆီ ၁ တန်လျှင် တူရကီဆိပ်ကမ်းများတွင် ဒေါ်လာ ၉၉၀၊ ဘူလ်ဂေးရီးယားနိုင်ငံ ဗာနာဆိပ်ကမ်း၌ ဒေါ်လာ ၉၈၀ နှင့် ယူကရိန်းဆိပ်ကမ်းများတွင် ဒေါ်လာ ၉၀၀ ခန့် အသီးသီး ဈေးနှုန်းများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ နောက်ဆုံးအကြိမ် နေကြာဆီဈေးနှုန်း အနိမ့်ဆုံးဖြစ်ပေါ်ခဲ့မှုမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်ဖြစ်ရာ ယခုအခါ ၂ နှစ်ခွဲတာကာလအတွင်း အနည်းပါးဆုံး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   ဥရောပဈေးကွက်တွင် ရောင်းလိုအားများပြားခြင်း၊ ပဲပုပ်ဆီနှင့် မုံညင်းဆီတို့ ဈေးနှုန်းများ နိမ့်ကျလျက်ရှိပြီး ဈေးကွက်၌ အဆိုးမြင်မှုများရှိခြင်းတို့အရ နေကြာဆီဈေးနှုန်းများသည်  ကာလ အတန်ကြာအထိ အနိမ့်ဈေး၌ တည်ရှိနေဦးမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းလျက်ရှိသည်။ တစ်ပြိုင်နက်တည်းပင် ယူကရိန်းနိုင်ငံ၌ စစ်ပွဲကြောင့် နေကြာရိတ်သိမ်းရရှိမှုသည် ယခင်နှစ်များ ထက် ပမာဏအားဖြင့် နည်းမည်ဖြစ်သောကြောင့် လအနည်းငယ်အတွင်း၌ပင် နေကြာဆီ ဈေးနှုန်း များ မြှင့်တက်လာမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ခန့်မှန်းထားသည်။

     သို့သော်လည်း ကမ္ဘာ့ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှုများသည် ပြည်တွင်းစားသုံးသူများ၏ ဈေးနှုန်းများအပေါ် သက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရပေသည်။

Source: Hungary Posts English, 20 March, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သကြားတင်သွင်းခွန်များ လျှော့ချခြင်း

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် သကြားတင်သွင်းခွန်နှင့် တန်ဖိုးမြှင့်အခွန် (Value Added Tax) များကို လျှော့ချမည်ဖြစ်ရာ အမှန်တကယ်တွင် ၁ ကီလိုဂရမ်လျှင် တာကာငွေ ၄.၅ နှုန်း ဈေးလျှော့ချရန်ဖြစ်သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သကြားကြိတ်ခွဲသည့်လုပ်ငန်းများနှင့် ကျိုချက်သန့်စင်သည့်လုပ်ငန်းများကို လက်လီအဆင့်အနေဖြင့် သကြားဈေးနှုန်းအား ၁ ကီလိုဂရမ်လျှင် ၅ တာကာနှုန်း ဈေးလျှော့ချစေရေး တောင်းဆိုသွားမည် ဖြစ်သည်။

       အဆိုပါ အခွန်များလျှော့ချပြီး တင်သွင်းလာသော သကြားကုန်ကြမ်းများသည် လာမည့် ရက်သတ္တပတ်အတွင်း ဈေးကွက်အတွင်း ဝင်ရောက်လာမည်ဖြစ်၍ သကြား လက်လီဈေးနှုန်းများ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး Tipu Munshi က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း (TCB) ၏ စာရင်းများအရ ဒါကာမြို့၊ လက်လီဈေးကွက်တွင် သကြား ၁ ကီလိုဂရမ်လျှင် တာကာငွေ ၁၁၅ မှ ၁၂၀ အတွင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: The Daily Star, 19 March, 2023

အိန္ဒိယဆီစက်လုပ်ငန်းရှင်အသင်းနှင့် မလေးရှား စားအုန်းဆီထုတ်လုပ်သည့် အသင်းများ MoU ‌ရေးထိုးခြင်း

        စဉ်ဆက်မပြတ်ထိန်းသိမ်းမှုစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် စားအုန်းဆီဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (Malaysian Sustainable Palm Oil – MSPO) ရရှိသည့် မလေးရှားနိုင်ငံ၊  ဆာရာဝပ်ပြည်နယ်မှ စားအုန်းဆီများ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်နိုင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင်ကို SEA ခေါ် အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (Solvent Extractors’ Association of India) နှင့် မလေးရှားနိုင်ငံရှိ စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သည့် အသင်းအဖွဲ့ ၃ ခုတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

           အဆိုပါ MoU အရ အိန္ဒိယ SEA ကုန်သည်အသင်းသည် အဓိကအားဖြင့် ဆာရာဝပ် ပြည်နယ်အတွင်း အမှီအခိုကင်းသည့် ဆီအုန်းစိုက်ပျိုးသူ လုပ်ငန်းငယ်များ၏ စဉ်ဆက်မပြတ် ထိန်းသိမ်းမှုစနစ်ဖြင့် စားအုန်းဆီ ထုတ်လုပ်မှုနှင့် စီမံခန့်ခွဲမှုတို့ကို ကူညီထောက်ပံ့ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်အညီ အဆိုပါနည်းစနစ်ဖြင့် ထုတ်လုပ်သည့် စားအုန်းဆီများ မြှင့်တင်ရေး ချိတ်ဆက်မှုနှင့် ပူးပေါင်းလုပ်ကိုင်မှုများ ဆောင်ရွက်ခြင်း၊ ဆာရာဝပ်ပြည်နယ်ရှိ ဆီအုန်းစိုက်ပျိုးသူ လုပ်ငန်းငယ်များက ထုတ်လုပ်သည့် MSPO လက်မှတ်ရ စားအုန်းဆီများ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်မှု ချဲ့ထွင်ခြင်း လုပ်ငန်းနယ်ပယ်များတွင်  မလေးရှားကုန်သည် အသင်းများ ဖြစ်သည့် Solidaridad, DOPPA နှင့် PVATM တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

The Hindu Business Line, 14 Mar 2023

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ