ဟင်္သာတမြို့နယ်အတွင်း ဆန်ဆိုင်လုပ်ငန်းရှင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနိုင်ရေး ဆွေးနွေး
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးသည် (၉-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ဈေးကလေးလမ်း၊ တာငါးဆယ်(မ)ရပ်ကွက်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ဆန်ဆိုင်လုပ်ငန်းရှင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနိုင်ရေး ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးကမြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။ ဧည့်မထ(၁၅%) ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊ ပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ကျပ်ဖြင့် ဆန်ဆိုင်များတွင် ရောင်းချနိုင်ရေးတို့ကို အသိပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်အတွင်းရှိ ဆန်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှထုတ်ပြန်သော လအလိုက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price) အပေါ်တွင် အမြတ် ၈% ထက်ပို၍ ရောင်းချခြင်းမပြုရန်နှင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိ၍ တိုင်ကြားလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူခံရနိုင်ကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ ဆန်ဆိုင်လုပ်ငန်းရှင်(၂၀) ဦးတက်ရောက်ခဲ့ပြီး နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)