Main menu

HighLight News

Powered by Drupal

ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂-၇-၂၀၂၄)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စသည့်မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ‌ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စားသုံးသူထိခိုက်နိုင်ခြေမြင့်မားသည့် စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် ဆေးပစ္စည်းများပြတ်လပ်ခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စံမညီဆေးဝါးများရောင်းချခြင်းနှင့် ဆေးပစ္စည်းများပြတ်လပ်မှုမရှိကြောင်းသိရသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများကလည်း မိမိတို့နှင့်သက်ဆိုင်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို အသိပေးပြောကြားခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အသိပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)      

                             

ကန့်ဘလူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ (၃-၇-၂၀၂၄)ရက်နေ့၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ရေတမာ” စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ၊ တရားမဝင်စက်ဆီ၊ ချောဆီများရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများအပေါ် ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး အချင်အတွယ်မှန်ကန်စွာရောင်းချပေးရန်၊ ဈေးနှုန်းများ မြင့်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ “UTN ဦးသိန်းနိုင်” စက်သုံးဆီဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ “UTN ဦးသိန်းနိုင်စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း စက်သုံးဆီသုံးစွဲသောပြည်သူများ စက်သုံးဆီဝယ်ယူမှုအဆင်ပြေစေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန်၊ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိ၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး အချင်အတွယ်မှန်ကန်ကြောင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ 

         စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီဈေးနှုန်းမျာအား အများပြည်သူများမြင်သာအောင် (LED Board) ဖြင့် ပွင်းလင်းမြင်သာအောင် စီစဉ်ပြသထားရှိစေရေးနှင့် ယခုအချိန်ကာလတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်နေခြင်း၊ စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေခြင်းတို့ကြောင့် သုံးစွဲနေသောပြည်သူများ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ရေး၊ စက်သုံးဆီများ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြုးရောင်းချနေခြင်းကိုစိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်ခြင်းများရှိလာနိုင်မည်ဖြစ်ကြောင်းတို့ကို စက်သုံးဆီဆိုင်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၈-၇-၂၀၂၄ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မြဝတီခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာ‌ပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာအုပ်စာပေဖတ်ရှုခြင်းသိကောင်းစရာများအကြောင်းတို့ကိုပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်က မိမိဌာန၏ ယခုလက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများကိုရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများအား ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။

         ဟောပြောပွဲသို့ ဆရာ/မ (၇)ဦး၊ ကျောင်းသား/သူ (၂၃၅)ဦး၊ စုစုပေါင်း (၂၄၂)ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

စားသုံးသူကာကွယ်ရေးအသိပညာပေး‌‌ဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးဇေယျာအောင်သည် ၈-၇-၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ International Language&Business Centre(ILBC) International School တွင် ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၇၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဟောပြောရာတွင် ခရိုင်ဦးစီးမှူး ဦးဇေယျာအောင်က စားသုံးသူကာကွယ်ရေးစတင်ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်တွင် သုံးစွဲခွင့်မရှိသော ဆိုးဆေးများအကြောင်း၊ မျိုးရိုးဗီဇပြောင်းလဲထားသော အစားအစာအန္တရာယ်များအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များ အကြောင်း၊ မိုဘိုင်းဖုန်းသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများအကြောင်း၊ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားရမည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော  ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၈-၇-၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်ရှိ ဒေါ်ရွှေတူးကုန်စုံဆိုင်သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း မှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် PLATINUM အမှတ်တံဆိပ်ပါ မြန်မာ့နို့လက်ဘက်ရည်၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့်သုံးစွဲပုံနည်းတို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

ကိုယ်ဝန်ဆောင်မိခင်များအတွက် ထုတ်လုပ်ထားသော နို့ဘူးနှင့်နို့မှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်   ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နံနက် (၁၀ꓽ၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)၊ ကန်နားလုံကျေးရွာရှိ ကုန်စုံဆိုင်များအား ကိုယ်ဝန်ဆောင်မိခင်များအတွက် နို့ဘူးနှင့်နို့မှုန့်များရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိပူးပေါင်းအဖွဲ့များသည် ကိုယ်ဝန်ဆောင်မိခင်များအတွက် နို့ဘူးနှင့်နို့မှုန့်များ၊ အခြားစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများရောင်းချသော လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်၊ ခွင့်ပြုချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိပြီး တရားဝင်တင်သွင်းထားသည့် ကုန်ပစ္စည်းများကိုသာတင်သွင်းဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းရောင်းချဖြန့်ဖြူးခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊  မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊   မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၇)ဆိုင်အား တရားမဝင်တင်သွင်းထားသောဆေးဝါးများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင်တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနေခြင်းမရှိသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီး ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများက ဆေးဆိုင်ပိုင်ရှင်များအား တရားမဝင်တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်းများကိုရောင်းချခြင်းမပြုရန်၊ ဆေးဝါးများအား စနစ်တကျထားသိုရန်၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

မိုင်းဖြတ်မြို့၊ မြို့မ အ-ထ-က ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ မြို့မ အ.ထ.က ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးသန်းထွန်းအောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးရောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွပြသခဲ့ပါသည်။

         ထို့နောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၈)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၂၅)ဦးနှင့် ကျောင်းမုန့်ဈေးရောင်းသူ (၁၇)ဦး၊ စုစုပေါင်း (၁၅၀)ဦးအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ဆန်ဆိုင်နှင့်စားသုံးဆီရောင်းချနေမှုများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

    ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့်  ၄-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်တောင်ကြီးမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်(၃)ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်(၁)ဆိုင်တို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်အရောင်းဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသော သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်း (Reasonable Market Price) အပေါ် သယ်ယူပို့ဆောင်ခနှင့် အထွေထွေကုန်ကျစရိတ်ထည့်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ စားသုံးဆီရောင်းချနေသည့် လက်လီအရောင်းဆိုင်များအနေဖြင့် သက်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

         ထို့နောက် ဆန်အရောင်းဆိုင်များအနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာရောင်းချရန်နှင့် စားသုံးဆီ လက်လီအရောင်းဆိုင်များအနေဖြင့် သက်မှတ်ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် စသည်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - HighLight News