အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အထက်တန်းကျောင်း (ခွဲ)၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျောင်းသား/ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက မူးယစ်ဆေးဝါးအန္တရာယ်နှင့်သမိုင်းကြောင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဥပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သောအစားအစာများ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူသူအောင်က “စနစ်တကျအမှိုက်စွန့်ပစ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မေးခွန်းများမေးမြန်း၍ ဗလာစာအုပ်ချီးမြှင့်ပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ ကွမ်း၊ ဆေးလိပ်အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကိုကြည့်ရှုခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များနှင့် ကျောင်းသား/ ကျောင်းသူများ၏ အတန်းအလိုက် စာကြည့်တိုက်အသုံးပြုမှုအချိန်ဇယားအားကြည့်ရှုကာ စာအုပ်/ စာစောင်များစနစ်တကျထားရှိမှုစနစ်နှင့် လိုအပ်သည့် စာအုပ်၊ စာစောင်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)