Main menu

HighLight News

Powered by Drupal

ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ လုပ်ငန်းရှင်နှင့် အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးအပါ ဝန်ထမ်း(၃)ဦးတို့သည် (၁၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ Colour Care Business Group မှထုတ်လုပ်သော မုန့်မျိုးစုံလုပ်ငန်းနှင့် စိန်ခဲ၊ ရွှေခဲအမှတ်တံဆိပ် ငံပြာရည်၊ ခရုဆီနှင့် ငရုတ်ဆီထုတ်လုပ်သော စက်ရုံများရှိ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များဖြစ်သော စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များပြည့်စုံစွာပါရှိရန်နှင့် စက်ရုံသန့်ရှင်းရေးကိုလည်း အဓိကထားလုပ်ဆောင်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

အုန်းဆီများထုတ်ပေးနေမှုအား သွားရောက်စစ်ဆေး

     ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများဝယ်ယူရာ၌ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များအား စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန်မှ (၄-၃-၂၀၂၄) ရက်နေ့မှ (၉-၃-၂၀၂၄) ရက်နေ့ထိ  ဆီတစ်ပိဿာလျှင် (၆၁၇၃) ကျပ်ဈေးနှုန်းဖြင့် ဆီပေပါအလုံးရေစုစုပေါင်း ၁၁၃၈၃လုံးထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စက်ဆန်းမီးရထားသိုလှောင်ရုံအတွင်း တရားမဝင်ကုန်စည်များအား စစ်ဆေး

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင်အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည်စီးဆင်းမှုများအပေါ် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်စဉ်အတွင်း  ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော  ခရိုင်ဒုတိယရဲမှူးကြီး လှဖုန်းကျော်နှင့် တာဝန်ရှိသူများ၊ မလွှကုန်းရဲစခန်းမှ ရဲအုပ်အောင်ကျော်ဦး၊ မီးရထားရဲမှ ဒုတိယရဲမှူးဇော်လင်းနှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဝင်းအောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းရာဇာတို့ ပူးပေါင်း၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း မီးရထားသိုလှောင်ရုံသို့ (၁၂-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၁၅) နာရီအချိန်တွင် ကုန်တွဲ(၅၀)တွဲအား ရှောင်တခင်စစ်ဆေးရာ စားသောက်ကုန်များကို တင်ဆောင်လာကြောင်းနှင့် စစ်ဆေးမှုများကို ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်  ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) အောင်ဆန်းခန်းမ၌ ( World Consumer Rights Day ) ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ ဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ကျောင်းသား/ ကျောင်းသူများအား စားသုံးသူရေးရာနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့်နည်းပညာများကိုရရှိစေလိုကြောင်း၊ အေးချမ်းစွာပညာသင်ယူပြီး ကျောင်းပြီးသွားသည့်အခါ လုပ်ငန်းခွင်တွင် အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ဟောပြောပွဲကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ စနစ်တကျမှတ်သားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက ၂၀၂၄ခုနှစ်၊ မတ်လ(၁၅)ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ၏ အလေးထားပါဝင်ဆောင်ရွက်မှုမှာ ကမ္ဘာ့နိုင်ငံများနှင့်အတူ တစ်သားတည်းရှိနေပါကြောင်း၊ “မျှတအလေးမူတာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” ဟူသော ဆန်းသစ်သည့်နည်းပညာတစ်ခုကို ရည်ညွှန်းထုတ်ဖော်ထားပြီး နောက်ဆုံးပေါ်နည်းပညာတစ်မျိုးဖြစ်သည့် AI ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာသည် ကုန်ရောင်းကုန်ဝယ်ပြုလုပ်သော နေရာ၌လည်း စားသုံးသူများ၏ကြိုက်နှစ်သက်မှု၊ ဝယ်ယူမှုပုံစံတို့ကို လေ့လာသိမ်းဆည်းပြီး ရောင်းချမှုလုပ်ငန်းများအတွက် အထောက်အကူပြုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုအသိပညာပေး Video ပြသခဲ့ပါသည်။ ဆက်လက်၍ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာတာဝန်ခံ ဦးဇော်မင်းလတ်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူကတောင်းဆိုနိုင်သော အခွင့်အရေးများ၊ တားမြစ်ချက်ဆိုင်ရာဥပဒေနှင့် ပြဋ္ဌာန်းချက်များ စသည်တို့ကိုဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမင်းထက်စိုးက ဘေးအန္တရာယ်ဖြစ်စေသော စားသုံးသူကျန်းမာရေးဆိုင်ရာ အစားအစာများအကြောင်းကို ရှင်းလင်းပြေားကြားခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ပါမောက္ခချုပ်အား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များပေးအပ်ခဲ့ကြောင်းနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၅၂၃)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

     ၂၀၂၄ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်တကွ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၁၇၅)ဦးတက်ရောက်ခဲ့ကြပါသည်။

     မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာန၊  မန္တလေးတိုင်းဒေသကြီး၏  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူ တိုင်ကြားမှုနှင့်ပတ်သက်၍ စံပြအမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုမရှိသော ကုန်စည်များအား အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားစွဲဆိုထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့ပါသည်။

      ဆက်လက်၍ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများက ဉာဏ်စမ်းပဟေဠိဖြေဆိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုသူများအနက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၇)ဦးတို့အား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ဝိုင်းမော်မြို့နယ်အတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် (၁၄-၃-၂၀၂၄) ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ ဝိုင်းမော်မြို့ရှိ စားသုံးသူပြည်သူ (၂၃) ဦးအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောရာ၌ ဦးဘောမ်ဇုန်း(ရုံးအုပ်)က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့်အချက်များ၊ စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ်  ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း စသည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ပြည်စုံမှန်ကန်စွာပါရှိသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၁၄-၃-၂၀၂၄) ရက်နေ့၌ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးတွင် OK တံဆိပ် အသင့်သောက်မန်ကျည်းသီးအချိုရည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ်ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း စသည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော စားသုံးသူက လက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း စသည့်အချက်များ၊ မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူကသိရှိစေရန် ကြိုတင်အသိပေးခြင်း စသည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ လုပ်ငန်းရှင်များအား အသိပညာဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် (ဦးစီးမှူး) သည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မတ်လ (၂၂)ရက်၊  နံနက် (၁၀း၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေယုဆန်စက်၊ ဦးအောင်ကိုကိုဆန်း၏ နေအိမ်၌ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံက ဆန်စက်လည်ပတ်မှု၊ ဆန်/စပါးသိုလှောင်ထားရှိမှု၊ ကြိတ်ခွဲနိုင်မှုအခြေအနေများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား တွေ့ဆုံမေးမြန်း၍ စားသုံးသူကာကွယ်ရေးနှင့်သက်ဆိုင်သော အသိပညာများကိုလည်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့မဈေးအတွင်း စားသုံးဆီရောင်းချနေသောဆိုင်များအား ကုန်အညွှန်းအမှတ်အသားရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၌ သာပေါင်းမြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီရောင်းချလျက်ရှိသော ဆိုင်များသို့သွားရောက်ကာ စားအုန်းဆီဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်များကိုက်ညီမှုရှိ/မရှိနှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များပါဝင်မှုရှိ/မရှိ၊ ၎င်းနောက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ရေးသားဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့်ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

         

ကန့်ဘလူမြို့နယ်တွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် Talk Show ဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးများအပြည့်အဝသိရှိနားလည်ပြီး ရရှိခံစားနိုင်စေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်း၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေး Talk Show များဆောင်ရွက်၍လည်းကောင်း အသိပညာပေးလိုသော သတင်းအချက်အလက်များကိုဖြန့်ဝေပေးလျက်ရှိပါသည်။

       ၂၀၂၄ခုနှစ်၊ မတ်လ ၁၂ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ တွင် လာမည့်မတ်လ (၁၅)ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနားကို နှစ်စဉ် မတ်လ(၁၅)ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီး၌လည်းကျင်းပကြသည့်အပြင် မြန်မာနိုင်ငံ၌လည်း ၂၀၁၆ခုနှစ်မှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျင်းပဆောင်ရွက်ခဲ့ရာ လာမည့်မတ်လ(၁၅)ရက်နေ့တွင်လည်း ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”ဖြစ်ကြောင်းနှင့် ဆောင်ပုဒ်၏ရည်ရွယ်ချက်များအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကျင်းပရသည့်ရည်ရွယ်ချက်ကိုလည်းကောင်း၊ အခမ်းအနားဆောင်ရွက်ခဲ့မှုနှင့် မီဒီယာကမ်းပိန်းများကျင်းပရခြင်းအကြောင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများတွင်ပါဝင်သည့် ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ဆိုသည့်အတိုင်း ရရှိခံစားနိုင်စေရန် ယနေ့မှစ၍ စားသုံးသူပြည်သူအားလုံးအနေဖြင့်လည်း ကျွန်တော်တို့စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့ဟု လာမည့် မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုကြိုဆိုရင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News