Main menu

HighLight News

Powered by Drupal

မွေးမြူရေးအစာစက်ရုံလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင်  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၁-၃-၂၀၂၄)ရက်နေ့၊  နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ရွှေဘိုစက်မှုဇုံရှိ KT မွေးမြူရေးအစာစက်ရုံလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သည့် စက်ရုံများသို့ ကုန်ကြမ်းပစ္စည်းများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ KTမွေးမြူရေးအစာစက်ရုံအနေဖြင့် ငါးမွေးမြူရေးအစာတောင့်များထုတ်လုပ်ကြောင်းသိရှိရသဖြင့်  ကုန်ကြမ်းပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်း၊ ဈေးကွက်၊ လုပ်သားသုံးစွဲမှု၊ ကုန်ချောထုတ်လုပ်နိုင်မှုနှင့်  တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ပြီး ဌာန၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များကိုထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၂)ဦးတို့သည် (၁၂-၃-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ၎င်းနောက် ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် (၈-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center)ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံ တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို “ပဋိဇီဝဆေးအန္တရာယ်ဘေး အစားအစာမှ ဖယ်ရှားပေး” ဆောင်ပုဒ်ဖြင့် ၂၀၁၆ခုနှစ်၊ မတ်လ(၁၅) ရက်နေ့မှစတင်၍ ကျင်းပခဲ့ကြောင်း၊ နှစ်စဉ်မတ်လ (၁၅) ရက်နေ့ရောက်ရှိတိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဆောင်ပုဒ်များသတ်မှတ်ခဲ့ပြီး ကျင်းပခဲ့ကြောင်း၊ ၂၀၂၄ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင်ကျရောက်မည့်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ“မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”( Fair and Responsible AI for Consumers)  ဖြစ်ကြောင်းနှင့် ဆောင်ပုဒ်၏ ရည်ရွယ်ချက်များအကြောင်း၊   ဆောင်ပုဒ်တွင်ပါဝင်သော AI ၏အဓိပ္ပါယ်အကြောင်း၊ AI ၏အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများအကြောင်းကိုပြောကြားခဲ့ပြီး လုပ်ငန်းရှင်များကလည်း မိမိတို့၏ ကုန်စည်/ ဝန်ဆောင်မှုများကို AI နည်းပညာဖြင့် စားသုံးသူများအား အကျိုးပြုစေရန် ဆွေးနွေးသွားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  လူထုအခြေပြု (Community Center) ခန်းမ၌ (၁၁-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ဘုတလင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး ဘုတလင်မြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ ကုန်စည်များတွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအနက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် “KKH” စက်သုံးဆီဆိုင်သို့သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီပြတ်လတ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီပြတ်လတ်မှုရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ စက်သုံးဆီမြေပြင်လက်ကျန်အခြေအနေတို့ကိုစစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး အချင်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းကို စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လတ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့်  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကိုရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ Friday Talk အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍  စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအလှည့်ကျ နှစ်ပတ်တစ်ကြိမ် အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ရာ မတ်လ ၈ရက်နေ့၊ Friday  Talk တွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့် ယခုနှစ် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်အကြောင်း သိကောင်းစရာများဟောပြောခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဒေါ်သန်းသန်းတင်က ၁၉၆၂ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ကွန်ကရက်၌ မေးခွန်းပြောကြာခဲ့ရာမှတစ်ဆင့် စားသုံးသူမှန်သမျှ ကုန်စည်၊ ဝန်ဆောင်မှုများကို လွတ်လွတ်လပ်လပ် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိသည့်အကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုတွေနှင့်ပတ်သက်၍ လိုအပ်သည့်အချက်အလက်များကို သိခွင့်ရှိသည့်အကြောင်း၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စားသုံးခွင့်ရှိသည့်အကြောင်း၊ တိုင်ကြားခွင့်ရှိသည့်အကြောင်း၊ ဆုံးရှုံးနစ်နာမှုများအတွက် ကုစားပိုင်ခွင့်ရှိသည့်အကြောင်းများကို အလေးပေးပြောကြားခဲ့ပါသည်။ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည့် မတ်လ၁၅ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ စားသုံးသူများ၏ အခြေခံလိုအပ်ချက်များကို သတိပြုမိကြစေရန်၊ လိုအပ်ချက်များကိုအလေးထားနိုင်ရန်နှင့် စားသုံးသူများကိုကာကွယ်ပေးနိုင်ရန်အတွက် ကမ္ဘာအရပ်ရပ်၌ စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြပါသည်။

     ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများကျင်းပရာ၌ အရာအားလုံးကိုအာရုံစိုက်ရန်ထက် တစ်ခုခုကို ဦးတည်ချက်ထားပြီး ဆောင်ရွက်ခြင်းမှာ ပိုမိုထိရောက်ခြေရှိသည့်အတွက် နှစ်အလိုက် ဆောင်ပုဒ်များချမှတ်ပြီး လှုပ်ရှားဆောင်ရွက်ကြပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်မှာ “မျှတအလေးမူ တာဝန်ယူ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု” ဖြစ်ပါသည်။ Artificial  Intellengence (AI) ဟုခေါ်သည့် ဉာဏ်ရည်တုကို အဓိပ္ပါယ်တိတိကျကျဖွင့်ဆိုရန်ခက်သော်လည်း ကွန်ပျူတာစနစ်များ၊ စက်များကို လူသားဉာဏ်ရည်က အလုပ်လုပ်သလိုမျိုး လုပ်နိုင်အောင်စီစဉ်ထားသည့် အရာတစ်ခုဟုဆိုရမည်ဖြစ်ပါသည်။ အချက်အလက်ပေါင်းများစွာကို စုဆောင်းသိုလှောင်ထားပြီး ပေးလိုက်သည့်အမိန့်အတိုင်း သက်ဆိုင်ရာအလုပ်ကိုလုပ်နိုင်အောင် စီစဉ်ထားသည့်သဘောပါ။ တနည်းအားဖြင့် AI ၏အဓိပ္ပါယ်ကို ဖွင့်ဆိုထားသည်မှာ အလိုအလျောက်သင်ယူလေ့လာနိုင်စေရန် ရေးဆွဲထားသည့် ကွန်ပျူတာပရိုဂရမ်ဖြစ်ပါသည်။

      ဉာဏ်ရည်တုကြောင့် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး၊ ဆန်းသစ်ဝန်ဆောင်မှုများ စသည်ဖြင့် အဘက်ဘက်၌ တိုးတက်မှုများရှိလာသည်ကို မငြင်းနိုင်သည့်အပြင် ဉာဏ်ရည်တုကြောင့် ရရှိလာမည့်အန္တရာယ်များကိုလည်း မျက်ကွက်ပြုလို့မဖြစ်နိုင်ပါကြောင်း၊ ဉာဏ်ရည်တုကိုသုံးပြီး သတင်းအချက်အလက်အတု၊ အမှားများဖန်တီးလာကြခြင်းမျိုးလည်းရှိပါသည်။ တိုးတက်နေသည့် ဉာဏ်ရည်တုနည်းပညာအပေါ် မူဝါဒ၊ စည်မျဉ်း/စည်းကမ်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ထိန်းကျောင်းနေရခြင်းမျိုးလည်းရှိပါသည်။ ဉာဏ်ရည်တုကြောင့် စားသုံးသူများ၏ အခွင့်အရေးမထိခိုက်စေရန်နှင့် နစ်နာမှုများမဖြစ်စေရန်ကိစ္စသည် အရေးတကြီးကိစ္စတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၄ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်ကို “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊  ပြည်သူတိုင်းသည် စားသုံးသူဖြစ်သည်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိပါသည်။ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်းကြားနိုင်ရန်အတွက် စားသုံးသူရေးရားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးရုံးများနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန (CICC) ကိုဖွင့်လှစ်ထားကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ ဝက်ဘ်ဆိုက်လိပ်စာမှာ www. doca.gov.mm ဖြစ်ပြီး၊ Consumer Call Center နံပါတ်မှာ 1535  ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၁-၃-၂၀၂၄)ရက်နေ့၊  နံနက် (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် စက်မှုဇုန်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀) ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကိုတားမြစ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းဆောင်ရွက်နိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သူဇာနှင့်ဝန်ထမ်းသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ (၅-၃-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ မြို့မ‌ဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကိုဆွေးနွေးခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နိုင်ငံပိုင်သတင်းစာများတွင် စားသုံးရန်မသင့်ဟုကြေညာထားသော အစားအသောက်များ၊ သက်တမ်းလွန်အစားအသောက်များရောင်းချခြင်းရှိ/မရှိကို ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်‌မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၇-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် လက်လီ/လက်ကားရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ မြေပြင်လက်ကျန်အခြေအနေများ၊ ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းစုံစမ်းမေးမြန်းခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ယခုအချိန်တွင် ပစ္စည်းပြတ်လပ်မှုမရှိသော်လည်း ဘိလပ်မြေမှာယူရသော ကျောက်ဆည်ဘိလပ်မြေစက်ရုံနှင့် ဆိုင်ကြီးများတွင် လိုသလောက်ဝယ်ယူရရှိမှုမရှိကြောင်း၊ အိတ်(၃၀၀)မှာယူလျှင် အိတ်(၁၀၀)ခန့်လောက်သာရရှိခြင်းကြောင့် လုံလောက်စွာဖြန့်ဖြူးနိုင်ခြင်းမရှိကြောင်း၊ မှာယူရရှိသောပစ္စည်းများမှာလည်း သယ်သူပို့ဆောင်ရာတွင် အခက်အခဲများရှိသောကြောင့် ပစ္စည်းအဝင်နည်းပါး၍ ဈေးနှုန်းမှာလည်းအကျမရှိဘဲ အတက်ဘက်သို့ ဦးတည်နေကြောင်း၊ ယခင်ဖေဖေါ်ဝါရီလ (စတုတ္တပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၈၀၀)၊ အယ်လဖာ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၆၀၀)ရှိခဲ့ပြီး ယခုမတ်လ (ပထမပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အယ်လဖာ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၀၀၀၀-၁၀၁၀၀)ဈေးနှုန်းတို့ရှိကြောင်းသိရှိရပါသည်။ လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ လမ်းပန်းဆက်သွယ်ရေးချောမွေ့အဆင်ပြေပါက ပစ္စည်းများပိုမိုရောက်ရှိဖြန့်ဖြူးနိုင်ပြီး ဈေးနှုန်းများပါသက်သာလာမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

အရာထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်းစွမ်းဆောင်ရည်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ကို ခရိုင်ရုံးဝန်ထမ်း ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ) သည် (၄-၃-၂၀၂၄) ရက်နေ့မှ (၈-၃-၂၀၂၄) ရက်န့အထိ နေပြည်တော်ရုံးချုပ်မှ ဦးစီးကျင်းပသော အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး  သင်တန်းပို့ချမှုအား တက်ရောက်ခဲ့ပါသည်။

      သင်တန်းဖွင့်ပွဲ၌ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းတာဝန်ကို ဌာနဆိုင်ရာအဖွဲ့အစည်းများတွင် မိမိတို့ဆန္ဒနှင့်အညီ ဝင်ရောက်လုပ်ကိုင်ကြသူများဖြစ်ရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မိမိတို့ဌာန၏ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးလုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာထမ်းဆောင်နိုင်ရန်လိုကြောင်း ပြောကြားခဲ့သည်။

      အဆိုပါသင်တန်းတွင် နိုင်ငံဝန်ထမ်းများနည်းဥပဒေစီမံရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာလုပ်ထုံးလုပ်နည်းများနှင့် ရုံးလုပ်ငန်းလက်စွဲ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းအကြောင်း၊ ပြည်တွင်းကုန်ဈေးနှုန်း၊ ဈေးကွက်ကုန်စည်စီးဆင်းမှု၊ အမယ်သစ်သီးနှံ၊ အလားအလာရှိသည့်သီးနှံများ၊ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု(ပြည်တွင်းဌာနခွဲ) လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ငွေစာရင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ရသုံးမှန်းခြေငွေစာရင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဌစ စာရင်းများရေးသွင်းခြင်း၊ ဌာနတွင်းစာရင်းစစ်ဆေးခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ နည်းဥပဒေအကြောင်း၊ ICT နည်းပညာနှင့် E-Government ဆိုင်ရာကိစ္စရပ်များ၊ Food Safety ဘာသာရပ်နှင့် အရည်အသွေးစီမံခန့်ခွဲခြင်း၊ ပြန်လည်သိမ်းဆည်းခြင်းနှင့် တားမြစ်ခြင်းဘာသာရပ်၊ ဈေးကွက်စောင့်ကြည့်ခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် အာဆီယံနိုင်ငံများ၏ NCCP ရေးဆွဲမှု၊ အမျိုးပို့ကုန်မဟာဗျူဟာ၊ အထူးစီးပွားရေးဇုန်များအကြောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အမှတ်တံဆိပ်အကြောင်းသိကောင်းစရာများ မူပိုင်ခွင့်အကြောင်း၊ ဒေသဆိုင်ရာအညွှန်း၊ ကုန်သွယ်မှုဆိုင်ရာဥပဒေများ၊ WTO ဆိုင်ရာကိစ္စရပ်များ၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေ၊ ဝန်ဆောင်မှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များကို သင်ကြားပို့ချခဲ့ပြီး၊ ဘာသာရပ်တစ်ခုပြီးလျှင် သင်တန်းအပြီး သင်တန်း၏ပို့ချချက်များကို ပြန်လည်ဆန်းစစ်သည့် Lecture Review ရေးသား၍ ပြန်လည်ပေးပို့တင်ပြပြီးနောက် သင်တန်းကို (၈-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် ( ၁၄း၃၀) နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News