Main menu

HighLight News

Powered by Drupal

သက်ဆိုင်ရာဌာနများအနေဖြင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို မြှင့်တင်ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ

    စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးတင်မောင်သိန်း(ဦးစီးအရာရှိ)၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးနန်ဆွင်မာန်(အငယ်တန်းစာရေး)၊ ပြည်မြို့နယ်၊ အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ-၄)တို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေသော စားသောက်ကုန်ပစ္စည်းများ အဈေးကွက်အတွင်း ရှိ/မရှိစစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများမှ တရားမဝင်ကုန်စည်အဖြစ်သတ်မှတ်ထားသည့်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကုန်စုံဆိုင်ရောင်းချနေသူများအနေဖြင့် မည်သည့်ကုန်ပစ္စည်းမဆို  သက်ဆိုင်ရာဌာနများမှ တရားဝင်ကုန်ပစ္စည်းများအဖြစ်သတ်မှတ်ထားသည့် ကုန်ပစ္စည်းများကိုသာ မှာယူဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနများအနေဖြင့်  လစဉ်လတိုင်း ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းအားလုံးကို စားသုံးသူပြည်သူများအပေါ် ဘေးအန္တရာယ်ဖြစ်ပေါ်မှုမရှိစေရန် ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏လမ်းညွှန်ချက်များကို ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ချင်း)

အ.ထ.က (၃) အင်းစိန်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နီလာဝင်းအပါအဝင် (၄)ဦးတို့သည် (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၄၅)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစီစီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်နီလာဦးက ဌာန၏ဖွဲ့စည်းပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ထားရှိမှုများ၊ အမှတ်တံဆိပ်မပါသော အစားအသောက်များကိုဝယ်ယူခြင်းမပြုရန်နှင့် ဘေးကင်းလုံခြုံသည့်အစားအသောက်များကို ရွေးချယ်ဝယ်ယူသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၁၇)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိခြင်းမရှိသော စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့က ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများ၏ အဓိကစားသောက်ကုန်အနက် တစ်ခုဖြစ်သော စားသုံးဆီအမျိုးမျိုးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောစားသုံးဆီများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုမရှိသောစားသုံးဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းခြင်း၊ စားသုံးဆီမပြတ်လပ်စေရေး စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ပမှ တရားမဝင်လမ်းကြောင်းဖြင့် တင်သွင်းဖြန့်ဖြူးနေသောစားသုံးဆီများကို မိမိတို့၏ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်လည်းကောင်း၊ စားသုံးဆီများဖြန့်ဖြူးရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် မိမိတို့၏ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများလုံးဝမပြုလုပ်ကြရန် စားသုံးဆီနှင့်အခြားစားသောက်ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ပါရှိသော စားသောက်ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးပြင်ပရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်စေရေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအပြင် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများအား အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီ၊ အချိုရည်၊ သောက်ရေသန့်အမျိုးမျိုးတို့အပြင် အခြားထုပ်ပိုးပြီးသား အသင့်ဖျော်ကော်ဖီအမျိုးမျိုးနှင့် အခြားအသင့်ဖျော်အချိုရည်အမျိုးမျိုးတို့ရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောစားသောက်ကုန်များ၊ ကုန်အညွန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာမပါရှိသော စားသောက်ကုန်ပစ္စည်းများ၊ သက်တမ်းလွန်နေသော အစားအသောက်များရောင်းချခြင်းမပြုစေရေး စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုအကြံပြုဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချခြင်းလုံးဝမပြုလုပ်ရန်နှင့် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများကို မိမိတို့၏ဈေးဆိုင်တွင် ဖြန့်ဖြူးရောင်းချခြင်းကိုစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်၌ ဆောင်းသီးနှံလျာထားချက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု (၆၂) ခုမှ ရပ်ကွက်ကျေးရွာဥက္ကဋ္ဌများနှင့် ရပ်ကွက်ကျေးရွာများမှ စာရေးများသည် နံနက်(၁၀း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ကော့မှူးမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေသောဒေသတစ်ခုဖြစ်ပြီး မိုးစပါးစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့၍ ၎င်းကို ယခုနိုဝင်ဘာလတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ရာ သီးထပ်သီးညှပ်ဆောင်းသီးနှံများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် အဓိကကျသော သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ရပ်ကွက်ကျေးရွာအတွက် သတ်မှတ်ထားသောလျာထားဧကများနှင့်စပ်လျဉ်း၍ လယ်သမားများအနေဖြင့် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း သိရှိအောင်ဆောင်ရွက်ကြရန်နှင့် သိရှိလိုက်နာဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုလက်မှတ်များယူပြီး နိုဝင်ဘာလ တတိယပတ်အတွင်း မြို့နယ်သို့ အချိန်မီပြန်လည်တင်ပြကြရန်၊ ယခုနှစ် ဆောင်းသီးနှံ၊ သီးထပ်သီးညှပ်များဖြစ်သော နွေစပါး၊ နေကြာ၊ နှံစားပြောင်း၊ ပဲအမျိုးမျိုး၊ ပန်းအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို လျာထားသည့်ဧကအတိုင်း ပြည့်မီအောင်စိုက်ပျိုးကြရန် လယ်သမားများအား တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇော်မင်းက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာဥက္ကဋ္ဌများအနေဖြင့် မိမိတို့ဌာန/ရပ်ကွက်/ ကျေးရွာအတွင်းရှိ အများပြည်သူများအား လုံခြုံရေးသတိဖြင့် လုပ်ငန်းများလုပ်ဆောင်ကြစေရန်နှင့် ထူးခြားသည့်အခြေအနေများရှိပါက ချက်ချင်းသတင်းပို့ကြရန် တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။

     လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်မှူး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး၊ ကော့မှူးမြို့နယ်၊ ဌာနဆိုင်ရာများမှ ဦးစီးမှူးများ၊ ရပ်ကွက်ကျေးရွာများမှ ဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာများမှ စာရေးများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒသကြီးဦစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၃-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  ရန်ကုန်မြို့မှ စက်သုံးဆီဆိုင်များမှာ ဆိုရှယ်မီဒီယာပေါ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို အကန့်အသတ်ဖြင့် ဝယ်ယူနေရကြောင်း ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ မြေပြင်အခြေအနေကိုသိရှိနိုင်ရန်အတွက် စက်သုံးဆီပြတ်လပ်မှုနှင့် စက်သုံးဆီများ အကန့်အသတ်ဖြင့်ရောင်းချနေခြင်းရှိ/မရှိနှင့် စက်သုံးဆီလိုသလောက် ရောင်းချခြင်းရှိ/မရှိတို့ကို သက်ဆိုင်ရာဆိုင်မန်နေဂျာများနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ဆီများပြတ်လပ်ခြင်းမရှိကြောင်း၊း အကန့်အသတ်ဖြင့်လည်းရောင်းချခြင်းမရှိကြောင်းနှင့် ခွဲတမ်းရရှိမှုအပေါ်  လိုသလောက်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်ဈေးကွက်အတွင်းရှိ စည်သွပ်အစားအစာအမျိုးမျိုးကိုစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများသည် (၁၃-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊  ပုဇွန်တောင်ဈေးကွက်အတွင်းရောင်းချနေသော စည်သွပ်အစားအစာနှင့် စားသုံးဆီအမျိုးမျိုးတို့၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များနှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချ၍ ၎င်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကုန်စည်များကို သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။     

DOCA(ရန်ကုန်)

 

မုဒုံမြို့နယ်ရှိ ကုန်မျိုးစုံနှင့် စတိုးဆိုင်များတွင် အသင့်သောက်ကော်ဖီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၄-၁၁-၂၀၂၃) ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ  မုဒုံမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်နှင့်စတိုးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ မုဒုံမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်နှင့်စတိုးဆိုင်များ၌ ရောင်းချလျက်ရှိသော အသင့်သောက်ကော်ဖီအမျိုးမျိုးတွင် မြန်မာစာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အသင့်သောက်ကော်ဖီအမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့ရှိ စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁၁-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း၏ မုဒုံမြို့နယ်အတွက် (၈) ကြိမ်မြောက် ခွဲဝေရရှိထားသော စားအုန်းဆီများရောင်းချခြင်းကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက မုဒုံမြို့နယ်အတွက် (၈) ကြိမ်မြောက် ခွဲဝေရရှိထားသော စားအုန်းဆီ (၁၁)ပေပါ (၁၂၁၀ ပိဿာ)ကို ဦးကြိုင်းပွဲရုံမှထုတ်ယူခဲ့ပြီး ပြည်သူများအား ပြန်လည်ရောင်းချရာတွင် မွန်ပြည်နယ်အတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃-၁၁-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုလည်းကောင်း၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များ၊ တိုင်ကြားနိုင်သည့်လူပုဂ္ဂိုလ်၊ တိုင်ကြားနိုင်သည့်နေရာများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်မှုအဆင့်ဆင့်နှင့် ဥပဒေ၏တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုများကိုလည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News