ကမ္ဘာ့နိုင်ငံများတွင် ပလတ်စတစ်ထုတ်ကုန်များကို သုံးစွဲလာကြသည်နှင့်အမျှ ထိုထုတ်ကုန် များတွင် လူသားတို့၏ ကျန်းမာရေးနှင့်ဂေဟစနစ်များအတွက် အလွန်အန္တရာယ်ရှိသည့် အဆိပ်သင့် ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (Persistent Organic Pollutants, POPs) ပါဝင်နေပါသောကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ်အသိအမှတ်ပြုထားပါသည်။
အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှုများသည် အော်ဂဲနစ် (ကာဗွန် အခြေခံ) ဓာတုဒြပ်ပေါင်းများနှင့် ရောစပ်ထားသော အဆိပ်အတောက်ဖြစ်စေသည့် အရာ များဖြစ်ပြီး DDT ကဲ့သို့သော Organochlorine ပိုးသတ်ဆေးများ၊ စက်မှုသုံးဓာတုပစ္စည်းများ၊ Polychlorinated biphenyl(PCB) နှင့် စက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းစဉ်အတွင်း မရည်ရွယ်ဘဲ ထုတ်ကုန်များဖြစ်သည့် ဒိုင်အောက်ဇင် (Dioxins) ခေါ် Polychlorinated dibenzo-p-dioxins (PCDD)နှင့် dibenzofurons (PCDF) တို့ဖြစ်သည်။
ပလတ်စတစ်အမှိုက်များအား စနစ်တကျစွန့်ပစ်မှုမရှိခြင်း သို့မဟုတ် အလွယ်တကူ စွန့်ပစ် ခြင်းသည် ပတ်ဝန်းကျင်သို့ အဆိပ်သင့်ဓာတုပစ္စည်းများ ထုတ်လွှတ်စေခြင်းဆီသို့ ဦးတည်သွားစေနိုင် ပါသည်။ အချို့စွန့်ပစ်သည့် နည်းပညာများသည်လည်း မရည်ရွယ်ဘဲ ဖြစ်ပေါ်စေခြင်းနှင့် အဆိပ်သင့် ဓာတုပစ္စည်းများ ထုတ်လွှတ်ခြင်းသို့ ဦးတည်စေနိုင်ပါသည်။ တည်မြဲဓာတုညစ်ညမ်းမှု (POPs)သည် ဓာတုဗေဒဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနှင့် ဓာတ်ပြုမှုဖြစ်စဉ် (Photolytic process) များမှတဆင့် ချေဖျက်ခြင်းကို ခံနိုင်ရည်ရှိသော အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်ပါသည်။
ပလတ်စတစ် ထုတ်ကုန်ပစ္စည်းများသည် ကျွန်ုပ်တို့နေ့စဉ်ဘ၀၏ နေရာတိုင်းတွင် တွင်ကျယ် စွာအသုံးပြုကြပြီး မရှိမဖြစ်လိုအပ်သော ပစ္စည်းများဖြစ်သည်။ ပလတ်စတစ်ထုတ်ကုန်များတွင် လူတို့၏ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်အတွက် ဆိုးရွားသောအန္တရာယ်ဖြစ်စေသည့် အဆိပ်သင့်ဓာတု ပစ္စည်းနှင့် အန္တရာယ်ရှိသောအရာ အများအပြားပါဝင်သည်။ ပလတ်စတစ်အမှိုက်များကြောင့် မြေဆီလွှာညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။
ပလတ်စတစ်များကို အော်ဂဲနစ်ပိုလီမာများဖြင့် ဖွဲ့စည်းထားပြီး အမျိုးမျိုးသော လူသုံးကုန် ပစ္စည်းများအဖြစ် ရေသန့်ဘူးများ၊ အဝတ်အထည်များ၊ အစားအသောက်ထုပ်ပိုးခြင်း၊ ဆေးဘက် ဆိုင်ရာပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်း များ အစရှိသဖြင့် တွင်ကျယ်စွာအသုံးပြုလာကြပါသည်။ နှစ်စဉ် ပလတ်စတစ်ထုတ်လုပ်မှုမှာ တစ်ကမ္ဘာလုံးတွင် တန်ချိန် ၂၄၅သန်း ရှိသည်ဟု ခန့်မှန်းထားပါသည်။ ၂၀၁၅ ခုနှစ် ခန့်မှန်း တွက်ချက်မှုအရ ထုတ်လုပ်မှုနှုန်းမှာ အာရှတွင် ကမ္ဘာ့စုစုပေါင်းထွက်ရှိမှု၏ ၄၉% မှာ တရုတ်၊ ၂၈% မှာ မြောက်အမေရိကနှင့် ဥရောပမှာ ၁၉% ဖြစ်ပြီး ကျန်ဒေသမှာ ထုတ်လုပ်မှုအနည်းငယ်သာ ရှိသည်ဟု သုတေသနစာတမ်းများတွင် ဖော်ပြထားပါသည်။
ကမ္ဘာ့လူဦးရေ တိုးလာသည်နှင့်အမျှ ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်လာပြီး ပလတ်စတစ်အမှိုက်များသည်လည်း ပိုမိုများပြားလာသည်။ ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်အမှိုက်များကို ခွဲခြားစွန့်ပစ်မှုမရှိခြင်းကြောင့် ကုန်းမြေထုကို ညစ်ညမ်းမှု ဖြစ်စေပြီး မြေဆီလွှာနှင့်မြေအောက်ရေထဲသို့ အဆိပ်အတောက်ရှိသော ဓာတုပစ္စည်းများ စိမ့်ဝင် သွားခြင်း၊ စွန့်ပစ်အမှိုက်များ စုပုံလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အလှများ ပျက်စီးခြင်း၊ ရေနေ နှင့် သက်ရှိသတ္တဝါများ သေဆုံးမှုများပြားလာခြင်း၊ မိလ္လာရေဆိုးမြောင်းများ ပိတ်ဆို့မှုဖြစ်ခြင်းကို အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြုံတွေ့ရပြီး၊ ထိုအကျိုးဆက်ကြောင့် ခြင်နှင့်အခြားရောဂါပိုး ဖြစ်စေသော ပိုးများပေါက်ပွားခြင်း၊ အနံ့ဆိုးများထွက်ခြင်း၊ ရေစိမ့်ဝင်မှုလျော့နည်းစေခြင်းနှင့် စိုက်ပျိုးမြေဆီလွှာခမ်းခြောက်ခြင်း(လေသလပ်ခြင်း)ကြောင့် ကောက်ပဲသီးနှံအထွက်နှုန်း ကျဆင်း စေခြင်းများ ဖြစ်လာသည်ကို တွေ့မြင်နေရပြီဖြစ်ပါသည်။
ပုံမှန်အားဖြင့်သမုဒ္ဒရာများအတွင်း ရောက်ရှိနေသော ပလတ်စတစ်များသည် ဖွဲ့စည်းပုံပြိုကွဲ နေစဉ်အတွင်း ဓာတုအဆိပ်များ ရေထဲသို့ထုတ်လွှတ်ပြီး ရေနှင့်ရောနှောဝင်ရောက်လာသည်။ ထို့အပြင် ပလတ်စတစ်အပိုင်းအစများနှင့် ရေထုညစ်ညမ်းမှုတို့ကြောင့် အဏ္ဏဝါမျိုးစိတ် ၂၆၀ ကျော်၊ လိပ်၊ ကြောရိုးမဲ့များ၊ ပင်လယ်ငှက်များကဲ့သို့ သက်ရှိများနှင့် နို့တိုက်သတ္တဝါများမှ မြိုချမိခြင်း သို့မဟုတ် လှုပ်ရှားမှုအင်္ဂါများအား ရစ်ပတ်မိခြင်းများကြောင့် အသက်ရှူကြပ်ခြင်း၊ မျိုးပွားမှု လျော့နည်းစေခြင်း၊ အနာဖြစ်ခြင်းနှင့် အဆိပ်အတောက်များကြောင့် သေဆုံးခြင်းများ ဖြစ်စေခြင်း သည် ရေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်ကို ကမ္ဘာ့မီဒီယာများမှ ရိုက်ကူးထားခြင်းအား တွေ့မြင်နိုင် ပါသည်။
မြေပေါ်တွင် စွန့်ပစ်ထားသော ပလတ်စတစ်အမှိုက်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မီသိန်း တို့ကို လေထုထဲသို့ ထုတ်လွှတ်ခြင်းနှင့် စွန့်ပစ်အမှိုက်များ ဓာတ်ပြုမှုနှင့်ပြိုကွဲနေစဉ်တွင် မြေထုမှ တဆင့် စိမ့်ဝင်ခြင်းဖြင့် မြေအောက်ရေထဲသို့လည်းကောင်း၊ ထုတ်လွှတ်ခြင်းဖြင့် လေထုထဲသို့ လည်းကောင်း၊ ဝင်ရောက်လာခြင်းနှင့် ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်များ မီးရှို့ခြင်းဖြင့် သတ္တုများ၊ ဒိုင်အောက်ဇင် (Dioxins)၊ (Polychlorinated biphenyls, PCBs) ကဲ့သို့ ညစ်ညမ်းစေ သော အရာများကို ထုတ်ပေး၍ လေထုထဲသို့ ဝင်ရောက်ပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး ထိုညစ်ညမ်းလေများကို ရှူသွင်းမိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်ပါသည်။
ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများမှ ထွက်ပေါ်လာသော အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (POPs) များသည် လေနှင့်ရေစီးကြောင်းများဖြင့် သယ်ယူ ပို့ဆောင်နိုင်သောကြောင့် နိုင်ငံတစ်နိုင်ငံတွင် ထုတ်လုပ်သည့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများမှ အဆိပ်သင့်ဓာတုပစ္စည်း အများစုသည် ၎င်းတို့ အသုံးပြုသည့်နေရာနှင့် ဝေးကွာသောနေရာများထိ ရောက်ရှိနိုင်ပြီး လူနှင့်တိရစ္ဆာန်များကို ထိခိုက်စေနိုင်ပါသည်။ ထိုအဆိပ်သင့်ပစ္စည်းများသည် ပြိုကွဲ နိုင်မှုနည်းသည့်အတွက် ၎င်းတို့သည် လူများ၊ ရေနေနို့တိုက်သတ္တဝါများနှင့် အခြားတိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင်း အဆီအဖြစ်စုပုံနေပြီး မိခင်မှတဆင့် သန္ဓေသားသို့ ကူးစက်ပျံ့နှံ့ခြင်းနှင့် လေမှတဆင့် လည်း အသက်ရှူလမ်းကြောင်းသို့ ဝင်ရောက်ပြီး ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နိုင်ပါသည်။
အဆိုပါပလတ်စတစ်ထုတ်ကုန်များကြောင့် အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲ ဓာတုညစ်ညမ်းမှု (POPs) များကို ကျွန်ုပ်တို့၏ အစားအစာ၊ မြေဆီလွှာ၊ လေထုနှင့်ရေထုတို့၏ နေရာတိုင်းနီးပါးတွင်တွေ့ရပြီး ကမ္ဘာတစ်ဝှမ်းရှိ တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ အိမ်မွေး တိရစ္ဆာန်များနှင့် လူသားများအား ထိခိုက်စေနိုင်သော အဆင့် သို့မဟုတ် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် အဆိုပါအဆိပ်သင့်ဓာတုပစ္စည်း ပမာဏ အတော်အသင့် သယ်ဆောင်ထားပြီး ဖြစ်နေပါသည်။
ကျွန်ုပ်တို့သည် ဤဓာတုပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် ထိတွေ့လျက်ရှိကြသည်။ အဓိက အားဖြင့် ကျွန်ုပ်တို့ စားသောအစားအစာမှ တဆင့်သာမက ကျွန်ုပ်တို့ ရှူရှိုက်သောလေ၊ အိမ်တွင်း၊ အိမ်ပြင်နှင့် လုပ်ငန်းခွင်များတွင်လည်း ထိတွေ့နေရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုသည့် ထုတ်ကုန်ပစ္စည်းအများအပြားတွင် ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေ ရန် မီးလောင်မှု လျှော့ချပေးသော ဆေး သို့မဟုတ် Surfactants ကဲ့သို့ အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (POPs) များ ထည့်သွင်းအသုံးပြုထားခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကမ္ဘာမြေပေါ်ရှိနေရာတိုင်းတွင် တည်မြဲဓာတုညစ်ညမ်းမှုများ(POPs) ပါဝင်မှုများကို နည်းပညာရှင်များ၏ တိုင်းတာမှု သုတေသနစာတမ်းများအရ တွေ့ရှိနိုင်ပါသည်။
အပူချိန်မြင့်မားသော ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများအား ကြာရှည်စွာ အသုံးပြုခြင်းနှင့် ထိတွေ့စေသော အစားအစာ၊ အချိုရည်နှင့် ရေတို့၏ အတွင်းထဲသို့ အဆိပ်သင့် ဓာတုပစ္စည်းများ ဝင်ရောက်နိုင်သည်။ သက်ရှိတို့၏ အစာကွင်းဆက်တစ်လျှောက်တွင် ခန္ဓာကိုယ် တွင်း၌ စုပုံ (bio-accumulate)နေခြင်းကြောင့် အစာကွင်းဆက်မှာ အများဆုံးတွေ့ရပြီး လူ၏ ခန္ဓာကိုယ်တွင် အဆိပ်သင့်ဓာတုပစ္စည်းများ၏ အကျိုးဆက်များကို တွေ့ရှိနိုင်ပါသည်။ အချို့သော ဒြပ်ပေါင်းများနှင့် အခြားအခြေအနေများတွင် အဆိပ်သင့်ဓာတုပစ္စည်းပမာဏ နည်းသည့်တိုင်အောင် လူနှင့်ထိတွေ့မိပါက နာတာရှည်လည်ချောင်းနာခြင်း၊ အရေပြားရောဂါ၊ နားပင်းခြင်း၊ အမြင်အာရုံ ချို့ယွင်းခြင်း၊ အနာများ၊ အသည်းရောဂါ၊ အစာမကြေခြင်း၊ နှလုံးသွေးကြောဆိုင်ရာပြဿနာများ၊ ကင်ဆာရောဂါ၊ မျိုးပွားမှုဆိုင်ရာချို့ယွင်းခြင်း၊ ခုခံအားစနစ်ပြောင်းလဲခြင်း၊ အာရုံကြောဆိုင်ရာ ချွတ်ယွင်းခြင်း၊ ဟော်မုန်းဆိုင်ရာအနှောက်အယှက်ပေးခြင်း၊ မျိုးဗီဇဆိုင်ရာအဆိပ်သင့်ခြင်းနှင့် မွေးရာပါချို့ယွင်းချက်များ အပါအဝင် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများစွာကို ဖြစ်ပေါ်စေနိုင် သည့်အတွက် ပလတ်စတစ်များ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းတွင် သင့်လျော်သော စည်းမျဉ်း စည်းကမ်းများကို ကျင့်သုံးခြင်းသည် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် ပလတ်စတစ်၏ အဆိပ်သင့်ပစ္စည်းများ သက်ရောက်မှုကို လျှော့ချနိုင်ပါလိမ့်မည်။
သို့ဖြစ်ပါ၍ အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (POPs) သည် လူ့ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာသောကြောင့် ၎င်းကို ထိန်းချုပ်ရန် အတွက် ၂၀၀၁ခုနှစ် စတော့ဟုမ်းကွန်ဗင်းရှင်း (Stockholm Convention) အောက်တွင် စည်းမျဉ်း စည်းကမ်းများကို ချမှတ်ထားခဲ့ခြင်းဖြစ်ပါသည်။ စတော့ဟုမ်းကွန်ဗင်းရှင်းသည် အဆိုပါဓာတု ပစ္စည်းများ ထုတ်လုပ်မှုနှင့် သုံးစွဲမှုကို ဖယ်ရှားရန်အတွက် အစပိုင်းတွင် POPs အမျိုးအစား(၁၂)ခုဖြင့် စတင်၍ အမျိုးအစားအသစ်များကို နောက်ဆက်တွဲစာရင်းသွင်းထားရာ လက်ရှိတွင် POPs အမျိုးအစား (၂၆)ခု ပါဝင်ပါသည်။ ပထမအနေဖြင့် ကန့်သတ်ထားသောPOPs အမျိုးအစား (၁၂)ခု တွင် ပိုးသတ်ဆေး(၈)မျိုး (Aldrin ၊ Chlordane ၊ DDT ၊ Dieldrin ၊ Endrin ၊ Heptachlor ၊ Mirex နှင့် Toxaphene)၊ စက်မှုသုံးဓာတုပစ္စည်းအမျိုးအစား (၂)မျိုး (Polychlorinated biphenyls, PCBs နှင့် Hexachlorobenzene)နှင့် မရည်ရွယ်ထားသောထုတ်ကုန်များတွင်(ကလိုရင်းနှင့် ကလိုရင်းပါဝင် ပစ္စည်း ဒိုင်အောက်ဇင် (Dioxins) နှင့် Furans) တို့ဖြစ်သည်။ အဆိုပါ အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု(POPs)အမျိုးအစား (၁၂)မျိုး စလုံးသည် အလွန်နည်းသော ပမာဏတွင်ပင် ခန္ဓာကိုယ်၏ ဟော်မုန်းများကို အနှောက်အယှက်ပေးခြင်း၊ သားအိမ်အတွင်း အန္တရာယ်ဖြစ်စေခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ဖွံ့ဖြိုးမှုပြောင်းလဲစေခြင်း၊ မှတ်ဉာဏ်အားနည်းစေခြင်း၊ ရောဂါတိုက်ထုတ်ရန်နှင့် မျိုးပွားနိုင်စွမ်းတို့ကို ထိခိုက်စေနိုင်ပါသည်။
လက်ရှိတွင် အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်းမှု (POPs) ပါဝင်မှု ပမာဏကို တိုင်းတာ၍ လျှော့ချနိုင်ရန် ပလတ်စတစ်ထုတ်ကုန်များနှင့် ပြန်လည်အသုံးပြုခြင်းများ (Recycling materials)အတွက် ပလတ်စတစ်အမှိုက်များကို ကိုင်တွယ်ခြင်းနှင့် ပြန်လည်အသုံးပြု နိုင်မှုကို သုတေသနပြုလေ့လာပြီး POPs များကို သင့်လျော်သော စီမံခန့်ခွဲမှုအတွက် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပါသော်လည်း ကျွန်ုပ်တို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ မရှိသည့်အပြင် ပြည်သူအသိပညာပေးရေး ဆောင်ရွက်မှုများလည်း မရှိသေးပါ။
ပလတ်စတစ်ထုတ်ကုန်အသစ်များတွင် အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတု ညစ်ညမ်းမှု (POPs)များကို ယေဘုယျအားဖြင့် အသုံးမပြုထားသော်လည်း အသုံးပြုပြီးသော စွန့်ပစ် ပစ္စည်းများတွင် တွေ့ရှိနိုင်ပါသေးသည်။ ထိုအသုံးပြုပြီးသောစွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြု ပါက POPs များသည် ထုတ်ကုန်အသစ်များတွင် ပြန်လည်ဝင်ရောက်လာနိုင်သည်။ အထူးသဖြင့် လူသုံးကုန်ပစ္စည်းများနှင့်ဆက်စပ်နေပါက ကျန်းမာရေးကို ထိခိုက်စေပါသည်။ သို့ပါသောကြောင့် ပလတ်စတစ်ထုတ်ကုန်များ ထိန်းချုပ်ရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ အန္တရာယ်ရှိသော အဆိုပါဆက်စပ်ပစ္စည်းများအား ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ခြင်းမရှိခင်ကာလတွင် အဆိပ်သင့်ဓာတုပစ္စည်းများ သို့မဟုတ် တည်မြဲဓာတုညစ်ညမ်း မှု (POPs) ပါဝင်သောထုတ်ကုန်များ လျော့နည်းလာစေရေးအတွက် လက်တွေ့နည်းဖြင့် ပလတ် စတစ် အသုံးအဆောင်များအား ထပ်မံဝယ်ယူအသုံးမပြုဘဲ၊ ပြန်လည်အသုံးပြုခြင်း သို့မဟုတ် အစား ထိုးပစ္စည်းများအသုံးပြုခြင်းကို စားသုံးသူပြည်သူများမှ ကျင့်သုံးနိုင်ပါက အဆိုပါ ထုတ်ကုန်များ ထုတ်လုပ်မှုလျော့နည်းလာပြီး အဆိပ်သင့်ဓာတုပစ္စည်းများ ထုတ်လွှတ်မှု လျော့ပါးလာခြင်းနှင့်အတူ ပလတ်စတစ်အမှိုက်ပြဿနာများကို လျှော့ချနိုင်ခြင်းအားဖြင့် သက်ရှိသတ္တဝါများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း အသိပေးနှိုးဆော် လိုက်ရပါသည်။
CTQM