ပြည်တွင်းစားသုံးမှုပိုလျှံဖို့ ဂျုံစိုက်ပျိုးမှု မြှင့်တင်စို့
ဥရောပနိုင်ငံများ၏ အဓိကအစားအစာမှာဂျုံဖြစ်ပြီး၊ အာရှနိုင်ငံများတွင်အဓိကအစားအစာမှာဆန်/ စပါးဖြစ်ပြီး၊ ဂျုံကိုဖြည့်စွက်အစားအစာအဖြစ် စားသုံးကြပါသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာဂျုံကို စားသုံးကြပါသည်။ ဂျုံသီးနှံကိုဘီစကစ်၊ ပလာတာ၊ ထပ်တစ်ရာ၊ စမူဆာ၊ ခေါက်ဆွဲခြောက် အမျိုးမျိုး၊ပေါင်မုန့်၊ ပေါက်စီ၊ အသားပေါင်းအမျိုးမျိုး၊မြန်မာ့ရိုးရာအစားအစာအဖြစ် ဂျုံစေ့ကိုထန်းလျက်နှင့် အရည်ကျို၍ ဂျုံယိုအဖြစ်စားခြင်း၊ ဘေးထွက်ပစ္စည်းဖြစ်သည့် ဂျုံဖွဲအားနွားစာ၊ မြင်းစာ၊ ဝက်စာများအဖြစ် အသုံးပြုကြ ပါသည်။ အခွံမချွတ်ထားသည့် ဂျုံနှင့်လုပ်ထားသောပေါင်မုန့်၊ ခေါက်ဆွဲစသည့်စားသောက်ကုန်များတွင် ဗီတာမင် E ၊ B1၊ B2၊ B3၊ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ပရပ်စ်၊ ဇင့်၊ သံဓာတ် နှင့် အမျှင်ဓာတ် များပါဝင်၍ ဆီချိုရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ဂျုံသီးနှံကိုစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ဂျုံသီးနှံအမျိုးအစားမှာမုံရွာဂျုံဖြူ၊ ဇလုပ်ဂျုံဖြူ၊ V- 1287မျိုးတို့ဖြစ်ပါသည်။
ဂျုံသီးနှံသည် ရေစိမ့်ဝင်မှုကောင်းသောမြေ၊ နှုန်းမြေ၊ စနယ်မြေ၊ သဲနှုန်းမြေ၊ မြေနီ၊ စနယ်မြေနက်တို့ကို ကြိုက်နှစ်သက်ပြီးစပါးစိုက်ပျိုးသောမြေများတွင် ဦးစားပေးရွေးချယ်စိုက်ပျိုးသင့်ပါ သည်။ ဂျုံသည် အပူချိန်မြင့်မားမှုကိုမနှစ်သက်ဘဲအအေးကြိုက်သည့် သီးနှံဖြစ်ပြီး၊ အနိမ့်ဆုံးအပူချိန်(5 HC) မှ အမြင့်ဆုံးအပူချိန်(32ॱC)အတွင်းဖြစ်ထွန်းသော်လည်းသင့်လျော်ဆုံးအပူချိန်မှာ(5ॱHCမှ20 HC)ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် ဂျုံသီးနှံကိုဆောင်းရာသီအောက်တိုဘာ/ နိုဝင်ဘာ/ ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပြီး၊ အပင်သက် ရက်ပေါင်း(၁၂၀မှ ၁၄၅ထိ) ကြာမြင့်၍ ဒီဇင်ဘာ/ ဇန်နဝါရီ /ဖေဖော်ဝါရီ/ မတ်လများတွင်သီးနှံထွက်ပေါ်ပါသည်။တစ်ဧကလျှင် မျိုးစေ့(၁.၅တင်း မှ ၂.၅တင်း) အသုံးပြုနိုင်ပါသည်။ တစ်ဧကလျှင် ကျပ် (၂ သိန်း မှ ၂.၅သိန်းကြား) ကုန်ကျနိုင်ပြီး၊ တစ်ဧကအထွက်နှုန်းမှာ (၁၈တင်းမှ ၂၃တင်းကြား) ထွက်နိုင်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ခုနှစ်တွင် ဂျုံစိုက်ဧက(၁၆၃၃၅၅)၊ အထွက်နှုန်း(၂၁.၄၈) တင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် ဂျုံစိုက်ဧက(၁၁၉၂၇၁)၊ အထွက်နှုန်း(၂၁.၄၄)တင်းဖြစ်ပြီး၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဂျုံစိုက်ပျိုးရန် လျာထားဧက(၁၂၀၀၀၀)ဧကဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံကြိတ် ခွဲစက်(၅၄)စက်၊ ဂျုံခေါက်ဆွဲစက်(၄၀)စက်ရှိပါသည်။
မုံရွာမြို့နယ်တွင် ဂျုံစက်(၂၁)စက်ရှိပြီး ၊ မုံရွာမြို့ ဂျုံစက်များကြိတ်ခွဲရန်လိုအပ်သောဂျုံစေ့များသည် ဒေသထွက်ရှိမှုမလုံလောက်သဖြင့် တောင်ကြီး၊ အောင်ပန်းမြို့များမှ ဝယ်ယူကြိတ်ခွဲရပါသည်။ ဂျုံ၏တန်ဖိုးမြှင့်ထုတ်ကုန်မှာဂျုံမှုန့်ဖြစ်ပါသည်။ မုံရွာမြို့ ဂျုံစက်တစ်စက် တစ်ရက်လျှင်ပျမ်းမျှ ဂျုံတစ်တင်းခွဲဝင် အိတ်(၁၀၀)ခန့် ကြိတ်ခွဲထုတ်လုပ်နိုင်ပြီးဂျုံတစ်တင်းကြိတ်လျှင် ဂျုံမှုန့်(၁၆.၅)ပိဿာထွက်ရှိပါသည်။ မုံရွာမြို့ ဂျုံစက်များကထုတ်လုပ်သောဂျုံမှုန့်များကိုမန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဒေသများသို့ တင်ပို့ရောင်းချပါသည်။ ဂျုံမှုန့်သုံးစွဲမှုသည် ဒေသတွင်းထွက်ရှိမှုနှင့် မလုံလောက်သဖြင့် ပြည်ပ(အိန္ဒိယ)မှ ဂျုံမှုန့်များတင်သွင်းဝယ်ယူရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဂျုံတစ်တင်းပေါက်စျေးနှုန်းအနိမ့်/အမြင့်စျေးများမှာ ၂၀၁၈ခုနှစ် တွင် ဂျုံဖြူသန့် ၁၇ဝဝဝိ/-မှ ၂၀၅၀ဝိ/-။ ဂျုံအထွက်တိုး ၁၄ဝဝဝိ/- မှ ၁၉၅ဝဝိ/- စျေးပေါက်သဖြင့် တောင်သူအကျိုးအမြတ်မှာတစ်ဧကလျှင် ကျပ် ၁သိန်း ၅သောင့်ခန့်ရရှိပါသည်။ နှစ်စဉ် စစ်ကိုင်းတိုင်း အတွင်းဂျုံတန်ချိန်(၁.၅သိန်း မှ ၂သိန်း ကြား) လိုအပ်၍ တောင်သူများအနေဖြင့် စီးပွားရေး တွက်ခြေကိုက် သောဂျုံကိုပိုမိုစိုက်ပျိုးသင့်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သန်းသန်းတင်( မုံရွာ)