Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့ပေါ်ရှိ စားသောက်ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစား အသောက်ရောင်းချသည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထားဝယ်မြို့ပေါ်ရှိ စားမန်းဂီး စားသောက်ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။   

          အဆိုပါ စစ်ဆေးရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ် ဆတ်သန့်ရှင်းမှုရှိ/မရှိ၊အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ၊ ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ မြို့သစ်(၄)လမ်းနှင့်ရေးလမ်းရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ် ကင်းရှင်း စွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေ တွဲလျက် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါရှိမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက် ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   DOCA(တနင်္သာရီ)

“ငလျင်ဘေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေး”

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ၁၁-၄-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်၌ ငလျင်ဘေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေမှ ငလျင်နှင့်ပတ်သက်သော အကြောင်းအရာများ၊ ငလျင်လှုပ်နေစဉ် အတွင်း ဆောင်ရန်ရှောင်ရန်များအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ငလျင်ဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆွေးနွေးခြင်းအခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများပါဝင်တက်ရောက်ခဲ့ပြီး ကျောက်ဆည်၊ မြင်းခြံနှင့် မိတ္ထီလာခရိုင်များမှ ခရိုင်ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ ကြောင်း သတင်းရရှိခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁:၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ  MV-အာသာဝတီ ရေယာဉ်ဖြင့် ၂၀၂၅ခုနှစ်၊ မေလ(၁၆)ရက်နေ့တွင် သယ်ယူလာခဲ့သော ဆန်အိတ်များသည် ၂၀၂၅ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် မြိတ်မြို့ သို့ရောက်ရှိလာကြောင်း သိရှိရပါသည်။

   ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် MV-အာသာဝတီ ရေယာဉ်ဖြင့် သယ်ဆောင်လာသော ဆန်တန် (၃၅၀)၊ အိတ်ရေ(၇၀၀၀)အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သရက်မြို့၌ အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး၊ ဒေါ်ရီရီထွေးသည် (၉-၄-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် သရက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဟောပြောပွဲတွင် ဒုတိယဦးစီးမှူးက  စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လည်းကောင်း၊ Consumer Call Center Hotline (1535) သို့လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံး၌လည်း ၂၀၂၅ခုနှစ်၊ မတ်လမှ စတင်၍   စားသုံးသူသတင်း ပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေး စင်တာ(CICC) ကို ဖွင့်လှစ် ထားရှိပြီးဆက် သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)

 

မြိတ်မြို့ပေါ်ရှိဘိလပ်မြေအရောင်းဆိုင်များကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ပူးပေါင်းဌာနများ ဖြစ် သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ဖြင့် (၂၀.၅.၂၀၂၅)ရက်နေ့၊ နံနက်(၈း၃၀)အချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချနေသော ဘိလပ်မြေစျေးနှုန်းအခြေအနေများနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘိလပ်မြေအရောင်းဆိုင်များ၌ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း နှင့် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စျေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချ ခြင်းမပြုရန် ရှင်းလင်းပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဇင်ဇင်း အမှတ်တံဆိပ် ဇီးယိုလုပ်ငန်းရှင်သို့ ကွင်းဆင်းအသိပညာပေးနှင့် ကုန်ကြမ်းသုံးစွဲမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် အကျိုးအမြတ်ရရှိမှု

   စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် (၂၀.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀)နာရီတွင် မြိတ်မြို့၊ ပန်းပဲဖိုလမ်း၊ ကြောင်ငယ်ရပ်ရှိ ဇင်ဇင်း အ မှတ်တံဆိပ် ဇီးယိုလုပ်ငန်းရှင်သို့ ကွင်းဆင်းတွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ် ချက်များပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   ဇင်ဇင်း အမှတ်တံဆိပ် ဇီးယိုလုပ်ငန်းရှင် ဒေါ်အေးသန်းမှ ဇီးယို တစ်ဒယ်ယိုထိုးပါက ဇီးသီး(၅) ပြည်၊ ဓနိပျားရည်တစ်ပိဿာ၊ ဆား၊ မဆလာနှင့် ငရုတ်သီးမှုန့်တို့သုံးစွဲရကြောင်းနှင့် ဇီးသီး(၁)ပြည် လျှင်(၁၅၀၀)ကျပ်၊ ဓနိပျားရည်တစ်ပိဿာ(၆၅၀၀)ကျပ်တို့ဖြင့် အရင်း(၁၄၀၀၀)ကျပ်ကုန်ကျပြီး ကုန် ချော ဇီးယို(၂)ကျပ်သားထုပ် (၂၀၀)ထုပ်ခန့်ထွက်ရှိပြီး ဇီးယို(၂)ကျပ်သား (၁)ထုပ်လျှင် (၁၅၀)ကျပ် ဖြင့် လက်ကားပြန်လည်ဖြန့်ဖြူးပေး၍ (၃၀၀၀၀)ကျပ်ရရှိကာ ဇီးယို(၅)ပြည် တစ်ဒယ်လျှင် အမြတ် (၁၆၀၀၀)ကျပ်ရရှိကာ မိသားစုစားဝတ်နေရေးအတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက် ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆေးဆိုင်များ၌ ကွင်းဆင်း စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ် ၊ ဧပြီလ (၂၃) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင်  လွိုင်ကော်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ ရောင်းချနေသော ဆေးဆိုင်များ၌ ဆေးဝါးများပြတ်လတ်မှု၊ သိုလှောင်ထားခြင်း၊ အဆမတန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း  ရှိ/မရှိနှင့်  မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းကို  သက်ဆိုင်ရာမိတ်ဖက်ဌာနများ နှင့်ပူးပေါင်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။  

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် ဆေးဆိုင်များ၌ ရောင်းချ နေသော အိမ်သုံးဆေးဝါးများသည် ဆေးများပြတ်လပ်မှု မရှိသည့်အပြင် ဆေးဝါးများအား ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း၊  မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ၂/၂၀၁၉ ကုန်အညွှန်းအမှတ်အသားပါ အချက်များ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော  စာသားများပါ ကိုက်ညီမှုရှိတဲ့ဆေးဝါးများသာ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

မြိတ်မြို့ပေါ်ရှိစားသောက်ဆိုင်များတွင် စားသုံးသူများ‌ဘေးကင်းစေရေးကွင်းဆင်းစစ်ဆေး

       မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးကင်းလုံခြုံစေရေးအတွက် ၂၀၂၅ ခုနှစ်၊ မေလ(၂၀)၊ ရက်နေ့တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ သာကေတရပ်၊ သဲကွင်း(၃) လမ်းရှိ Lucky Moon စားသောက်ဆိုင်သို့ သွားရောက်၍ စားသုံးသူများဘေးကင်းစေရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စားအသောက် ပြုပြင်ရောင်းချသည့် နေရာများ၊ သန့်ရှင်းသန့်ရပ်မှု အခြေအနေများအားစစ်ဆေးခဲ့ပြီး  စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန် ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအားလုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးရမည်ဖြစ်ကြောင်းနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊အရွယ်အစား (size) ပမာဏအလိုက် ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူ‌ရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကုန်သွယ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀.၅.၂၀၂၅ ရက်နေ့ နံနက် ၁၁:၀၀ အချိန်တွင်  ကော့သောင်းမြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV အရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV အရောင်းဆိုင် များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များအား ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ၊ စားသုံးသူများအား ရောင်းချရာတွင် မှန်ကန်မှုရှိ/မရှိ စသည်တို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ