Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁.၂.၂၀၂၆)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့်ဆီအသင်းရုံးခန်း၌ ဟင်္သာတခရီုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဆီလက်ကားကိုယ်စားလှယ်များအား  ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူလက်ဝယ်ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင် ရွက်ရန်နှင့်ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေး   နွေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ် ရေးဥပဒေပြဌာန်းချက်ပါကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်း အမှတ် အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ   လိုက်နာရမည့်  တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်  ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လိုက်နာဆောင်ရွက် သွားရန် အသိပညာပေး ဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊လက်ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများ သို့ ကျယ်ကျယ် ပြန့်ပြန့် လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ဧရာဝတီ)

ဆန်ရောင်းချမှုအခြေအနေများနှင့် ဆန်စက်သိုလှောင်ရုံများရှိ စပါး/ဆန်လက်ကျန် မြေပြင်စိစစ်ကောက်ယူခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် MyRo တွင် မှတ်ပုံတင်ထားရှိသည့် ဆန်စက်/သိုလှောင်ရုံများရှိ စပါး/ဆန်လက်ကျန် မြေပြင်စိစစ်ကောက်ယူခြင်းနှင့် ဇလွန်မြို့နယ်အတွင်းရှိ ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းရာတွင် MyRo တွင် မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအားဆွေးနွေးခဲ့ပြီး၊ ဇလွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)ဆန်များကို ဒေသတွင်းထွက်ရှိမှုမှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေ အတွက် များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဧည့်မထဆန်တစ်အိတ်လျှင် ၄၉၀၀၀/- ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ရန်ကုန်အရောက် ၅၁၀၀၀/- ကျပ်ဖြင့်‌ရောင်းချလျက်ရှိပါသည်။ ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက်  ဈေးကစားရန်အလို့ငှာဆန်များ သိုလှောင်ထားခြင်းမပြုရန် လိုက် နာမှု မရှိပါက ဥပဒေအရအရေးယူခံရမှာ ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၂၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

        စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၀  ရက်နေ့မှ ၂၆  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၆,၂၅၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ကျောက်တံခါးမြို့နယ်၊ ကန်ဒူးကျေးရွာ အ.မ.က (လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

             ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂၇.၁.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ကန်ဒူးကျေးရွာ၊ အ.မ.က (လွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

              ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ကန်ဒူးကျေးရွာ၊ အ.မ.က (လွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၈ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၂၂၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်အတွင်းရှိ အွန်လိုင်းဖြင့် ရောင်းချသော လုပ်ငန်းအား ကွင်းဆင်း စစ်ဆေး

                 ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိတို့ကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ  ၅.၁.၂၀၂၆ ရက်နေ့၌ ညောင်လေးပင်မြို့နယ်ရှိ  အွန်လိုင်းလုပ်ငန်းတစ်ခုအား သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

              ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်၊ မြို့မ (၁) ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ MNM fashion အွန်လိုင်း အမည်ဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ချိရေး ကို မှတ်ပုံတင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လျှောက် လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ ရောင်းချရန်တင်ပြထားသော ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချရန်၊ လျှောက်လွှာတွင် ဖြည့်သွင်းထားသည်များနှင့် မကိုက်ညီလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို ဟောပြောရှင်းပြခဲ့ကြောင်း သတင်း ရရှိပါသည်။ “ MNM fashion ” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း ဖြန့်ချိရေးသည် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ၊ အထည်အလိပ်များကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA( ပဲခူး)

“ခရမ်းမြို့နယ်ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

          ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဆန်ဈေးနှုုန်းကြီးမြင့်မှုမရှိစေရေးနှင့် ပစ္စည်းမှန်ဈေးနှုန်းမှန်ကန်မှုရှိပြီး ဝယ်ယူသည့် ကုန်စည်သည် ပေးချေလိုက်ရသည့်တန်ဖိုးနှင့်အညီ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ(၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်နှင့် ဒေါ်သောင်းသောင်း ဆန်ဆိုင်တို့တွင် ရောင်းချနေသောဆန်ချော၊ ဆန်ကြမ်းများ၏ (၁) အိတ်ဈေးနှုန်း၊ (၁) ပြည် ရောင်းချနေသော လက်လီဈေးနှုန်းများအား စစ်ဆေးခြင်း၊ ဆန်များအား ဝယ်ယူသည့် ဒေသ၊ နေရာများ၊ ဝယ်ယူဈေးနှုန်းများအား စစ်ဆေးခဲ့ကြပြီး ဆိုင်ရှင်များအား ဆန်များကို သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အလေးချိန်၊ အချိန်အတွယ် မှန်ကန်မှုမရှိဘဲ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ထိုသို့ ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိခဲ့ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ အားကွင်းဆင်းစစ်ဆေးခြင်း ”

            စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက် ရောက်ပြီးကုန်စည်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဈေးကွက်စောင့် ကြည့်စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မ ဈေးအတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးရောင်းချသောဆိုင်များအား ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များနှင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုမရှိစေရေးတို့ကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြပြီး ရောင်းချသောဈေးဆိုင်ပိုင်ရှင်များအားလည်း စစ်ဆေးခဲ့သောအချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

   ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌ ‌ဒေါ်ဆွမ်လွတ်ဇယ်လမ်း(အကြီးတန်းစာရေး)ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပါဝင်သောအဖွဲ့ သည် ၁၈-၂-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ စားသုံးသူပြည်သူ(၂၃)ဦး နှင့် တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင်‌ ဒေါ်ဆွမ်လွတ်ဇယ်လမ်း(အကြီးတန်းစာရေး) က စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူ ရာတွင် တွေ့ရှိရသည့်အားသာချက်၊ အားနည်းချက်များ၊အွန်လိုင်းမှလိမ်လည်မှုပုံစံအမျိုးမျိုး၊ စားသုံးသူ များအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူရာတွင်  စိစစ်သင့်သည့် အချက်အလက်များ၊ မှတ်ပုံတင်ထားသော အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလာဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌  နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်‌နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ အား Onlineမှတဆင့် ဝယ်ယူခြင်းမပြုရန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော Online Shopများတွင်သာ ကုန်ပစ္စည်းဝယ်ယူကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပ‌ဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                   ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော စတိုးဆိုင်၊ ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မိမိတို့ ရောင်းချနေသော လုပ်ငန်းမှ တရားမဝင်ကုန်စည်များ ရောင်းချမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း ဆပ်ပြာရည်အမျိုးမျိုးနှင့် ဆပ်ပြာခဲအမျိုးမျိုးတို့အား နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်   သက်ဆိုင်ရာ စည်/ပင်ဌာနနှင့် ပူးပေါင်းပြီး  ဖေဖော်ဝါရီလ  ဒုတိယပတ်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

              အဆိုပါအဖွဲ့သည်   ဈေးကွက်အတွင်း  စတိုးဆိုင်၊ ကုန်မျိုးစုံ ရောင်းချနေသော ဈေးဆိုင်များ အား ဆပ်ပြာရည်အမျိုးမျိုးနှင့် ဆပ်ပြာခဲအမျိုးမျိုးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အ ညွှန်းအမှတ်အသား ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေး၊    တရားမဝင်ကုန်စည်များ ရောင်းချမှုမရှိစေရေး နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  သက်ဆိုင်ရာ စည်/ပင်ဌာနနှင့် ပူးပေါင်းပြီး ဈေးကွက်အတွင်း ရောင်းချနေသော ဈေးဆိုင်များအား ကွင်းဆင်းခြင်း၊   တရားမဝင် ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများနှင့် စပ်လျည်း၍ အသိပညာပေးခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

DOCA( ပဲခူး)

စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၈-၂-၂၀၂၆ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့များ၊ ရွှေလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ရွှေပန်းတိမ်းလုပ်ငန်းရှင် (၁)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်နှင့်တာဝန်များ၊ ကုန်စည်၏ အရည် အသွေး၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်းစသည့် အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်ကိုသာ ဈေးကွက်အတွင်းရောင်းချရန်၊ ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းဝယ်ခြင်းပြုလုပ်ရန်၊ ပြည်တွင်းရွှေဈေးကွက် အတွင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ရောင်းဝယ်မှုများမပြုလုပ်ရန်၊မိမိကုန်ပစ္စည်းအား မဖြစ်နိုင် သည့် ကြော်ငြာများဖြင့်စားသုံးသူအား မက်လုံးပေး၍ အရောင်းမြှင့်တင်ခြင်းများမပြုလုပ်ရန်နှင့် ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်းနှင့်စားသုံးသူ ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ