Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားတက်ရောက်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ၁၂-၁၀-၂၀၂၅ ရက်နေ့ နံနက် (၉)နာရီအချိန်က ထီကွေ့ကျေးရွာအုပ်စု၊ တောင်သူ ဦးဝင်းနိုင်၏ ကွင်းအမှတ် (၇၀)၊ ဦးပိုင်အမှတ် (၂/၁)၊ အောင်နိုင်တိုးစပါး မျိုးစံပြကွက် လယ်မြေ၌ ကျင်းပသည်။

    အဆိုပါအခမ်းအနားသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများက တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ အစိုတင်း (၁၁၈.၁၇)တင်း၊ အခြောက်တင်း (၁၀၂)တင်း ထွက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“အွန်လိုင်းအသုံးပြု၍ စားသုံးသူရေးရာဟောပြောပွဲ ကျင်းပပြုလုပ်”

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ စက်တင်ဘာလ(၂၆) ရက်နေ့တွင် အွန်လိုင်းအသုံးပြု၍  စားသုံးသူရေးရာဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်း နှင့်စပ်လျဉ်း၍ အွန်လိုင်းမှတ်ပုံတင်ရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူရာတွင် အားနည်းချက် အားသာချက်များ၊ မှတ်ပုံတင်ရမည့် ကုန်စည်/ဝန်ဆောင်မှု အမျိုးအစားများ၊ လိမ်လည်မှု အမျိုးအစား(၂)မျိုး၏ အကြောင်းအရာများ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် စားသုံးသူများ၊ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ အွန်လိုင်းဖြင့် ရောင်းချပါက www.doca.ecomreg.gov.mm သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း၊  မှတ်ပုံတင် လျှောက်ထားမှု မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူခံရ မည်ဖြစ်ကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့်  တာဝန်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ပြောကြားခဲ့ကြောင်း၊ ၎င်းဟောပြောပွဲသို့ လုပ်ငန်းရှင်(15)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

 

 

ဓနုဖြူမြို့နယ် Gasifier ဆန်စက်များအား ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ၁၀-၁၀-၂၀၂၅ ရက်နေ့  ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတိုမှ ပူးပေါင်း၍ ဓနုဖြူမြို့နယ် အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက် ၁၈ စက်မှ  ဆန်စက် ၁၂စက် တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအထူးအလေးထားဆောင်ရွက်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး စစ်ဆေးပြီး ဆန်စက်တာဝန်ခံများကို ဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ငန်းများ ဆောင်ရွက်ရေး၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် Gasifier ဆန်စက်များအား ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ (၉.၁၀.၂၀၂၅) နံနက် (၁၁:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊  ဆန်စက်များသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးနှင့် Gasifire အသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်အနေဖြင့် Gasifire အသုံးပြုနေမှုဆန်စက် ၁၈ စက်ရှိပြီး  MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်ထုတ်လုပ်မှုနှင့် ပက်သက်၍ အရည်အသွေးပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ ၊ ဆန်စပါးလက်ရှိ ထွက်ပေါ်နေမှု ဈေးနှုန်း ဈေးကွက် အခြေအနေ၊ ဈေးကွက်အတွင်း ကြိတ်ခွဲထုတ်လုပ်ရောင်းချတင်ပို့နိုင်မှု အခြေအနေတို့ကိုစစ်ဆေးခဲ့ သည်။ Gasifire အသုံးပြု၍ ဆန်စက်လည်ပတ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အထူးအလေး ထားဆောင်ရွက်ရန် ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လည်ပတ် မောင်းနှင်ရန်၊ Gasifire စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေ၊စပါးခွံ ဂိုဒေါင်များ စနစ်ကျစွာ ဆောက်လုပ်ထားမှုရှိ/မရှိ တို့ကို ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ်ဘာသာရပ် မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

    အောက်တိုဘာလ ၁၀ရက် နေ့တွင်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တ္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်သည့်  ပုသိမ်တက္ကသိုလ်ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်တက္ကသိုလ်မှာရှိသော ဘာသာရပ်ဌာန ၁၆ခုမှ သင်ကြားပို့ချနေသည့် အထူးပြုဘာသာရပ်၂၀ အား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အကျဉ်းချုပ်ဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဝါသနာနှင့်ကိုက်ညီသည့် ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်ကြမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေးအပေါ်မူတည်၍ စဉ်ဆက်မပြတ် အတန်းစဉ် ကူးပြောင်းရှိစေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်မှ ဘာသာရပ် တစ်ခုခုဖြင့် ဘွဲ့ရရှိသည့်အခါ အလုပ်အကိုင်ရရှိရန်အတွက် ရွေးချယ်ပိုင်ခွင့် အခွင့်အလမ်းများလည်း ပိုမိုများပြားလာမည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့် ဝန်ထမ်းဦးရေအား တိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှ ဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်မှ ဘာသာရပ်အသီးသီးကို လေ့လာဆည်းပူးပြီးဘွဲ့ရလူငယ်မောင်မယ်များအနေဖြင့် အိုးမကွာအိမ်မကွာ အလုပ်အကိုင်များရရှိတော့မည်ဖြစ်ပါကြောင်းအမှာစကားပြောကြားပြီး တက္ကသိုလ်ဆရာ၊ ဆရာမများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်များအလိုက် သင်ကြားပို့ချမှုအခြေအနေများနှင့် အကျိုးကျေးဇူးများအကြောင်း အကျဉ်းချုပ်ဆွေးနွေးပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးအသင်းများအား ကြိုဆို မိတ်ဆက်ခြင်းအခမ်းအနားတက်

     အောက်တိုဘာ၁၀ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်း ဒေသကြီး၊ကချင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးအသင်းများအား ကြိုဆို မိတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

   ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊  မိမိတို့ တိုင်းဒေသကြီးတွင် လာရောက်ယှဉ်ပြိုင်ကြသော အားကစားသမားများအတွက် အားကစားကွင်းများ၊ အိပ်ဆောင်များ၊ ရေချိုးခန်းများ၊ စားဖိုဆောင်များ သန့်ရှင်းသပ်ရပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်မှုမရှိစေရေး အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအား အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာဖြင့်ယှဉ်ပြိုင်ကာ အောင်ပွဲများရရှိအောင်ကြိုးစားကြစေ လိုကြောင်း ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု ဘောလုံးအသင်းများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီးနောက် အားကစားသမားများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

“ကျောက်ဆည်ခရိုင်အတွင်း စားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင်များအား Software Application ထည့်သွင်းခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ခြင်း”

        စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ စက်တင်ဘာလ (၂၆) ရက်နေ့တွင် Capital Connect Limited (CTZPay) နှင့်ပူးပေါင်း၍ ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီ ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် လက်လီအရောင်းဆိုင်များအား စားသုံးဆီများစနစ်တကျ ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ် (Edible Oil System) Software ရေးသွင်းခြင်းအား ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှေးဦးစွာ Capital Connect Limited (CTZPay)  မှ မြို့နယ်အရောင်း မန်နေဂျာ ဦးရဲသန်းထွေးက စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်သည့်စနစ် (Edible Oil System) နှင့်စပ်လျဉ်း၍ Video Clip ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ကြောင်း၊ Software Application များအား လက်လီအရောင်းကိုယ်စားလှယ်များသို့ ထည့်သွင်းပေးခဲ့ကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လက်လီကိုယ်စားလှယ် (၅၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စားသုံးသူကာကွယ်ပေးရေးအသိပညာပေး Talk Show ပြုလုပ်”

               ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၂၅)ရက်နေ့တွင် မြစ်သားမြို့ လူထုအခြေပြု Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးများရှိကြောင်း၊ စီးပွားရေး လုပ်ငန်းများမှလည်း လုပ်ငန်းရှင်များ၏ တာဝန်များလည်းရှိ ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်း ဖော်ပြရ မည့်အချက်များ၊ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

“Consumer Call Center (1535) အကြောင်းအသိပညာပေး Talk Show ပြုလုပ်”

        ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၂၅)ရက်နေ့တွင် ကျောက်ဆည်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ Consumer Call Center (1535) အကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းက Consumer Call Center (1535) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ဆန်စပါးမှတ်ပုံတင်ခြင်း My RO ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်”

      ကျောက်ဆည်ခရိုင်မြို့ ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၂၅)ရက်နေ့တွင် မြစ်သားမြို့ လူထုအခြေပြု Community Center ခန်းမ၌ ဆန်စပါး မှတ်ပုံတင်ခြင်း My RO ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်က ဆန်စပါးမှတ်ပုံတင်ခြင်း My RO နှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က My RO နှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို (၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာ စာအမှတ်(၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန် (၂၅) တန်နှင့် အထက်(သို့မဟုတ်)စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ် ကြောင်း၊ မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအား စာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်း လိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့်ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင်သက်ဆိုင်ရာ အစိုးရ ဌာနက ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းပေး နိုင်ရေးနှင့် လစဉ်၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ပြုလုပ်နိုင်ရေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ