Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၀-၈-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No. 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကိုအသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မြိတ်မြို့သို့ စားအုန်းဆီများရောက်ရှိလာမှုအား ကွင်းဆင်း

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီ ၇၈ ပေပါ (သို့) ပိဿာ ၈၅၈၀ သည် ရန်ကုန်မြို့မှ 6M-3886 မော်တော်ယာဥ်ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ (၂၁-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၌ ပေါင်မုန့်၊ ကိတ်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က ဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စုစုပေါင်း(၁၂)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      ထိုသို့ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များ၊  အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် မှတ်ပုံတင်လျှောက်ထားရမည့်အကြောင်းများသိရှိလာခြင်း စသည့်အကျိုးကျေးဇူးများရရှိလာနိုင်ကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသင်းအဖွဲ့များ အားကောင်းခိုင်မာလာစေရေးအတွက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ (၂၃-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုခရိုင်နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပတ်လျှင်တစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ စားသုံးဆီ လက်လီ/ လက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကိုသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ Website၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Pageတို့တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည့်အကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်၍မရကြောင်း၊  စားသုံးသူပြည်သူများက သတ်မှတ်ဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူးက  စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ် ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင်များတွင်   ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကိုမေးမြန်းခဲ့ရာ CROWN အမှတ်တံဆိပ် 525 အမျိုးအစားတစ်မျိုးတည်းသာရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးနှုန်းအနေဖြင့် CROWN အမှတ်တံဆိပ် 525 အမျိုးအစားတစ်အိတ်လျှင် ကျပ်၁၈၅၀၀ဈေးနှုန်းဖြင့် လက်ကျန်အခြေအနေ (၃၅၀)အိတ်ရှိပြီး ဈေးနှုန်းအတက်/အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ကုန်ပစ္စည်းလက်ကျန်ရှိကြောင်း ဩဂုတ်လ၊ တတိယအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုဩဂုတ်လ နောက်ဆုံးပတ်တွင် ယခင်အပတ်အတိုင်း ဘိလပ်မြေဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များ ထုတ်လုပ်လာနိုင်ရေး ကွင်းဆင်းအသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့ သည် ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များကို ထုတ်လုပ်ရောင်းချနိုင်စေရန် ရည်ရွယ်၍ (၂၁.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ပခုက္ကူမြိုု့ပေါ်ရှိ"သန့်စင်" မြေပဲဆုံဆီ၊ “ဌေးရတနာ” နံကင်းမုန့်၊ “မေမေ”နှင့်  “ခိုင်ခိုင်မော်” ကိတ်မုန့်လုပ်ငန်းရှင်များသို့ သွားရောက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

   ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက တာရှည်ခံဆေးများ၏ ဆိုးကျိုးများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ " သန့်စင် " မြေပဲဆုံဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်း/ဈေးကွက်များ မေးမြန်းဆွေးနွေး

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်  ပြည်တွင်း MSME ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ (၂၁.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန် တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ “ သန့်စင်” မြေပဲဆုံဆီ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းခဲ့ကြောင်း သိရသည်။

      မြေပဲဆုံဆီလုပ်ငန်းကို လွန်ခဲ့သော (၂)နှစ်ခန့်မှ စတင်လုပ်ကိုင်ကြောင်း၊ သန့်ရှင်းမှု အကောင်းဆုံးဖြင့် မိမိကိုယ်တိုင်ဦးစီး၍လုပ်ကိုင်ကြောင်း၊ မြေပဲဆံကို ပခုက္ကူမြို့ပေါ်ရှိ မြေပဲပွဲရုံများမှ ဝယ်ယူကြောင်း၊ တစ်ပိဿာလျှင် ကျပ်(၁၁၅၀၀)ဝယ်ယူရပြီး ဆုံ(၁)ဆုံကို မြေပဲဆံ(၅)ပိဿာထည့်၍ ကြိတ်ရကြောင်း၊ တစ်ဆုံလျှင် မြေပဲဆံ အမျိုးအစား ပေါ်မူတည်၍ (၂)ပိဿာ မှ (၂.၂၅)ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းမှာ မြေပဲဆုံဆီ (၁)ပိဿာလျှင် ကျပ် (၂၂၀၀၀) ရောင်းချကြောင်း၊ ဈေးကွက်မှာ ယခင်က ရန်ကုန်၊ နေပြည်တော်၊ မိုးကုတ်မြို့သို့ တင်ပို့ရောင်းချပြီး ယခုအချိန်တွင် ပခုက္ကူမြို့ပေါ်နှင့် အနီးတစ်ဝိုက်သာ ရောင်းချရကြောင်း၊ တစ်လလျှင် ပျမ်းမျှပိဿာချိန် (၃၀)ပိဿာ ခန့်သာ ရောင်းရပြီး (၅၀)ကျပ်သား နှင့် (၁)ပိဿာ ဘူးများ  အများဆုံး ရောင်းရကြောင်း၊ လျှပ်စစ်မီးလာသည့်အချိန်မှသာ ကြိတ်ခွဲရသောကြောင့် အမှာရှိသလောက် မတင်ပို့နိုင်ကြောင်း၊ ကြိတ်ခွဲခ အနေဖြင့် တစ်ဆုံလျှင် ကျပ်(၂၀၀၀)ယူကြောင်း၊  ကြိတ်ပြီးသော မြေပဲဖတ်များကို တိရိစ္ဆာန် အစာဖြင့် အိမ်သို့လာရောက်ဝယ်ယူကြပြီး တစ်ပိဿာလျှင် ကျပ်(၅၈၀၀)ဖြင့် ပြန်လည် ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့်  မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်သောကြောင့် စားဝတ်နေရေး အဆင်ပြေပါကြောင်း လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

 

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရေး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ရည်ရွယ်၍ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီရောင်းဝယ်ရေးဆိုင်များသို့  (၂၁.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချလျက် ရှိသော Goody၊ Meizan ၊ Good Choice၊ Duck အဆင့်မြင့်စားအုန်းဆီ၊ ဟင်းသီးဟင်းရွက်ဆီတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဘူးသွပ်စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မကွေး)

 

 

မအူပင်မြို့နယ်ပေါ်ရှိ စားဆီရောင်းချသော ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  မအူပင်မြို့နယ်တွင် (၂၂-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်၌ ခရိုင် FDA၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မအူပင်မြို့ စားဆီရောင်းချသောဆိုင်(၇)ဆိုင်မှ ဆီဈေးနှုန်းနှင့် အမှတ်တံဆိပ်ပါ ဆီဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးက အမှတ်တံဆိပ်ပါ ဆီဘူးများရောင်းချသော ဆီဈေးနှုန်းများကို မေးမြန်းစစ်ဆေးခြင်း၊ လုပ်ငန်းရှင်တို့ရောင်းချနေသော အမှတ်တံဆိပ်ပါ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ ဆီဘူးများအားစစ်ဆေးခြင်း၊ စားသုံးသူပြည်သူများနစ်နာဆုံးရှုံးမှုဖြစ်စေမည့်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များရောင်းချခြင်းကိုရှောင်ကြဉ်ကြရန်၊ စားသုံးဆီများကို ဖြန့်ဖြူးရောင်းချရာတွင်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးမြှင့်ရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုလုပ်ကြရန်၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အပတ်စဉ် ကွင်းဆင်းစစ်ဆေးသည့်အခါ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ၅၏ ပြစ်မှုပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိချမှတ်နိုင်ကြောင်းကို လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

သရက်မြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် အလှကုန်ပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂.၈.၂၀၂၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့ မြို့မစည်ပင်သာယာဈေးအတွင်းရှိ မုန့်မျိုးစုံရောင်းချသည့်ကုန်စုံဆိုင်များနှင့် ရွှေဘုံသာရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ ဈေးရပ်ကွက်ရှိ အလှကုန်စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များရောင်းချခြင်းရှိ/မရှိ  ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ကုန်စုံဆိုင်များနှင့် အလှကုန်ပစ္စည်းဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားမဝင်တင်သွင်းလာသောကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမထားသောကုန်စည်များအား ဆိုင်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ