Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ”

  ဇူလိုင်လ(၁၈)ရက်နေ့တွင် စားသုံးသူ‌ရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီ ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်လုပ်ငန်းရှင် များနှင့်တွေ့ဆုံခဲ့ကြောင်း ၊ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်ဦးစီးမှူးက ပြောကြားရာတွင် ကျောက်ဆည်ခရိုင်အတွင်း လက်ကားကိုယ်စားလှယ်များ ၊ လက်လီအရောင်းဆိုင်များ အနေဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများသို့ တိုက်ရိုက်ရောင်းချစေရေး ၊ ဆီအရောင်းဆိုင်များထဲမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အဖွဲ့ဝင်များက အိမ်ထောင်စုများအတွက် စာအုပ်များဖြင့် ဆီထုတ်ယူရာတွင် ရပ်ကွက် ၊ ကျေးရွာ ကိုယ်စားပြု တစ်ဦးတစ်ယောက်ထဲ ဝယ်ယူ ခြင်းများကို ခွင့်မပြုစေရေး ၊ သက်မှတ်ရည်ညွှန်းဈေးနှုန်းထက် ကျော်လွန်၍ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ ဈေးကွက်အတွင်း ညွှန်ကြားချက်နှင့်အညီ ဖြစ်သင့်ဖြစ်ထိုက်သည့် လက်လီ ဈေးနှုန်းဖြင့် ရောင်းချစေရေးစသည့် ညွှန်ကြားချက်များအား ကျောက်ဆည်ခရိုင်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လက်လီ/လက်ကား ကိုယ်စားလှယ်များအား ခေါ်ယူ၍ ညွှန်ကြားချက်များအား ချပြဆွေးနွေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်(၄၁)ဦးအား သိရှိကြောင်းလက်မှတ်များ ရေးထိုးစေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ဒေါ်အေးရင်ဟင်းခတ်မှုန့်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် ဇူလိုင်လ(၁၈)ရက်နေ့တွင် မြစ်သားမြို့ ၊ ရွှေသူဌေးရပ်ရှိ ဒေါ်အေးရင်ဟင်းခတ်မှုန့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များပြည့်စုံစွာ ပါဝင်မှုရှိစေရေး ၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို ကျောက်ဆည်မြို့နယ်  စည်ပင်သာယာရေးအဖွဲ့ နှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ တွင် ကျော်ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့်၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စားသောက်ဆိုင်အားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

  ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၈)ရက်နေ့တွင်  ပြင်ဦးလွင်မြို့ ပေါ်ရှိ ရွှေပြည့်စုံလက်ဖက်ရည်ဆိုင်နှင့်ခိုင်ခိုင်ကျော်ထမင်းဆိုင်များအား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည် ။ ထို့သို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန် ၊ အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန် ၊ ဝန်ထမ်းများ ကျန်းမာရေး‌ဆေးစစ်မှုများ ခံယူရန်၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ အသိပေးပြောကြားရန် နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား ၊ အရွယ်အစား (Size)ပမာဏအလိုက် စျေးနှုန်းအား ပွင့်လင်းမြင်သာစွာကြိုတင်အသိပေးဖော်ပြထားရန်စသည်တို့အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်MOBဘဏ်ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးရေးအသိပညာပေးဟောပြောဆောင်ရွက်

         တိုင်းဦးစီးမှူးရုံးတွင် MOB ဘဏ်ဝန်ထမ်းများအား စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏ အကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီမှ MOB  ဘဏ်ဝန်ထမ်းများအား စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးဆောင်ရွက်လျက်ရှိရာ(၁၇.၇.၂၀၂၅)MOBဘဏ်ဝန်ထမ်းများအားအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့မှုအကြောင်း၊ စားသုံးသူကာကွယ်ရေး၏အဓ္ဓီပါယ်၊ စားသုံးသူပြည်သူများရပိုင်းခွင့်ရှိသောစားသုံးသူအခွင့်အရေး(၈)ချက်နှင့်စားသုံးသူ၏တာဝန်များအကြောင်း၊စားသုံးသူနစ်နာပါကတိုင်းကြားနိုင်ရန်(www.doca.gov.mm)တွင်ဖြစ်စေ၊စားသုံးသူရေးရာဦးစီးဌာန(FaceBook)တွင်ဖြစ်စေတိုင်ကြားနိုင်ခြင်း၊ConsumerCallCenter(1535)တွင် ဖြစ်စေ တိုင်ကြားနိုင်ကြောင်းအထူးဟောပြောခဲ့ကြောင်း သိရပါသည်။ 

(DOCA ဧရာဝတီ)

အ.ထ.က ကျောင်း၌ ကျောင်းမုန့်ဈေးတန်းကွင်းဆင်းစစ်ဆေးခြင်း

         မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းသား/ကျောင်း သူများအား ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာဖော်ပြထားရှိသော ကုန်စည်များရောင်းချမှုရှိ/ မရှိစစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသောမုန့်များ အားရောင်းချခြင်းမပြုရန်၊ Mask တပ်ဆင်ကြရန်၊ လက်အိတ်များဝတ်ဆင်ကြရန် အစားအသောက်များအား အဖုံးအအုပ်များ ဖုံးအုပ်ထားရှိရန် တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍  အချက်များအား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချမှုပြုရန် စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံနှင့်စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊အမှတ်(၄)ရပ်ကွက်ရှိဝင်းဝင်းတောက် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုး တွင်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်ဦး အ.ထ.က တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား  စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အများပြည်သူတစ်ရပ်လုံး သိရှိလိုက်နာစေရေး နည်း လမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ ယခုလိုကျောင်းဖွင့်ရာသီ၌လည်း ကျောင်းသား/ ကျောင်းသူများ ကျောင်းပညာရေးအပြင် အခြားအသိပညာဗဟုသုတများ သိရှိစေရေးအတွက် (၃.၇.၂၀၂၅) ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ကျောင်းမုန့်ဈေး ရောင်းချသူများအား စားသုံးသူကာကွယ်အကြောင်း အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် အခြားပြင်ပ ဗဟုသုတများကိုလည်း သိရှိစေနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ယခုလိုလာရောက် ဟောပြောဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ငယ်ရွယ်သူများဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုပြုရမည်ဖြစ်ပါကြောင်း၊ ကျန်းမာမှသာ မိမိတို့သည် ကျောင်းပညာများနှင့် အခြားပညာရပ်များကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ စားသုံးကြရန်၊ အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူစား သောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ နေရာများနှင့် ဌာန၏ Call Center No.1535 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအား တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့် အသိပညာဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသားမိဘ(၇၀)ဦး၊ ဆရာ/ဆရာမ(၇)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် (MyRO)နှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊  Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာသတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များ ကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၁၃.၇.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)သည် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာ (MyRO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းမှ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့် ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့်နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့်စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-MyRO )အား အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက်သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့် ထုတ်ပြန်ပြီး(၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လကုန်ပြီး(၇)ရက်အတွင်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆန်စပါး လုပ်ငန်းလုပ်ကိုင်နေသော သူများအနေဖြင့် MyRO တွင် အချိန်မီမှတ်ပုံတင်နိုင်ရေး၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့နှင့် နောက်ပိုင်းတွင် မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါ၍ သတ်မှတ်ထားသည့် ပမာဏများကို သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် MyRO တွင် မှတ်ပုံတင်ကြရန်လိုအပ်ပါကြောင်းနှင့် ဆန်စပါးသိုလှောင်ရုံများ  မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်း အဆင့်ဆင့်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

မြင်းခြံမြို့ရှိ စိုးမိုးအောင် ပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းထွန်းဦး(ဦးစီးမှူး) နှင့် ဝန်ထမ်းများသ ၁၄-၇-၂၀၂၅ ရက်နေ့၊(၀၉:၀၀)နာရီအချိန်၌ မြင်းခြံမြို့၊ အမှတ်(၁၈)ရပ်ကွက်ရှိ စိုးမိုးအောင် ပဲကြော်လုပ်ငန်းသို့သွားရောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ မြန်မာဘာသာဖြင့်ထည့် သွင်းဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန် တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ကြောင်းသိရှိရသည်။

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲ ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ကျန်းမာရေးနှင့် ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်း ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စိုးမိုးအောင်ပဲကြော်အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉)၏ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ရေးသားဖော်ပြရမည့်အချက်များအား အသိပညာပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ ချိုတူးပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ၁၄-၇-၂၀၂၅ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၌ မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ချိုတူးပဲကြော်လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန်တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲ ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါ ရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ချိုတူးပဲကြော်အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉))၏ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ရေးသားဖော်ပြရမည့် အချက်များအား အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး) 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ