Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းဘူးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးမြင့်ကြည်နှင့်ဝန်ထမ်းများသည် စားသုံးသူများဘေးကင်း လုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက် ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/မရှိတို့ကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိ သည့် အမှတ်တံဆိပ်ပါ စားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး မင်းဘူးမြို့နယ် တာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့ပေါ်ရှိ "ဖြိုး" ကလေးအသုံးအဆောင်ကုန်စုံဆိုင်၌ ကလေးတစ်ကိုယ်ရည် သုံးပစ္စည်း KODOMOအမှတ်တံဆိပ်အား ကုန်ညွှန်းအမှတ်အသားများစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် တာဝန်ခံ သည် (၁၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း၍ မင်းဘူးမြို့ပေါ်ရှိ "ဖြိုး" ကလေးအသုံးအဆောင်ဆိုင်အားသွားရောက်၍ ကလေး တစ်ကိုယ်ရည်သုံး ပစ္စည်း အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

            ထိုသို့စစ်ဆေးရာတွင် ကလေးငယ်များဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက် အတွင်းရောင်းချသော ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် KODOMO(baby cream) KODOMO(baby powder) အစရှိသည့် ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းအမျိုးမျိုး တို့တွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ စည်ပင်ဈေးအတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန် မှုဖြင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဠာန်းချက်များအား သိရှိလိုက်နာ‌‌ဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟု တားမြစ်ထားသော ကုန်စည်များရောင်းချမှု ရှိ/ မရှိတို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ စည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေ သော အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/မရှိ တို့အားစစ်ဆေးခဲ့ရာ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များ အားသက်တမ်းလွန်နေသော စားသောက်ကုန်များ၊ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော စား သောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုမရှိသော ကုန်စည်များ အား ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်ရှိ “သင်း”ပဲကြော် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးတို့က ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ ဝင်များသည် “သင်း” ပဲကြော်၊ ပဲလှော်နှင့် အကြော်စုံလုပ်ငန်းပိုင်ရှင်နှင့် အလုပ်သမားများအား (၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီး မှူး ဦးစောမောင်က မီးဘေးလုံခြုံကာကွယ်ရေးအသိပညာပေး ဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာရှော့(စ်) မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ မီးကို မပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက် အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

          ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် စားသုံးသူ‌ရေးရာဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးတို့က “သင်း”ပဲကြော်၊ ပဲလှော်လုပ်ငန်းအတွင်းရှိ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသော မီးငြိမ်းသတ်ရေး ပစ္စည်းများ ပြည့်စုံကောင်းမွန်ခြင်းရှိ/မရှိ၊ မီးလောင်လွယ်စေသော လောင်စာများ ရှိ/ မရှိ၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ တပ်ဆင်ထားရှိသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ/မရှိ နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိတို့ကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု) ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာ နက် ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝ ကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ချောက် မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်‌ ပေးနေသည့် လုပ်ငန်းများ အား (၈.၁၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် MPT  Fiber Internet Service လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်များအား ကွင်းဆင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူ လွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခ နှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာ အော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက် လိုင်း များ ပြတ်တောက်ပါက သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

          ချောက်မြို့ပေါ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်း (၄)ခုရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၌ Online ရောင်းချသည့် လုပ်ငန်းရှင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ ညနေ(၁၆:၀၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာဌာနခွဲမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မကွေးမြို့ပေါ်ရှိ “TZH” Bags & Fashion Shop နှင့် “မျိုး” အထည်ဆိုင်တို့အား မြေပြင်တွင် အမှန်တကယ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ စစ်ဆေးရာတွင် မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ပြီး Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများအား Online Sales လုပ်ငန်း မှတ်ပုံတင်လက်မှတ်များ စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ အတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့သို့ ကားဖြင့် စားအုန်းဆီပေပါများ ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

      တနင်္သာရီတိုင်း၊ မြိတ်မြို့အတွက် လိုအပ်သောစားသုံးဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် (၅.၁၁.၂၀၂၅)ရက်နေ့တွင် Yadanarbone Global Network Distribution ကုမ္ပဏီမှ ခွဲတမ်းဖြင့်ဝယ်ယူ၍ ရရှိသော စားအုန်းဆီ ပေပါ(၄၇)ပေပါကို ယာဉ်အမှတ် 4S-8645 ဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် မြိတ်မြို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ရောက်ရှိလာသောစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်နှင့် သယ်ယူပို့ဆောင်ကုန်ကျစရိတ်များဖြင့် ဆီအရောင်းကိုယ်စားလှယ်မှ လက်လီဆိုင်များသို့ ဖြန့်ဝေ ရောင်းချပေးမည်ဖြစ်ကြောင်းထိုမှတစ်ဆင့် လက်လီအရောင်းဆိုင်များမှ ပြည်သူများသို့ ပြန်လည် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံ ဒေါ်တင်တင်လှနှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မကွေးမြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် စားသုံးသူများ နေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှု များကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ စျေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာ ဘာသာဖြင့် ဖော်ပြ ထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ၊ တရားမဝင် တင်သွင်းလာသော စားသုံးဆီများကို ဆိုင်တင်ရောင်းချခြင်းမပြုရန် အသိပညာပေး ဟောပြောဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့၌ စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေး ကွင်းဆင်းဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ သည် စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါဝင်စေရေးအတွက် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ရေခဲစက်ရပ်ရှိ “ထွန်းအောင်လှိုင်” ပဲကြော်နှင့် ရွာသစ်ရပ်ကွက်ရှိ “မသက်သက်နှင့်ညီမများ” ပဲကြော် လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ပုဒ်မ (၄၁) ကုန်အညွှန်းအမှတ်အသား ဖောပြခြင်းနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေ‌ရေးနှင့် လုပ်ငန်းရှင်၏အခက်အခဲများအားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ “မယ်နု”မြေပဲဆီ/ နှမ်းဆီ လုပ်ငန်းရှင်မှ ကုန်အမှတ်တံဆိပ်ပြုလုပ်ရန် လာရောက်လျှောက်ထားရာတွင် အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံရုံး၌ (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၄၅)အချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော “မယ်နု” မြေပဲဆီ/နှမ်းဆီ လုပ်ငန်းမှ ကုန်အမှတ်တံဆိပ် ပြုလုပ်ရန် လာရောက်လျှောက်ထားလာသည့် လုပ်ငန်းရှင်အား မကွေး ခရိုင်တာဝန်ခံမှ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် မကွေးခရိုင်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စားသုံး သူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၎င်းအချက်အလက်များမှ ပုဒ်မခွဲ (ခ)ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေး ချက်တို့အား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ တွဲလျှက်ဖြစ်စေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း အသိပညာပေးဆွေးနွေးရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ