Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီး၌ စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ( ၁၄.၆.၂၀၂၄) ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်ကြီးများအား စားအုန်းဆီများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/ မရှိ ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပုဇွန်(၂)ကောင်အမှတ်တံဆိပ်စားအုန်းဆီအားစစ်ဆေးခဲ့ပြီး စားအုန်းဆီဗူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များပါဝင်ခြင်းရှိ/ မရှိ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာ၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၃.၆.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ ဒေါ်မဲလှကုန်စုံဆိုင်နှင့် မန်ခိန်ရပ်ကွက်ရှိ Two Boy ကုန်စုံဆိုင်သို့လည်းကောင်း၊ ၁၄.၆.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်အတွင်းရှိ ဒေါ်နီနီရွှေကုန်စုံဆိုင်သို့လည်းကောင်း သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Golden Bee (ရွှေပျား) အမှတ်တံဆိပ်ပါ ရွှေပျားနို့ကွက်ကီး၊ Fire Dragon အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည်နှင့် Ve Ve အမှတ်တံဆိပ်ပါ သံပုရာအချိုရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချ ခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက် (အ.မ.က) မြို့သစ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၃.၆.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက် (အ.မ.က) မြို့သစ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။  စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လက်ရှိအချိန်တွင် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းတာဝန်များကို ဦးစွာပထမဟောပြောရှင်းလင်း၍ စားသုံးသူတိုင်းရယူခွင့်ရှိသော စားသုံးသူအခွင့်အရေး (၈)ချက်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာရွေးချယ်ဝယ်ယူအသုံးပြု စားသုံးကြစေရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်မှုများကိုဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းနွယ်နှင့် ဆရာ/ ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတို့ တက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၁၄.၆.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ပိုင်(စတိုး)ဆိုင်သို့ သွားရောက်၍  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်း ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် SPEED အမှတ်တံဆိပ်ပါ အားဖြည်အချိုရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းစသည့် ဖော်ပြချက်တို့ကို ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စတိုး ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာသိကောင်းစရာများ၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းတို့ကိုပါ အသိပညာပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

                                               

ပေါင်မြို့နယ်တွင် ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် (၁၂.၆.၂၀၂၄) ရက်နေ့တွင် သက်ဆိုင်ရာအဖွဲ့များနှင့်  ပူးပေါင်း၍ မုတ္တမကျေးရွာရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိအားကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပေါင်မြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက်သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိကြောင်း သိရှိရသည်။

DOCA(မွန်)

ထားဝယ်အထူးစီးပွားရေးဇုန် ၅/၂၀၂၄-၂၀၂၅ MC နှင့် OSSC အစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual ဖြင့် တက်ရောက်

      ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ (၁၄)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ၅/၂၀၂၄-၂၀၂၅ MC နှင့် OSSC အစည်းအဝေးအား ရန်ကုန်ထားဝယ်အထူးစီးပွားရေးဇုန်(ရုံးချုပ်)မှ Online Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     ပထမပိုင်း OSSC အစည်းအဝေးတွင် MC ဥက္ကဋ္ဌမှ ထားဝယ်အထူးစီးပွားရေးဇုန် ဆောင်ရွက်နေသည်များကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး OSSC အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များမှလည်း တစ်ဦး ချင်းဆွေးနွေးခဲ့ပါသည်။

    ဒုတိယပိုင်း MC အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ MC ဒု-ဥက္ကဋ္ဌမှ လုပ်ငန်းများကို ရှင်းလင်း ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အထွေထွေကိစ္စများကို တင်ပြဆွေးနွေးခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌမှ ရှင်းလင်းဆေးနွေးခြင်းများ ပြုလုပ်ခဲ့ကာ MC အတွင်းရေးမှူးမှ ၄/၂၀၂၄-၂၀၂၅ အစည်းအဝေးဆုံးဖြတ်ချက်များအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ၅/၂၀၂၄-၂၀၂၅ အစည်းအဝေးဆုံးဖြတ်မည့်အချက်များအား တင်ပြခဲ့ပါသည်။ ဆက်လက်၍ MC ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြာားခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂း၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

         

ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်

   (၁၄.၆.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်း၌ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဉ္ဇာစိုးက အသိပညာပေး  (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံဦးအောင်မျိုးဦးက စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၂၃) တွင် ပြဌာန်းထားသည့် တားမြစ်ချက်များအကြောင်း၊ အဆိုပါတားမြစ်ချက်များကိုဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ အကြောင်းအရာများအားအကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

    အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းရှင်းလင်းပွဲအခမ်းအနားကို  ၁၄.၆.၂၀၂၄ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ စီမံကိန်းကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

     စီမံကိန်းအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၃၈၄)သန်းဖြင့် ရှမ်းပြည်နယ်အတွင်းတွင်ရှိသည့် ကျေးရွာ(၃၂)ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းတွင် လုပ်ငန်းစဉ်(၁၂)ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် ပြည်နယ်ကြီးကြပ်မှုကော်မတီဥက္ကဌအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဥက္ကဌအဖြစ်ဆောင်ရွက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပအိုဝ်း/ဓနု)များမှ တာဝန်ရှိသူများမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။ ပြည်နယ်/ခရိုင်အဆင့် ကြီးကြပ်ရေးကော်မတီ တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ကြောင်းသတင်းရရှိပါသည်-

(က) ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စား၏ စီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာစေရန်။

( ခ )   ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်။

( ဂ )   အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်သူများ ဝင်ငွေတိုးပွားစေရန်။

(ဃ)    ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင် စေရန်။

( င )   အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုတက်လာစေရန်။

( စ )   ဘိန်းအစားထိုး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်။

DOCA(ရှမ်း)

ချောင်းဆုံမြို့နယ်တွင် ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အာမခံပေးခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပြုလုပ်

     (၁၃.၆.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုခန်းမ၌ ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အာမခံပေးခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်ဝင်းဝင်းချောက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ချောင်းဆုံမြို့နယ်တာဝန်ခံဒေါ်ထက်ထက်နွေဦးမှ ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အာမခံပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ်ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက်များအကြောင်း၊  ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကုလသမဂ္ဂ၏စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်များရည်ရွယ်ရေးဆွဲမှုဆိုင်ရာသိ ကောင်းစရာများ

     ကမ္ဘာ့ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများမှ စားသုံးများ၏ အကျိုးစီးပွားနှင့်လိုအပ်ချက်များကိုစဉ်းစား၍ နိုင်ငံများအား ၎င်းတို့၏ စားသုံးသူများကို အကာအကွယ်များနှင့်အကူအညီများ ပေးနိုင်ရန်ရည်ရွယ်၍ လမ်းညွှန်ချက်များ ရေးဆွဲခဲ့ပါသည်။ စားသုံးသူများ၏ လိုအင်ဆန္ဒများနှင့်အညီ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှုပုံစံများကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် လျှင်မြန်ချောမွေ့စေရန်၊ စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူး ရာင်းချသည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ၏ ကိုယ်ကျင့်တရားမြင့်မားရေးအတွက် အားပေးဆောင်ရွက်ရန်၊ နိုင်ငံများအနေဖြင့်စားသုံးသူများအပေါ် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုဖြစ်စေသည့် အလွဲသုံးစားပြုလုပ်သော စီးပွားရေးအလေ့အထများကို နိုင်ငံအလိုက်နှင့် အပြည်ပြည်ဆိုင်ရာ အဆင့်တို့တွင် ထိန်းချုပ်နိုင်စေရန်၊ လွတ်လပ်သောစားသုံးသူ အုပ်စုများ ဖွံ့ဖြိုးတိုးတက်မှု လျှင်မြန်ချောမွေ့စေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ဆောင်ရွက်မှု ပိုမိုဖြစ်ပေါ်စေရန်၊ စားသုံးသူများမှ ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရွေးချယ်ဝယ်ယူနိုင် မည့်ဈေးကွက်အခြေအနေများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးနိုင်စေရန်၊ စဉ်ဆက်မပြတ် စားသုံးမှုဖွံ့ဖြိုးတိုးတက်နိုင်စေရန်၊ စားသုံးသူများအနေဖြင့် ဈေးနှုန်းစီစစ်၍ဝယ်ယူနိုင်စေရန်၊ အခွင့်အရေးမညီမျှမှုများမရှိစေရန်၊ဘေးအန္တရာယ်မရှိသည့် ထုတ်ကုန်များရရှိစေရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး၊လူမှုရေးနှင့် ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းမှုရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာလမ်းညွှန်ချက်များအား ရည်ရွယ်ရေးဆွဲခဲ့ကြောင်း သိရှိရပါသည်။

ကိုးကားချက်-ကမ္ဘာ့ကုလသမဂ္ဂ၏စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာလမ်းညွှန်ချက်များစာအုပ်

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ