Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ၌ ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

      မကွေးတိုင်းဒေသကြီး၊ ‌ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဌာနဆိုင်ရာများစုပေါင်း၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

          ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားအုန်းဆီသုံးစွဲမှုလျော့ချရေးနှင့် ဒေသတွင်းမြေပဲဆီ၊ နှမ်းဆီသုံးစွဲစေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေလင်းဦးက “သဘာဝဘေးဆိုင်ရာသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျေးရွာနေပြည်သူစုစုပေါင်း (၇၀)ဦးတက်‌ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အထက်တန်းကျောင်း (ခွဲ)၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျောင်းသား/ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

    ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက မူးယစ်ဆေးဝါးအန္တရာယ်နှင့်သမိုင်းကြောင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဥပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သောအစားအစာများ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူသူအောင်က “စနစ်တကျအမှိုက်စွန့်ပစ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

     ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မေးခွန်းများမေးမြန်း၍ ဗလာစာအုပ်ချီးမြှင့်ပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ ကွမ်း၊ ဆေးလိပ်အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကိုကြည့်ရှုခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

    ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များနှင့် ကျောင်းသား/ ကျောင်းသူများ၏ အတန်းအလိုက် စာကြည့်တိုက်အသုံးပြုမှုအချိန်ဇယားအားကြည့်ရှုကာ စာအုပ်/ စာစောင်များစနစ်တကျထားရှိမှုစနစ်နှင့် လိုအပ်သည့် စာအုပ်၊ စာစောင်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

တောင်းတွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန်နှင့် ကုန်ပစ္စည်းများဝယ်ယူသုံးစွဲကြရာ၌ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားခွင့်၊ တရားစွဲဆိုပိုင်ခွင့်များအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနက လူငယ်များမူးယစ်ဆေးသုံးစွဲခြင်း၏ဆိုးကျိုးနှင့် ဆေးလိပ်သောက်ခြင်း၏ ကျန်းမာရေးဆိုးကျိုးအကြောင်းကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ၊ ဌာနဆိုင်ရာအကြီးအကဲ (၁၅၅)ဦးတက်ရောက်‌ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၄) သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်

      ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၂၄)အား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီးတို့နှင့်အတူ စားသုံးသူ‌ရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးမှ တက်‌ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်‌ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်‌ရေးကော်မတီ (ဒုတိယဥက္ကဋ္ဌ) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးခြင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များက ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌမှ ဆွေးနွေးခြင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ် ရေးကော်မတီ အတွင်း‌ရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၃း၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင် ဆန်စပါးကုန်သည်အသင်းဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

      ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်တွေ့ ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံခဲ့ရာတွင် ဆန်စပါးကုန်သည်အသင်းမှ ဆန်စပါးဈေးနှုန်းနှင့် ပတ်သက်၍ မျှတစွာဆောင်ရွက်ရေး၊ ဆန်စပါးများသိုလှောင်ဈေးဖြင့် ‌ရောင်းချမှုမရှိစေရန် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ ဆန်စပါးလက်ကျန်၊ ဆန်စီးဝင်မှုတို့အား စာရင်းဇယားမှန်ကန်တိကျစေရေး ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ရေးကိစ္စများကို ဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အိုးလုပ်စျေးရှိ စားသောက်ကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ အိုးလုပ်စျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုမျိုး အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

    အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ စားအုန်းဆီများရောက်ရှိ

    ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့၊နံနက် (၉း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီ ၄၆ ပေပါ (သို့) ပိဿာ ၅၀၆၀ သည် ရန်ကုန်မြို့မှ 4F-4536 မော်တော်ယာဥ်ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ ဆောင်ရေးသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆန်တန်(၇၀၀)ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှု အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့နှင့် (၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တို့မှ  MV-ရတနာထိန်လင်း ရေယာဉ်၊ MS-ပြည့်ဖြိုးအောင်(၉) ရေယာဉ်တို့ဖြင့် ဆန် အိတ်များ သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့်  (၁၉.၆.၂၀၂၄) ရက်နေ့တွင် MV-ရတနာ ထိန်လင်း ရေယာဉ်ဖြင့် ဆန်တန်(၅၅၀)၊ အိတ်ရေ(၁၁၀၀၀)နှင့် MV-စန္ဒီ(၁) ရေယာဉ်ဖြင့် ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်စေရေး ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၃-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်၊  ဘူးသွတ်ဆီများကုန်အညွှန်းအမှတ်အသား၊ FDA ၏ထောက်ခံချက်မပါဝင်သော ဘူးသွတ်ဆီများကို ဈေးအတွင်း ရောင်းချခြင်းမပြုကြရန်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ပြဋ္ဌာန်းချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ အိမ်သုံးဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်  လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ အိမ်သုံးဆေးဆိုင်များ၌ ခွင့်ပြုချက်မရှိသောဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ အိမ်သုံးဆေးဆိုင် (၂)ဆိုင်၌ရောင်းချနေသော အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများအား ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ