Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Goat Milk အမှတ်တံဆိပ် အလှကုန်ပစ္စည်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ  Goat Milk အမှတ်တံဆိပ် ကိုယ်တိုက်ဆပ်ပြာ အလှကုန်ပစ္စည်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် Goat Milk အမှတ်တံဆိပ် ကိုယ်တိုက်ဆပ်ပြာ အလှကုန်ပစ္စည်းများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော ထုတ်ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်တမ်းကုန်ဆုံးနေသော ကုန်စည်များကို ရောင်းချ ခြင်းမပြုရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

 

အွန်လိုင်းရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  (၁၇-၆-၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မော်လမြိုင်မြို့မှ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ဖြင့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ  လုပ်ကိုင်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်လျှောက်ထားမှုအဆင့်ဆင့်၊ လိုအပ်သော စာရွက်စာတမ်းပြင်ဆင်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Anchorဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၉.၆.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ နတ်ကြီးကုန်း (ဗမာပိုင်း) ရပ်ကွက်ရှိ Ocean (ပင်လယ်စာဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့်ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ CP အမှတ်တံဆိပ်ပါ ကြက်သားလုံးသည် အေးခဲအစားအစာ အမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား အခြားကုန်စည်အမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၇.၆.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ Happy (ကုန်စုံဆိုင်)သို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မိုဂု မိုဂု အမှတ်တံဆိပ်ပါ စပျစ်သီးအရသာဖျော်ရည်သည် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အ ညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်စည်အမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချဖြန့်ဖြူးခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

အအေးခန်းလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  (၁၇-၆-၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မော်လမြိုင်မြို့၊ ခရွမ်းရှမ်းရွာမှ “ကိုး”အအေးခန်းလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်လျက်ရှိရာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ “ကိုး” အအေးခန်းလုပ်ငန်း၏ အအေးခန်းတည်ဆောက်ထားရှိမှု အခြေအနေ၊ ဝန်ဆောင်မှုပေးခြင်းများ၊ အအေးခန်းတွင် လက်ရှိကုန်သိုလှောင်ထားရှိမှုများ၊ ကြုံတွေ့ရသောအခက်အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးရာ အအေးခန်းလုပ်ငန်းရှင်က “ကိုး” အအေးခန်းကို (၂၀၁၆) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် အအေးခန်း (၆) ခန်းတည်ဆောက်ပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် အအေးခန်း၌ ငရုတ်သီးခြောက်၊ ငါးခြောက်နှင့် အေးခဲသောအသားများကိုသိုလှောင်ထားကြောင်း၊ ဝန်ဆောင်ခအနေဖြင့် တစ်နေ့လျှင် တစ်ပိဿာသိုလှောင်ခ (၄) ကျပ်နှုန်းဖြင့် ဝန်ဆောင်ခပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သား (၄) ဦးကို အလုပ်အကိုင်ပေးနိုင်ကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မွန်)

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များ စားအုန်းဆီရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များတွင် လက်လီ၊ လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များတွင် လက်လီဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်နိုင်ရေးနှင့် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဇွန်လ (၁၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်၊ စားအုန်းဆီ ကိုယ်စားလှယ်ဆိုင်နှင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ ဘုရားလမ်းရပ်ကွက်၊ လက်ခိုက်ကျေးရွာ၊ ဆပုဂံကျေးရွာရှိ လက်လီ၊ လက်ကားစားအုန်းဆီကိုယ်စားလှယ် ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှု အခြေအနေနှင့် ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေးအတွက် လက်လီ၊ လက်ကားရောင်းချသည့်ဆိုင်များအား သတ်မှတ်ခွဲတမ်းများ ခွဲဝေချထားပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား မိမိတို့ဒေသအရောက် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းအမှန်တကယ် ရောင်းချခြင်း ရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့အနေဖြင့်လည်း ကုမ္ပဏီအလိုက် ရောင်းချပေးသည့် လက်လီ၊ လက်ကားဆိုင်အမည်စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးတို့ကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ကြေငြာပေး လျက်ရှိကြောင်း အသိပညာ ပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ် အခြေခံပညာမူလတန်း ကျောင်း အမှတ်(၁)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာမူလတန်း ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇွန်လ(၁၄)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများဖြစ်သော စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံစေနိုင်မှု၊ လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေနိုင်မှု၊ သတင်းအချက်အလက်ပြည့်စုံစွာရရှိစေနိုင်မှု၊ လွတ်လပ်စွာရွေးချယ်စေနိုင်မှု၊ နစ်နာဆုံးရှုံး မှုများအတွက် ပြောဆိုတင်ပြကြားနိုင်စေမှု၊ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးပေးနိုင်စေမှု၊ စားသုံးသူ ရေးရာကိစ္စရပ် များနှင့်ပတ်သက်၍ သင်ယူလေ့လာနိုင်စေမှု၊ ကောင်းမွန်ရှင်သန်နိုင်သော ပတ်ဝန်းကျင်ကို ရရှိစေနိုင်မှုစသည့် စားသုံးသူအခွင့်အရေးဆိုင်ရာအချက်များ၊ စားသုံးသူတာဝန်များ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်၍ အာမခံချက် ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာအချက်များထဲမှ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မခွဲ(က) ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

 

“ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်၌ စားအုန်းဆီ အရောင်းဆိုင်များတွင် စားအုန်းဆီလက်လီ၊ လက်ကားရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်တွင် စားအုန်းဆီရောင်းချပေးလျက်ရှိသော ကုန်ခြောက်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ သတ်မှတ်ဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်အရောင်းဆိုင်များတွင် ရောင်းချနေသောစားအုန်းဆီနှင့်ပတ်သက်၍ သုံးခွမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများဈေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ သတ်မှတ်ဈေးနှုန်းဈေးနှုန်းအတိုင်း ဈေးကွက်အတွင်း အမှန်တကယ် ရောင်းချနေခြင်း ရှိ/မရှိနှင့် ဝိသမလောဘဇောဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်သိုလှောင်ထားရှိခြင်းများ၊ မသမာသည့်နည်းလမ်းဖြင့် လုပ်ဆောင်မှုမပြုလုပ်ကြရန်နှင့် လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆီအရောင်းကိုယ်စားလှယ်ကိုလည်း သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ဖြန့်ဖြူးရောင်းချပေးရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စနစ်သစ်ဖြင့်ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

       ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်းယာဉ်ရပ်နားစခန်းသို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ယာဉ်မောင်း ဦးချစ်ကို၊ ယာဉ်အမှတ် (4B/9723၊ Nissan Diesel) မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော Kaung Hlyan New Asia ကုမ္ပဏီမှ (စနစ်သစ်)ဖြင့် တင်ပို့‌‌‌ရောင်းချသည့် စားအုန်းဆီ (၁)ပေပါလျှင် (၁၁၀) ပိဿာပါ၊ စားအုန်းဆီ (၆၆) ပေပါသည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဦးစီမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ (၆၆) ပေပါအား ကုမ္ပဏီ၏ လက်ကား အရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင်(၁၄)ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေ‌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဂန့်ဂေါမြို့နယ်၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည်  စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ (၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆဲမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကြိုတင်သတိပေးချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဆက်လက်ဆွေးနွေးပြီး ကုန်စုံဆိုင်တွင် သက်တမ်းလွန်အစားအသောက်များရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ