Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆက်သွယ်ရေး ဝန်ဆောင်မှုဦ အွန်လိုင်းငွေကြေး လိမ်လည်မှု  နှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများ သည်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၂.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာဝန်ထမ်းများအား  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန့်မတွင် ဆွေးနွေး အသိပညာပေးခဲ့ပါသည်။

    ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဌာနဆိုင်ရာ ဝန်ထမ်းများကို စားသုံးသူကာကွယ် ရေးဥပဒေတွင် ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ခေါ်ဆိုတာဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူအပေါ် အာမခံ ချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် (သို့မဟုတ်) ဝန်ဆောင်မှု ပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှတောင်း ဆိုပိုင်ခွင့်ရှိကြောင်းနှင့် စားသုံးသူအခွင့် အရေးကိုလည်းကောင်း၊ တာဝန်များကိုလည်းကောင်း အွန်လိုင်းငွေကြေး လိမ်လည်မှုများ နှင့်စပ်လျဉ်း ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း ဌာနဆိုင်ရာဝန်ထမ်း ၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ရပ်ကွက်နေပြည်သူများကို စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၁၉-၉-၂၀၂၅ ရက်နေ့ နံနက်(၀၉:၄၀) အချိန်တွင် ညောင်တုန်းမြို့နယ် အမှတ်(၄)ရပ်ကွက် လက်လီဆီကိုယ်စားလှယ် ဦးမင်းသူဟိန်း အရောင်းဆိုင်မှ ၁၉-၉-၂၀၂၅ ရက်နေ့သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် စားသုံးဆီရောင်းချမှုအား သတ်မှတ်ချက် များနှင့်အညီ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တွင်း စားသုံးသူပြည်သူများ သက်သာ သော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန် ထုတ်ပေးသော စားအုန်းဆီများကို လက်လီ အရောင်းများမှ  အလေးချိန်၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ ၊ ဈေးနှုန်းမှန်ကန်မှု ရှိ/မရှိ ၊ လစဉ် ပုံမှန်ရောင်းချပေးမှုရှိ/မရှိ၊ ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း ဈေးဖြင့် တစ်အိမ်ထောင်လျှင် သတ်မှတ်ရက် ၁၀ရက်တစ်ကြိမ် ၃ကြိတ်ထုတ်ယူခွင့်ဖြင့် ၁ပိဿာ ၅၀ကျပ်သား အပြည့်အဝရောင်းချ ခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၂၂.၉.၂၀၂၅ ရက်နေ့တွင် အလုံမြို့နယ် ဆင်မင်းဈေးအတွင်းရှိ စူပါရှယ်ဆန်ဆိုင် နှင့် အောင်တံခွန် ဆန်ဆိုင်တို့အား (၉:၃၀) အချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက်စစ်ဆေးခဲ့ကြပြီး လိုက်နာမှု မရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ခံရမည်ဖြစ် ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့  အခြေခံပညာအထက်ကျောင်း အ.ထ.က-၂ ကျောင်း တွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က ကျောင်းကျန်းမာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

    ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် ၅ရပ်ကွက်ရှိ အ.ထ.က-၂ကျောင်းမုန့်ဈေးတန်းတွင်  ရောင်းချနေသော ကျောင်းမုန့်ဈေးတန်း ရောင်းချနေသော မုန့်များကို ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်း၊ တားမြစ်ကုန်စည်များရောင်းချမှု ရှိမရှိ စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များ ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော ဆိုင်ရှင်များနှင့် မုန့်ဈေးတန်းကြီးကြပ်ရေးအဖွဲ့ဝင်များကို အစားအသောက် ဝယ်ယူရောင်းချရာတွင် လိုက်နာရမည့် ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့်ဈေးတန်းများ ပေါ်ပေါက်လာစေရန် ကျောင်းမုန့်ဈေးတန်းရှိ တာဝန်ရှိသူများကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်က ရှင်းလင်း စစ်ဆေးခဲ့ပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ တို့ပူးပေါင်း ပါဝင်ခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

သိန်းဦးဆိပ်ကမ်း နှင့် Htoo (KIP) ဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

        ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂၀.၉.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းနှင့် ထူး(KIP) ဆိပ်ကမ်းအား အကောက် ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များဖြစ်သည့် ကြက်စာ၊ ကုန်မျိုးစုံ၊ ကြက်သွန်နီအိတ်၊ ခေါက်ဆွဲခြောက်ဖာ၊ ဆန်အိတ်၊ ကော်ဖီမစ်၊ လက်ဖက်ခြောက်၊ ဆပ်ပြာဖာ၊ အချိုရည်ဖာများအား  ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ကမ်းရိုးတန်းသွား ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းအား ကွင်းဆင်းစစ်ဆေးခဲ့

         ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁၉.၈.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်း အဖွဲ့များဖြင့်ပူးပေါင်း၍ ရေယာဉ်များ တွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

 

တိုက်ကြီးမြို့နယ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုနှင့်အတူ စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ (၁၈.၉.၂၀၂၅) ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်သို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ဈေးနှုန်း/ ဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဝယ်ယူဈေးထက်သယ်ယူပို့ဆောင်ခပါ ပေါင်း၍ သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပါကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိပါကြောင်း၊ ပစ္စည်းများကို ဝယ်ယူသူအားလုံးကို ရောင်းချပေးနေပါကြောင်းနှင့် အခြားအိမ်ဆောက်ပစ္စည်းများလည်းပြတ်လပ်မှု မရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း

           စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၁၉.၉.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်မှစ၍ အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ် ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ ကျင်းပခဲ့ ပါသည်။

          စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးခင်မောင်စိုးက ပြောင်းလဲတိုးတက်လာသည့် နည်းပညာများနှင့် Social Media များ စနစ်တကျ သုံးစွဲခြင်း အကျိုးကျေးဇူးများ၊ လူငယ်များအနေဖြင့် မိမိတို့ရည်မှန်းထားသည့် ပန်းတိုင်အား ဇွဲ၊ လုံ့လ၊  ဝီရိယဖြင့် ကြိုးစားသွားကြရန်နှင့် လူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာများ ကို အသိပညာပေးဟောပြောပြီး ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာကျောင်းသား/ ကျောင်းသူ (၅)ဦးမှ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်မျိုးချစ် စိတ်ဓါတ်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီအချိန် တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သီးနှံများ၏ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲ

       (၁၉.၉.၂၀၂၅) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သီးနှံများ၏ ပန်းတိုင် အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

     အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥက္ကံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ပြီး ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဌ ဦးသူအောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ဦးခင်မောင်စိုးမှ သီးနှံများ၏ ပန်းတိုင်အထွက် နှုန်းရရှိစေ ရေးအတွက် သွင်းအားစုများဖြန့်ဖြူးထားမှုအခြေအနေအား တောင်သူများသို့ ဆွေးနွေး ပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအုန်းကျော်နှင့် ဒေါ်သင်းသင်းစိုး တို့မှ သီးနှံများ ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေး နည်းလမ်းများ ရှင်းလင်းတင်ပြခြင်း တက်ရောက်လာသော သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းများရရှိရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ ရသော အခက်အခဲများ တင်ပြခြင်းနှင့်တက်ရောက်လာသော သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ (၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် စားသုံးဆီကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍(၂၀.၉.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၁၅;၃၀) နာရီက အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော  စားသုံးဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်းမပြုကြရန်၊  စားအုန်းဆီဖြန့်ဖြုးမှုနှင့် ပတ်သက်ပြီး၊ မှတ်တမ်း(၆)မျိုး ဖြစ်သော မှန်(၆)မှန်အား ရှင်းလင်းအသိပေးခြင်း၊ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ထုတ်ပေးရာတွင် အကြိမ်ရေမှန်ကန်အောင်ရောင်းချပေးနိုင်ရေး၊ အရည်အသွေး အလေးချိန် မှန်ကန်အောင်ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြရန်၊ ရောင်းချမှုအားမှတ်တမ်း ထားရှိဆောင်ရွက်ကြရန်၊ စားအုန်းဆီလက်လီ၊ လက္ကားရောင်းချသောလုပ်ငန်းရှင်များသို့  အသေးစိတ် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ