Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ မတ်လ ၁၁ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များသို့သွားရောက်ကွင်းဆင်းကာ ကုန်စည်ကိုရွေးချယ်ဝယ်ယူသုံးစွဲရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိမှတ်ဖွယ်ရာလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

                                     

ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၂၀၂၄ခုနှစ်၊ မတ်လ ၁၃ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် အမှတ်(၃)ရပ်ကွက်၊ ကန့်ဘလူမြို့ရှိ ကောင်းသာ KBU သောက်ရေသန့်စက်ရုံသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

      ရေသည် လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေသည်။ လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ သောက်ရေသန့်ဘူးများပေါ်တွင် ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားများမှာ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှုးရှိ/မရှိ ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။  သောက်ရေသန့်ရရှိရန်အတွက် ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး အလေးထားဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့သည်။

      ဆက်လက်၍ နေ့စဉ်သောက်ရေသန့်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအခြေအနေများကိုလည်းကောင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေကိုလည်းကောင်း၊ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်းနှင့် ကုန်ကြမ်းပစ္စည်းများပြတ်လပ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

မုံရွာခရိုင်ဦးစီးမှူးရုံး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံသည် (၁၁-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝေက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို “ပဋိဇီဝဆေးအန္တရာယ်ဘေး အစားအစာမှ ဖယ်ရှားပေး” ဆောင်ပုဒ်ဖြင့် ၂၀၁၆ခုနှစ်၊ မတ်လ(၁၅) ရက်နေ့မှစတင်၍ကျင်းပခဲ့ကြောင်း၊ နှစ်စဉ် မတ်လ (၁၅) ရက်နေ့ရောက်ရှိတိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များသတ်မှတ်၍ကျင်းပခဲ့ကြောင်း၊ ၂၀၂၄ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် ကျရောက် မည့်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”( Fair and Responsible AI for Consumers)  ဖြစ်ကြောင်းနှင့် ဆောင်ပုဒ်၏ ရည်ရွယ်ချက်များအကြောင်း၊   ဆောင်ပုဒ်တွင်ပါဝင်သော AI ၏ အဓိပ္ပါယ်အကြောင်း၊ AI ၏အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများအကြောင်းကိုပြောကြားခဲ့ပြီး လုပ်ငန်းရှင်များကလည်း မိမိတို့၏ ကုန်စည်/ ဝန်ဆောင်မှုများအား AI နည်းပညာဖြင့် စားသုံးသူများအား အကျိုးပြုစေရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ဝန်ထမ်း(၁၀)ဦးတက်ရောက်ခဲ့ပါသည်။

   အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ “နေရှိုင်း” အမှတ်တံဆိပ် မက်မန်း (Plastic Pack ) အား ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ကိုင်း - မန္တလေးလမ်း၊ စိန်ကုန်းရပ်ကွက်၊ စစ်ကိုင်းမြို့ရှိ ‘Banner Mini Mart’ မှ ဈေးကွက်နမူနာကောက်ယူခဲ့သော အစားအသောက်နမူနာများအနက် နမူနာ(၁)မျိုးဖြစ်သည့်“နေရှိုင်း” အမှတ်တံဆိပ် မက်မန်း(-Plastic Pack)မှာ နေပြည်တော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဓာတ်ခွဲအဖြေအရ ဓာတုသတ်မှတ်ချက်များကိုက်ညီမှုမရှိကြောင်းနှင့် အမှတ်တံဆိပ်ပေါ်တွင် အသားတင်အလေးချိန်ဖော်ပြခြင်းမရှိ၍ အမှတ်တံဆိပ်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသဖြင့် ရောင်းချခြင်းမပြုရန်၊ အသိပညာပေးရန်၊ ခံဝန်ရေးထိုးရန်၊ ဖျက်ဆီးရန် စစ်ကိုင်းခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီသို့  အကြောင်းကြားလာမှုအား  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ မတ်လ ၁၁ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စစ်ကိုင်း-မန္တလေးလမ်း၊ စိန်ကုန်းရပ်ကွက်၊ စစ်ကိုင်းမြို့ရှိ ‘Banner Mini Mart’ သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     အဆိုပါအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ “နေရှိုင်း” အမှတ်တံဆိပ် မက်မန်း (- Plastic  Pack ) အား ရောင်းချနေသည်ကို စိစစ်တွေ့ရှိရ၍ အဖွဲ့စုံ၏ ရှေ့မှောက်တွင် ဆိုင်တာဝန်ခံအား ထပ်မံရောင်းချခြင်းမပြုရန်နှင့် ထပ်မံရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူခံရမည်ကိုသိရှိကြောင်း ခံဝန်ကတိလတ်မှတ်ရေးထိုးစေခဲ့ပါသည်။ ရောင်းချနေသော “နေရှိုင်း” အမှတ်တံဆိပ် မက်မန်း(-Plastic Pack ) အမျိုးအမည် (၁၄)မျိုး၊ အထုပ်ရေ (၉၇)ထုပ်၊ တန်ဖိုး (၉၇၀၀၀)ကျပ်ကိုသိမ်းဆည်းခဲ့ပြီး အဖွဲ့စုံ၏ရှေ့မှောက်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူထံအပ်နှံခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ မတ်လ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ မင်းကြီးတံဆိပ်ကိတ်/ပေါင်မုန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ စင်ရွှင်တံဆိပ်ကိတ်/ပေါင်မုန့်လုပ်ငန်းများသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် မင်းကြီးတံဆိပ် ကိတ်မုန့်/ပေါင်မုန့်နှင့် စင်ရွှင်တံဆိပ် ကိတ်/ပေါင်မုန့်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ "ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း" နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  လုပ်ငန်းတွင်အသုံးပြုသေ ာစက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလမ်းညွှန်ချက်များကိုလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ရှမ်း)

မြိတ်မြို့အတွင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

   ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်သော ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ နံနက် (၀၉း၃၀)အချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သော ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ဖြင့် မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သင်တန်းသား/ သူများအား စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးအတွက် သိသင့်သိထိုက်သောဗဟုတုသရရှိစေရန် အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူများတွင် အခွင့်အရေး(၈)ချက်ရှိကြောင်းနှင့် စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အစားအသောက်/ ထုတ်ကုန်သင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများအတွက် မှတ်ပုံတင်များ ပြုလုပ်ပေးနေကြောင်းပြောကြားခြင်းနှင့် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ အစားအသာက်စားသုံးရာတွင် ဘေးကင်းစေရန်လိုက်နာ ဆောင်ရွက်သင့်သည့်အချက်များနှင့် စားသုံးရန်မသင့်သော အစားအသောက်များအား FDA  website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သင်တန်းသား/ သူ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြား

     စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အများပြည်သူသိရှိစေရန်နှင့် ပိုမိုထိရောကသော အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ကို ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ခုနှစ်၊ ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သုံး သူအခွင့်အရေးများနေ့ အခမ်းအနားတွင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဒီနှစ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်ဖြစ်သော မျှတ အလေးမူတာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု (Fair and Responsible AI for Consumers)နှင့် ပတ်သက်၍ နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ  စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် AI နည်းပညာများကို တွင်ကျယ်စွာ အသုံးပြုလာကြရာ  စားသုံးသူပြည်သူများအတွက် များစွာအ ထောက်အကူပြုလျက်ရှိပါကြောင်း၊ သို့သော်  မသမာသောနည်းလမ်းဖြင့် အဆိုပါနည်းပညာကို အသုံးချပြီး စားသုံးသူပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်နစ်နာစေရန်လည်း အသုံးပြုလာသည်ကို ယနေ့ခေတ်တွင် မြင်တွေ့ ရကြောင်း၊ ယနေ့အခမ်းအနား၏ ဆောင်ပုဒ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ စားသုံးသူပြည်သူအားလုံး စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာများကို သိရှိထားရန်နှင့် မိမိပတ်ဝန်းကျင်တွင် လက်ဆင့်ကမ်းမျှဝေအသိပေးရန် အထူးအရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပြည်နယ်စားသုံးသူရေးရာ ကော်မတီအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ပစ္စည်းအရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင် နေသည့် စီးပွားရေးလုပ်ငန်းရှင်းများကို လစဉ် အသိပညာပေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် လူဦးရေ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ချင်း)

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီးတက်ရောက်

    ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

     ရှေးဦးစွာ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်း အမှတ်နှင့် ပတ်သက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အစီအစဉ်အရ ကရင်ပြည်နယ် စားသုံးသူရေးရာ ကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကျင်းပရခြင်း ၏ရည်ရွယ်ချက်နှင့် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ အကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားအနေဖြင့်  Video Clip များ ပြသခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းနှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခြင်း စသည့် အခမ်းအနားအစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

     ထို့နောက်  ခင်းကျင်းပြသထားသော စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးရန်သင့်သောအစားအစာများ၊ သောက်သုံးရန် မသင့်သော ဆေးဝါးများ၊ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက လှည့်လည် ကြည့်ရှု့ လေ့လာခဲ့ကြပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို နေ့လယ် (၁၁:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားတွင်  (၆၅) ဦး တက်ရောက်ခဲ့ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International)မှ ယခုနှစ် ထုတ်ပြန်ထားသည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ  “မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”      (Fair  and Responsible AI For Consumers) ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

                                                                                                                                                                                                  

ဟင်္သာတမြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ဟင်္သာတမြို့နယ် ၊ ပဒေသာဈေးအတွင်းရှိ ဆေးဆိုင်များအား (၁၁.၃.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ