Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်စက်လုပ်ငန်းရှင်များနှင့်အရန်ဆန်ထားရှိရေး တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ဆန်စက်လုပ်ငန်းရှင် (၁၀) ဦး နှင့် ၂၄.၁.၂၀၂၄ ရက်နေ့တွင် သာယာဝတီခရိုင်၊လက်ပံ့တန်းမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ပဲခူးတိုင်းဒေသကြီးအတွင်း အရန်ဆန်သိုလှောင်ထားရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များ ၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်သုံးစွဲနိုင်ရန်နှင့် အခြားလိုအပ်ချက်များကို လှူဒါန်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရာ အစည်းအဝေးတွင် ခရိုင်ဦးစီးမှူးဦးသန်းစိုးမှ အမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြဆောင်ရွက်သွားမည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း ၊ တက်ရောက်လာကြသော ဆန်ကုန်သည်ကြီးများမှ အရန်ဆန်ထားရှိနိုင်ရန်အတွက် ဆန်သိုလှောင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

“ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်ကျေးရွာများတွင် လက်လီ/ လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များတွင် လက်လီဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်ရန်အတွက်  ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ခေတ္တစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းဇော်မင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့မစည်ပင်ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စည်ပင်လမ်းပြည်တော်သာရပ်ကွက်၊ စားအုန်းဆီကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ ဘုရားလမ်းရပ်ကွက်၊ လက်ခိုက်ကျေးရွာ၊ စာပုဂံကျေးရွာရှိ လက်လီ/ လက်ကားရောင်းချနေသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များ၏ စားအုန်းဆီရောင်းချနေမှုအခြေအနေနှင့် ကော့မှူးမြို့နယ် အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းမှန်ကန်စွာ အခက်အခဲမရှိဘဲ ဝယ်ယူစားသုံးနိုင်ရေးအတွက် လက်လီ၊ လက်ကားရောင်းချသည့်ဆိုင်များအား သတ်မှတ်ခွဲတမ်းများ ခွဲဝေချထားပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအနက် မိမိတို့ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက် အတွင်း အမှန်တကယ်ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်းတည်ငြိမ်စေရေးအတွက် လုပ်ငန်းအဖွဲ့ကလည်း ကုမ္ပဏီအလိုက်ရောင်းချပေးသည့် လက်လီ/ လက်ကားဆိုင်အမည်စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းတို့ကိုလည်း စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီက အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုခရိုင် (၁/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

             (၉.၁.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ  ဓနအောင် (အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့်ကုန်မာဆိုင်)ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၁၂.၁.၂၀၂၄)ရက်နေ့တွင် ရွှေဘို မြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ အေးမေတ္တာ (ဆန်နှင့်ဆီအမျိုးမျိုး) ရောင်းဝယ်ရေးလုပ်ငန်းရှင်၊   အမှတ် (၆) ရပ်ကွက်ရှိ ရွှေဖီညွန့် (လက်ဖက်နှင့်ဆီရောင်းဝယ်ရေး) လုပ်ငန်းရှင်နှင့် အမှတ် (၅) ရပ်ကွက်ရှိ ဉဒေါင်းမင်း ဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စုစုပေါင်း စီးပွားရေး လုပ်ငန်းရှင် (၄) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့် ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားအုန်းဆီများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့ကိုဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်  ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့၊ နေ့လယ်(၀၂:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များ၊ ကုန်စုံဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်းဆေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့်ကုန်စုံဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူ ပြည်သူများ၏ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီအမျိုးမျိုးတို့ကိုဖြန့်ဖြူးရောင်းချရာတွင် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောစားသုံးဆီများ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့အား မိမိတို့၏ဆိုင်များတွင် လုံးဝဖြန့်ဖြူးရောင်းချခြင်းမပြုစေရေးနှင့် အခြားသောစားသောက်ကုန်ပစ္စည်းများတွင်လည်း သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးရှင်းလင်းပြောကြားခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့ကိုဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့၊ နေ့လယ် (၁၀:၃၀) နာရီအချိန်တွင် ကမာကဆစ်ကျေးရွာ၊ စည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်၊ ကုန်စုံဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး လစဉ်၊ လတိုင်း စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ်၊ ကမာကဆစ်ကျေးရွာ၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မိမိတို့ဈေးဆိုင်များရှိ စားသုံးဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းနှင့်ကိုက်ညီသော ကုန်ပစ္စည်းများနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ဂန့်ဂေါမြို့အတွင်း ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး ကွင်းဆင်းတွေ့ဆုံဆောင်ရွက်ပေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၂၄-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်လာစေရေးအတွက် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ “ရှန်ဘဲလား” သောက်ရေသန့်လုပ်ငန်းရှင်ထံသို့သွားရောက်၍ ကုန်အညွှန်းအမှတ်တံဆိပ်ပြည့်စုံစွာ ပါဝင်လာစေရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       ဆွေးနွေးရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း တို့ကို သိရှိလိုက်နာကြစေရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း ၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များကို ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)

 

ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၁၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် ပုဇွန်တံဆိပ် စားသုံးဆီအား ဈေးကွက်အတွင်း ရောင်းချရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မဈေးကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍သော်လည်ကောင်း၊ (၂၂-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် “တော်ဝင်” အမှတ်တံဆိပ် သစ်သီးယိုစုံများကို ဈေးကွက်အတွင်းရောင်းချမှုရှိ /မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မဈေးကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍သော်လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။        

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းသည်  ကုန်ပစ္စည်းမျိုးစုံရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကိုစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်  တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဘားအံမြို့၊ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများအား ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဝင်များက ကွင်းဆင်းစစ်ဆေး

    ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဝင်များသည် ဘားအံမြို့၊ အခြေခံပညာကျောင်းများရှိ‌ ကျောင်းမုန့်ဈေးတန်းများတွင်ရောင်းချနေသော စားသောက်ကုန်များအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် (၂၆-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်၌ ဘားအံမြို့၊ အ-ထ-က (၂) နှင့် အ-ထ-က (၄) ကျောင်းများသို့ အဖွဲ့စုံဖြင့်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများ၌ရောင်းချနေသော စားသောက်ကုန်များမှာ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ တားမြစ်ဆိုးဆေးများသုံးစွဲထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်မုန့်များရောင်းချနေခြင်းရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်၊၊

   စစ်ဆေးရေးအဖွဲ့တွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော အဖွဲ့စုံဖြင့် ပူးပေါင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ကရင်)

စာထား အခြေခံပညာမူလတန်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၅-၁-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု၊ စာထား အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    စားားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာ၌ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ အချိုရည်အမျိုးမျိုးတို့တွင် တားမြစ်ထားသော အန္တရာယ်ရှိသည့်ဓာတုဆိုးဆေးများအကြောင်း၊ တချို့သောမုန့်မျိုးစုံတို့တွင် မပုပ်မသိုးအောင် အထားခံသည့် ဖေါ်မလင်ဟုခေါ်သော တာရှည်အထားခံဆေး၏ ဘေးအန္တရာယ်များအကြောင်း၊ ပလပ်စတစ်နှင့် ပလပ်စတစ်ဖော့ဘူးများကို တာရှည်အသုံးပြုပါက ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအကြောင်းတို့ကို ရုပ်ပုံကားချပ်နှင့် နမူနာပစ္စည်းများဖြင့်လည်းကောင်း ခင်းကျင်းပြသကာ အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၃၉)ဦးနှင့် ဆရာမ(၄)ဦး၊ စုစုပေါင်း (၄၃)ဦးတက်ရာက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

အုတ်ဖိုမြို့နယ်ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန  ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ် ကွေ့ချောင်း   ရပ်ကွက်  ၊ ကွေ့ချောင်းလမ်းရှိ ဝင်းနောင်ဆန်စက်သို့ ( ၂၂.၁.၂၀၂၄ ) ရက်နေ့  ၊ နံနက် ( ၁၀:၀၀ ) နာရီ အချိန်တွင်   ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊ စားသုံး / ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် ဝင်းနောင် ဆန်စက်ပိုင်ရှင် ဦးခင်မောင်ချိုနှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း( ၁၈ )ပါ ကုန်စည်များပေါ်တွင်  ကုန်အညွှန်းအမှတ်  အသား‌ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်   သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရန်၊  ဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည် အသွေး ရှိခြင်း ၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ