Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့နယ်၊ (၉)ရပ်ကွက် အ.လ.က ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား     စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

        ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဘိုကလေးမြို့နယ် (၉) ရပ်ကွက် အ.လ.က ကျောင်းရှိ ဆရာ/ဆရာမ (၁၉)ဦး၊ ကျောင်းသား/သူ (၁၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးမှ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ဓာတုဆိုးဆေးများအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း ၊ ဈေးကွက်ရောက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များအကြောင်း ရှင်းလင်းဟောပြောအသိပညာပေးခဲ့ပါသည်။ ထို့အပြင် ကျန်းမာရေးနှင့်ညီညွတ်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Center များ ဖွင့်လှစ်ထားရှိကြောင်းနှင့်သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနများသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းစသည့် အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တောင်တွင်းကြီးမြို့နယ်၊ ဂွေးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးသည် (၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသောက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးများကို ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဂွေးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲစာသင်ခန်းမ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးက စားသုံးသူကာကွယ်ရေးဥပ‌ဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာနှင့် ပုဒ်မ (၄၃)အရ ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှလည်း “နွယ်၊ မြက်၊ သစ်ပင်၊ ဆေးဖက်ဝင်” ဆိုသော ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှလည်း လူငယ်ရေးရာစည်းကမ်းချက်များနှင့် ကိုယ်လက်ကြံ့ခိုင်လေ့ကျင်းခန်းများပြုလုပ်လေ့ကျင့်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

အမှတ်(၁)ရပ်ကွက်၊နန္ဒဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ကျိုက်လတ်မြို့နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ၊နံနက် (၁၁:၀၀) နာရီ အချိန်တွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍အမှတ်(၁)ရပ်ကွက်၊ နန္ဒဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ၊ဆရာမ (၅) ဦး၊ ကျောင်းသား/သူ(၁၃၀) ဦး၊စုစုပေါင်း (၁၃၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉) ပါစားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊တွဲဖက်မစားသင့်သော အစားအစာများ အကြောင်း၊ အချိုရည်နှင့် ဓာတုဆိုးဆေးများ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ ဈေးကွက်ရောက် ကုန်စည်များတွင် FDA ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာ(သို့မဟုတ်) တခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော အစားအသောက်များကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး-ဦးစိုးမင်းထိုက် ဦးဆောင်မှုဖြင့် ဒေးဒရဲမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၁၁) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် အမှတ်(၁) ရပ်ကွက်ရှိ ပြည်သူများအားစားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒုခရိုင်မှူး-ဦးစိုးမင်းထိုက် မှ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉) ပါစားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်းနှင့် ဈေးကွက်ရောက်ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် FDA ထောက်ခံချက်များပါ ကုန်စည်များနှင့် မြန်မာဘာသာ(သို့မဟုတ်) အခြားဘာသာ တစ်ခုထက်ပို၍ ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်စည်နှင့် ဆေးဝါးများအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကုစားနိုင်ခွင့်ရှိခြင်းနှင့် စိတ်ကျေနပ်မှု မရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm သို့လည်းဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း နှင့် Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုအပေါ် သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို (၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့ပါသည်။

 အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုချိုဝင်းက “ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်ဆုဆုဇင်က “ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့်ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်တွယ်တာသက်ဝေက “ရေချိုသယံဇာတ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ပါသည်။

         အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁၂)အခြေခံပညာမူလတန်းအောင်မြေကျောင်းမှ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကျိုက်လတ်မြို့၊ မြို့မဈေးကြီး အတွင်းရှိ ကုန်စုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ကျိုက်လတ်မြို့နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ၊နေ့လည်(၁၃:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့၊မြို့မဈေးကြီး အတွင်းရှိ ကုန်စုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါအရောင်းဆိုင်များ၌ ရောင်းချနေသည့် အချိုရည်အမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြနိုင်ရေး၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁)(၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပြည့်စုံစွာ ဖော်ပြနိုင်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိ၊သက်တမ်းလွန် အချိုရည်များရောင်းချခြင်းရှိ/မရှိ၊ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သံတွဲမြို့၊ ကျောင်းတိုက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

  ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ ၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် သံတွဲခရိုင် ၊ သံတွဲမြို့ ကျောင်းတိုက်ကျေးရွာ၊ အ-မ-က တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန နှင့် ခရိုင် FDA တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲတွင် သံတွဲမြို့ ကျောင်းတိုက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း  မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ယဉ်ယဉ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ၊ သံတွဲခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းနိုင်က စားသုံးသူ၏အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းဟောပြောပြီး ဒေါ်ခင်ပြည့်စုံ (အငယ်တန်းစာရေး)က ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းပစ္စည်းနမူနာများဖြင့် ပြသဟောပြောပြီး ၊ ခရိုင် FDA မှ ဦးအောင်ကျော်သူ (ဒုကြီးကြပ်ရေးမှူး) က အစားအသောက်များနှင့် ဆိုးဆေးအန္တရာယ်များ ၊ စစ်ဆေးများသုံးစွဲမှုအန္တရာယ်များအကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး ၊ ကျောင်းသား ၊ကျောင်းသူများအား စားသုံးသူကာကွယ်‌ရေး  လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ကြို့ပင်ကောက်မြို့မဈေး(၂) အတွင်း ဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ မြို့မစျေး (၂) အတွင်းရှိ ကုန်စုံဆိုင် (၁၀) ဆိုင်အား (၄.၁၂. ၂၀၂၃) ရက်နေ့ နံနက်ပိုင်း မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သည် စားအုန်းဆီခွဲတမ်းရရှိသည့် ဆီများအားရောင်းချရာတွင် သတ်မှတ်ဈေးထက် ကျော်လွန်မရောင်းချရန် အလေးချိန် မှန်ကန်စွာရောင်းချပေးရန် ပြောကြားပြီး ပါကင်ပိတ်ဆီဘူးများအား ၁/၂၀၂၁ ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါသည့် ဆီဘူးများပင် ရောင်းချရန်ကို အသိပညာပေးပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများ အတက်အကျအခြေအနေများ သိရှိနိုင်ရန်ကိုလည်း ကွင်းဆင်း ဈေးကွက်စောင့်ကြည့်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူးတိုင်း)

ကံမမြို့နယ်၊ ‌ရေနံ့သာကျေးရွာ၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည် (၃-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသောကုန်စည်များကို ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉အခန်း (၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များအား မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသေးစိတ် ရှင်းလင်းအသိပညာပေးပြောကြားခဲ့ပြီး ဥပဒေနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း(ပြည်တော်သာ)၌ အသိပညာပေးဟောပြောပွဲကျင်းပ

  မကွေးတိုင်းဒေသကြီး၊ ‌ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း (ပြည်တော်သာ) ၌ (၆-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

   ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက“စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ပါစေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “သုံးစွဲရန်မသင့်သောဆေးဝါးများနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့်ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ညိမ်းညိမ်းအေးက “ရေချိုသယံဇာတအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

 ထို့နောက် လူငယ်ရေးရာအသိပညာပေး‌ဟောပြောပွဲသို့ တက်ရောက်‌ဟောပြောခဲ့သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မိုးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်သား/ ကျောင်သူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၅၆)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ အစားအသေက်ဆိုးဆေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိတ္တဗလနှင့် မိတ်ဆွေကျင့်ဝတ်အကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး  ကလေးများအား ပုံပြင်ပြောပြခြင်းအစီအစဉ်များလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ