Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြတ်ကြယ်စင်အမှတ်တံဆိပ်ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)အတွင်းရှိ မြတ်ကြယ်စင်အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်အား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြတ်ကြယ်စင်အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြထားပြီး ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းစဉ်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက်စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းရှင်အား သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်နှင့်ထောက်ခံချက်များကို ပုံမှန်သက်တမ်းတိုးရန်၊ လုပ်သားများ၏တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် စက်ရုံသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဈေးများ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် အနောက်ပိုင်းခရိုင်အတွင်းရှိဈေးများဖြစ်သော လှိုင်မြို့နယ်၊ အုတ်ကျင်းဈေး၊ လှိုင်ရတနာဈေးနှင့် လှိုင်ဈေးကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဈေးတို့တွင် စားသုံးဆီများ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်းများ သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီရောင်းချသောဆီကိုယ်စားလှယ်များအား ဝယ်ရင်းဈေးထက် (၂) ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့် စားသုံးသူလက်ဝယ်သို့ရောင်းချရန် အသိပညာပေးဟောပြောခဲ့ပြီး ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူးမျိုးစုံတို့၌ ပါရှိရမည့်အချက်များပါဝင်မှုရှိ/မရှိတို့ကိုကွင်းဆင်းစစ်ဆေး၍ ကုန်ပစ္စည်းရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များက စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို မဝယ်ယူမီအချိန်တွင် ကုန်ပစ္စည်း၏သတင်းအချက်အလက်များကို တိကျမှန်ကန်စွာအသိပေးပြောကြားပေးရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကန့်ဘလူမြို့နယ်တာဝန်ခံရုံးတွင် စားဖိုဆောင်သီးနှံများစိုက်ပျိုး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန် မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများစားဝတ်နေရေး အတွက် အထောက်အပံ့ဖြစ်စေရန် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ရာသီချိန်အလိုက် စားဖို ဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားကြောင်း သိရသည်။

          ထိုသို့စားဖိုဆောင်သီးနှံများကိုစိုက်ပျိုးရာတွင် ရာသီချိန်အလိုက်စိုက်ပျိုးလျက်ရှိရာ ယခုအခါ တွင် ခရမ်းပင် ၊ ခရမ်းချဉ်ပင် ၊ မုန့်ညှင်းရွက် ၊ ကြက်သွန်မြိတ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်နှင့် ပဲတောင့်ရှည် စသည်တို့ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိကြောင်း၊ ကိုယ်တိုင်စိုက်ပျိုးသည့်အတွက် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်မှလည်း ကာကွယ်ပြီးဖြစ်ကြောင်း၊ ချက်ပြုတ်စားသုံးရာတွင်လည်း လတ်လတ်ဆတ်ဆတ် စားသုံးရသည့်အတွက် ကျန်းမာရေးအတွက်လည်းအထောက်အကူ ပြုကြောင်း၊ ဆက်လက်၍ ရာသီအလိုက်စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများထုတ်ပေးလျက်ရှိ

    ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊  ဟော်တယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ၁ ပိဿာလျှင် ၅၉၅၀/၆၀၇၅/၆၁၅၀/ ကျပ် ၊ ဈေးနှုန်းများဖြင့် ကြည်မြင့်တိုင်မြို့နယ်ရှိ HTOO စားအုန်းဆီကန်များမှနေ၍ စီးပွားရေးလုပ်ငန်းရှင်များသို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ပထမပတ်အတွင်း နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်၌ နိုဝင်ဘာလကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်ဒေဝက ကော့မှူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်လက် အကောက်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ၏ အခက်အခဲများ အားလုံးကို ဌာနဆိုင်ရာများအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်သွားကြရန်  ကော့မှူးမြို့နယ်၏ အဓိကကျသော ဆောင်းသီးနှံသီးထပ်သီးညှပ်များကို အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်း နိုင်ရေးအတွက် မိုးစပါးသီးနှံရိတ်ဧက ၁၀၀၀၀ဧကကျော်ရိတ်သိမ်းခြွေလှေ့ပြီးဖြစ်ရာ ဆောင်းသီးနှံစိုက်ပျိုးမည့်တောင်သူများအနေဖြင့် အချိန်မီစိုက်ပျိုးနိုင်ရေး အဓိကကျသော သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ရပ်ကွပ်ကျေးရွာများအတွက် သတ်မှတ်ထားသော ဆောင်းသီးနှံလျာထားဧကများပြည့်မီအောင်စိုက်ပျိူးနိုင်ရေး တောင်သူများအား လိုအပ်သည့် မျိုးစေ့၊ ဓာတ်မြေဩဇာတို့ကို အလွယ်တကူဝယ်ယူနိုင်ရန် ချိတ်ဆက်ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နည်းပညာလိုအပ် ချက်များအား စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဖြေရှင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းဇော်မင်းက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအရေးကြီး၍ အထူးသတိရှိကြရန်လိုအပ်ကြောင်း၊ ထူးခြားမှုအခြေအနေများရှိပါက ချက်ချင်းသတင်း ပေးကြရန် တိုက်တွန်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

   ထို့နောက် တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လတ်တလောလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီဆိုင်များသို့ ဆီပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောက်ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၅.၁၂.၂၀၂၃ ရက်နေ့ နံနက် (၁၀:၅၀) မှစ၍ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီပြတ်လပ်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးခဲ့ရာတွင် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မင်္ဂလာဒုံ၊ လှိုင်သာယာ၊ တိုက်ကြီး၊ ဥက္ကံ၊ လှည်းကူး၊ မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိ စက်သုံးဆီဆိုင် (၁၅) ဆိုင်တွင် ရောင်းချလျက်ရှိသော 92, 95, HSD နှင့် PHSD ဆီပြတ်လပ်မှု ရှိ/မရှိကို မေးမြန်းခဲ့ပြီး ဆိုင်နာမည်ပါသောပုံ၊ ဆီထည့်ရန်ကားများတန်းစီနေပုံ၊ ဘောင်ချာစာရွက် နှင့်ဈေးနှုန်းဆိုင်းဘုတ်များကို ဓါတ်ပုံရိုက်ယူခဲ့ပြီး ဆီပြတ်လပ်မှုရှိလျှင် ဆီလက်ကျန် တိုင်းသည့်ပုံများကိုပါဓါတ်ပုံရိုက်ယူခဲ့၍ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ နေ့စဉ်ပေးပို့လျက် ရှိပါသည်။ ဆီဆိုင်များမှ မန်နေဂျာများကလည်း ဆီပြတ်လပ်မှု ရက်ကြန့်ကြာခြင်းမရှိရန် မနက်ပိုင်းပြတ်လျှင် ညပိုင်းဆီကားများအဝင်ရှိပါကြောင်းနှင့် လိုအပ်သည့် အချက်များလည်း အကြံပေးနိုင်ပါကြောင်း မိမိတို့ဌာနမှလည်း ကွင်းဆင်းရန် လိုအပ်သည့်အခါ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

“ ခရမ်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံ(ပဲတီစိမ်း)စိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေး ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ (ပဲတီစိမ်း) စိုက်တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျုံကန်ကျေးရွာ၊ ညောင်လန်းကျေးရွာနှင့် ခရမ်းမြို့ပေါ်ရှိ နှစ်ဟောင်းကြွေးကျန်များကိုပေးဆပ်ပြီးသော ဆောင်းသီးနှံ(ပဲတီစိမ်း) စိုက်တောင်သူ (၉၀) ဦးတို့အား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး ခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါဆောင်းသီးနှံ(ပဲတီစိမ်း) စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းအစီအစဉ်တွင် ခရမ်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ မြို့နယ်မန်နေဂျာက ချေးငွေထုတ်ချေးပေးရသည့် ရည်ရွယ်ချက်၊ ချေးငွေထုတ်ချေးပေးရာတွင် တောင်သူလယ်သမားများအနေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များနှင့် နှစ်ဟောင်းကြွေးကျန်မရှိသော တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)မူရင်းကိုတင်ပြနိုင်မှသာ ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ တစ်ဧကလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် မြို့နယ်အလိုက် ဧကလျာထားချက်အားလုံးကို အချိန်မီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်ကလည်း စားသုံးသူကာကွယ်ပေးရေး ဥပဒေပြဋ္ဌာန်းချက်များတွင်ပါဝင်သည့် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ စားသုံးသူများအနေဖြင့် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပြည့်စုံမှုရှိ/မရှိ သတိပြုဝယ်ယူသုံးစွဲရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ပါမုန်ကျေးရွာရှိ ငရုတ်စိုက်ခင်းအား ကွင်းဆင်းလေ့လာခြင်း

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးစိုင်းဟုန်ရှန်(ဒု-ကြီးကြပ်ရေးမှူး)သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ပါမုန်ကျေးရွာရှိ တောင်သူဦးနွဲ့ရှန်း၏ ငရုတ်စိုက်ခင်းသို့သွားရောက်၍ ငရုတ်စိုက်ခင်းဖြစ်ထွန်းနေမှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့ကိုလေ့လာခဲ့ပါသည်။

   တောင်သူဦးနွဲ့ရှန်း၏ ငရုတ်စိုက်ခင်းသည် (၅)ဧကခန့်ကျယ်ဝန်ပြီး ဩဂုတ်လတွင် စတင်ထွန်ယက်စိုက်ပျိုးကာ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းနေသောကြောင့် နိုဝင်ဘာလကုန်ပိုင်းမှစတင်၍ ဆွတ်ခူးနေသည်ကိုတွေ့ရပါသည်။ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၁၆)သိန်းခန့်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၁၀)သိန်းခန့်ရှိသည်ဟုသိရှိရပါသည်။ ယခုနှစ်တွင် ငရုတ်သီးစိမ်း (၁)ကီလိုလျှင် (၂၀၀၀)ကျပ်ဖြင့် စတင်ရောင်းချနေရကြောင်း တောင်သူများထံမှသိရှိရပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ငရုတ်ကို နှစ်စဉ် ဆောင်သီးနှံအဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသောသီးနှံများကို ဒေသတွင်းစားသုံးရန်နှင့် မိုင်းဖြတ်မြို့နယ်၊ တာချီလိတ် မြို့နယ်တို့သို့တင်ပို့ရောင်းချ၍ အကျိုးအမြတ်များဖြစ်ထွန်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM) ရှိ လုပ်ငန်းများ‌ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး နှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM)သို့ ရောက်ရှိခဲ့ပါသည်။

       ရှေးဦးစွာ အစည်းအဝေးခန်းမ၌ CTQM ရှိ ဌာနမှူးက လယ်ယာထွက်ကုန်သီးနှံများ စမ်းသပ်စစ်ဆေးလျက်ရှိသည့်   ဓာတ်ခွဲခန်းများ တည်ထောင်ထားရှိမှု၊ သီးနှံအမျိုးအစားအလိုက် စမ်းသပ်စစ်ဆေးပေးမှု၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်း ဖွင့်လှစ်ပို့ချပေးနိုင်မှု၊ သုတေသနလုပ်ငန်းဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်း လက်မှတ်ရရှိရေးကြိုးပမ်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဌာနမှူး၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ပစ္စည်းအရည်အသွေးတွင် အ‌ရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေး ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်လာစေရန် စဉ်ဆက်မပြက် လေ့ကျင့်သင်ကြားပေးရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီနှင့်ဆီထွက်သီးနှံ ဓာတ်ခွဲခန်း၊ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း၊ သီးနှံ(ဓာတု)ဓာတ်ခွဲခန်း၊ သီးနှံ(ရူပ)ဓာတ်ခွဲခန်း၊ မှိုဆိပ်ဓာတ်ခွဲခန်းနှင့် အဏုဇီဝပိုးဓာတ်ခွဲခန်းများသို့ လှည့်လည်၍ သီးနှံများဓာတ်ခွဲစမ်းသပ်နေမှုနှင့် စာကြည့်တိုက်တည်ထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်း (၁:၃၀) အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

      အဆိုပါ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)တွင် ဆီနှင့်ဆီထွက်သီးနှံ ဓာတ်ခွဲခန်း၊ ပိုးသတ် ဆေးကြွင်း ဓာတ်ခွဲခန်း ပိုးမွှားဓာတ်ခွဲခန်း၊ သီးနှံ(ဓာတု) ဓာတ်ခွဲခန်း၊ သီးနှံ(ရူပ) ဓာတ်ခွဲခန်း၊ မှိုဆိပ်ဓာတ်ခွဲခန်းနှင့် အဏုဇီဝပိုးဓာတ်ခွဲခန်းစသည့်ဓာတ်ခွဲခန်း(၇)ခု၌ သက်ဆိုင်ရာ လယ်ယာထွက်သီးနှံများကို စမ်းသပ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ITQM

ကျိုင်းတုံမြို့ရှိ မြတ်ကြယ်စင်အမှတ်တံဆိပ်ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)အတွင်းရှိ မြတ်ကြယ်စင်အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်အား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြတ်ကြယ်စင်အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြထားပြီး ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းစဉ်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက်စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းရှင်အား သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့်ထောက်ခံချက်များကို ပုံမှန်သက်တမ်းတိုးရန်၊ လုပ်သား များ၏တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် စက်ရုံသန့်ရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ