Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ ဈေးကားများဖြင့် စားအုန်းဆီများရောင်းချပေးနေမှုအား ကြပ်မတ်ဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်နှင့် ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်တို့သည် (၂၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် “သင်္ဂဟ” ဆီရောင်းဝယ်ရေးအနေဖြင့် ကုမ္ပဏီများမှဖြန့်ဖြူးသည့်စားအုန်းဆီများအား မုံရွာမြို့၊ ပြည်ထောင်စုဈေးသို့  ဈေးကားဖြင့် ရောင်းချပေးနေမှုကို စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

    ထိုသို့စိစစ်ကြပ်မတ်ဆောင်ရွက်ရာတွင် မုံရွာခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များထံသို့ဖြန့်ဖြူးပေးသည့် စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းကာ အမြတ် ၂ % ထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်များ၊ ဈေးများသို့ ဈေးကားဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသောအိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ တိုကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း၊ လူတန်းစေ့ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် တန်းတူညီမျှရောင်းချစေရန် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပွင့်ဖြူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ (ဒု-ဦးစီးမှူး) ဒေါ်ဌေးဌေးဝင်းသည် (၂၅.၄.၂၀၂၃)နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပွင့်ဖြူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၃)ဆိုင်အား  မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းလက်ကား ဈေးနှုန်းဖြင့် အမှန်တကယ်ရောင်းချမှု ရှိ/မရှိနှင့် အချင်အတွယ်များမှန်ကန်မှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် စက်သုံးဆီရောင်းချလျက်ရှိသော မြို့ပေါ်ရှိ “ရာစုသိန်း” စက်သုံးဆီဆိုင်၊ “Green Leaf” စက်သုံးဆီဆိုင်နှင့် “မင်းထက်ကြွယ်” စက်သုံးဆီ ဆိုင်ရှင်များအား သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချကြရန်၊ ဈေးနှုန်းများ ကိုလည်း အများပြည်သူများ သိရှိအောင် LED Board များတွင်ဖော်ပြပေးရန်၊ LED Board မရှိသော ဆိုင်များအား White Board ဖြင့် သိသာထင်ရှားစွာ နေ့စဉ်ရောင်းချသော ဈေးနှုန်းကိုဖော်ပြပေးရန်၊ အချင်အတွယ်အနေနှင့်လည်း (၁)လီတာ စံခွက်(သို့) (၂၀)လီတာ စံခွက်များထားရှိရန်နှင့် ဈေးနှုန်းများကို အများပြည်သူများမြင်သာအောင် ဖော်ပြပေးစေလိုပါကြောင်း၊ စက်သုံးဆီများကို ပေပါအလိုက်တဆင့်ပြန်လည် ရောင်းချမည့်သူများသို့ ရောင်းချခြင်းမပြုရန်၊ ဆီပြတ်လတ်မှုမရှိ စေရေးစီစဉ်ဆောင်ရွက်ထားရှိရန်၊ ရာသီဥတုပူပြင်းလာပြီဖြစ်၍ မီးဘေးအန္တရာယ် အထူးသတိပြု ဆောင်ရွက်ရန်၊ မီးသတ်ဆေးဗူးများထားရှိဆောင်ရွက်ရန်များကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
DOCA(မကွေး)

 

မကွေးမြို့၊ ကန်သာစျေး၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

            (၂၅.၄.၂၀၂၃) ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် မကွေးမြို့၊ ကန်သာစျေး၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့်အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်တားမြစ်ထားသော စားသောက်ကုန်များ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့်ဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/မရှိတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များကိုသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရပါမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လည်း မကွေးမြို့၊ ကန်သာစျေး၌ ရောင်းချနေသော (မျှစ်ချဉ်၊ မုန်လာချဉ်၊ ကတက်ချဉ်၊ လက်ဖက်၊ ငါးခြောက်၊ မုန့်ဟင်းခါးဖက်)တို့အား စားသုံးသူပြည်သူများ စားသုံးရန်၊ အသုံးပြုရန် သင့်/မသင့် ဓါတ်ခွဲခန်းသို့ ပေးပို့ဓါတ်ခွဲစမ်းသပ်ရန်အတွက် ကုန်ပစ္စည်းနမူနာ ဝယ်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အုန်းဆံကြိုးစက်ရုံရှိ လုပ်သားပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကျိုတ်လတ်မြို့နယ် တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည်      ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ ကားလမ်းဘေးရှိ   ဦးနိုင်လင်းအုန်းဆံကြိုးစက်ရုံရှိ လုပ်သားပြည်သူ(၆)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အတွက် တားမြစ်ချက်များဖြစ်သည့် သက်ဆိုင်ရာ ကုန်စည်၏သတင်းအချက်အလတ်၊ တံဆိပ်အမှတ်အသားပေါ်တွင် ဖော်ပြထားသောအခြေအနေ၊ အာမခံချက်၊ ထူးခြားချက်၊ အကျိုးသက်‌ရောက်မှု၊ အသားတင်အလေးချိန်၊ အရည်အသွေး၊ အဆင့်အတန်းစသည်တို့ ပါဝင်ရန်လိုအပ်ကြောင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအတွက် ငွေကြေးရင်းနှီးမြှပ်နှံမှု၊ လုပ်သားအင်အားအသုံးပြုမှု၊ စက်ယူနစ်သုံးစွဲမှု၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချမှု၊ ဈေးနှုန်းရရှိမှု၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းအပေါ် အကျိုးအမြတ်ရရှိမှု  အခြေအနေများနှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသော စားသုံးသူရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်၍ အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူများဘက်မှ နစ်နာဆုံးရှုံး မှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနတွင်  တိုင်ကြားနိုင်ကြောင်းနှင့် Call   Center  1535 မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လက်လီအရောင်းဆိုင်လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၇-၄-၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် နောင်နန်းရပ်ကွက်၊ လက်လီအရောင်းဆိုင်လုပ်ငန်းရှင် (၂) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်(၈)ချက်နှင့် စီးပွားရေးလုပ်ငန်ရှင်၏တာဝန်များဖြစ်သည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်‌ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းမှရှောင်ကြဉ်ခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှသာ ဈေးကွက်တွင် ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

Talk Showအစီအစဉ်ဖြင့်စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဆန်းလင်းမောင်သည် (၂၆.၄.၂၀၂၃)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးရေးအစီအစဉ်နှင့်ပြန်ကြားဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များအရ မိဘပြည်သူများအားကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှုပြုလုပ်ရာတွင် လိမ်ညာမှုများမဖြစ်စေရေး စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရပါသည်။

       သတိပြုရမည့်အချက်များဖြစ်သော မိမိဝယ်ယူမည့်ပစ္စည်းနှင့်ပတ်သက်သည့် ပြည့်စုံမှန်ကန်သော သတင်းများကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ Online Websiteများတွင် နာမည်ဂုဏ်သတင်းကောင်းမွန်သော Official Websiteကို ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ Online Shopping Page တွင်ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာနှင့်ဖုန်းနံပါတ်များအား မြေပြင်တွင်လက်တွေ့အသုံးချမှု ရှိ/မရှိ ကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ မိမိဝယ်ယူမည့် Online Shopသည် စားသုံးသူအများစု ယုံကြည်လက်ခံထားသော Online Shop ဟုတ်/မဟုတ်ကိုလည်း စိစစ်ရန်လိုအပ် ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၏ တရားဝင်ခွင့်ပြုထားသော Online Shop ဟုတ်/မဟုတ်လည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ လုံခြုံစိတ်ချရသောငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းဟုတ်/မဟုတ်၊ ယုံကြည်စိတ်ချရသော Online ရောင်းဝယ်သူများမှ Group ဖွဲ့ထားသော Online Shop Platformများနှင့် ချိတ်ဆက်ထားခြင်း ရှိ/မရှိ၊ Facebook Page တွင် Blue Mark အမှတ်အသားရရှိထားခြင်း ရှိ/မရှိနှင့် သုံးစွဲထားသောစားသုံးသူများ၏မှန်ကန်သော သုံးသပ်ချက် Review ကောင်းများရရှိထားခြင်း ရှိ/မရှိစသည့် အချက်များကို ကြည့်ရှုဝယ်ယူရန် လိုအပ်ပါကြောင်း၊  ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Online Shopလုပ်ငန်းရှင်များ ဘက်မှလည်း မိမိတို့ရောင်းချခဲ့သည့် ကုန်စည်နှင့်ဝန်ဆောင်မှုတွေနှင့် ပတ်သက်ပြီးမှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ ပေးဝေဖို့လိုအပ်ပြီး မိမိတို့လုပ်ငန်းရဲ့ ဂုဏ်သတင်းကောင်းမွန်ပြီး ရေရှည်တည်တံ့ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်ရဲ့ ကျင့်ဝတ်တွေကိုလိုက်နာပြီး မှန်ကန်တဲ့ဝန်ဆောင်မှု ပေးဖို့လိုအပ်ပါကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်းကို စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့ရသည့် အချက်များနှင့်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားစာပုံစံတွင် တိုင်ကြားသူ၏အချက် အလက်၊ စီးပွားရေးလုပ်ငန်းရှင်၏အချက်အလက်နှင့်တိုင်ကြားစာဖော်ပြချက်တို့ကို ဖြည့်သွင်းရန်လိုအပ်ပါကြောင်း စားသုံးသူများသိလိုသောမေးခွန်းများကို မေးမြန်းလိုပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ အသေးစိတ်အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

          စလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူမိဘပြည်သူ များအား Online Shopping နှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်၊ နစ်နာမှုများကြုံတွေ့ လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့်သတင်းအချက်အလက်များအား စဉ်ဆက်မပြတ် ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၇-၄-၂၀၂၃) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့၊ အမှတ် (၂) ရပ်ကွက်၊ မြို့မစည်ပင်သာယာဈေးတွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)  ဖွင့်လှစ်ထားရှိမှုနှင့်တိုင်ကြားပုံနည်းလမ်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်‌ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ စာသုံးသူပြည်သူ (၂၈) ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

ကရင်ပြည်နယ် ဘားအံမြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချ

    ကရင်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်း ချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ကရင်ပြည်နယ် စားသုံးဆီကုန်သည်ကြီးများနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

    ၂၇-၄-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက် စက်ပစ်ကွင်းတွင် နိုင်ငံတော်မှ ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးပေးသော စားအုန်းဆီများကို ကရင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ (ရည်ညွှန်းဈေး) ၁ ပိဿာ ၅ ထောင်ကျပ်နှုန်း၊ လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး အဆိုပါ စားအုန်းဆီများရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စေရေး၊ စားသုံးသူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ အလေးချိန် မှန်ကန် စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကရင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင်  အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် လူစည်ကားရာရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချ လျက်ရှိကြောင်း ကရင်ပြည်နယ်စားသုံးဆီကုန်သည်ကြီးများနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ  သတင်းရရှိပါသည်။

DOCA(ကရင်)

 

အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့တွင် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၂၇-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက် ဘားအံမြို့ရှိ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေသော ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ / မရှိတို့အား ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ငါးမုန့်အရသာ အမှတ်တံဆိပ်အထုပ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ လက်လီ/လက်ကား ရောင်းချနေသောကုန်စုံဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်တွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိသော ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချကြစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(ကရင်)

ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ(Talk Show) ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့

     ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၆-၄-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ အခွင့်အရေး အပြည့် အဝရရှိစေရန်နှင့် စားသုံးသူတို့၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ  (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

       ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုလည်းကောင်း၊ ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး စားသုံးသူ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန်နှင့် စားသုံးသူတို့၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ရန် အတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ကိုလည်း ဖွင့်လှစ်ထားလျက်ရှိကြောင်း၊ “ဘယ်လိုအခြေအနေတွေမှာ တိုင်ကြားနိုင်ကြောင်း”၊ “ဘယ်သူတွေက တိုင်ကြားနိုင်ကြောင်း”၊ “ဘယ်မှာတိုင်ကြားနိုင်ကြောင်း”နှင့် “ဘယ်လိုကိစ္စတွေကို ဖြေရှင်းဆောင်ရွက်မပေးနိုင်ကြောင်း”ကို ကုန်စည်နှင့် ဝန်ဆောင်မှု အမျိုးအစားအလိုက် အကျယ်တဝင့် ရှင်းလင်းဆွေးခဲ့ပြီး အခမ်းအနားကို (၁၁: ၀၀) နာရီ အချိန်တွင် ဆွေးနွေးပွဲ ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

 

           

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ